ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 14 October 2020
ပြည့်ဖြိုးအောင်

“ရွေးကောက်ပွဲကတောင် ပိုအရေးကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကတော့ အာဏာကိုပဲ ပိုပြီးတော့မှ အာဏာရဖို့ ပိုအရေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်နေပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က ရွှေ့စေချင်ပါတယ်။ တကယ်ရွှေ့ပေးချင်တဲ့စိတ်ရှိရင် UEC က တစ်ချက်ပဲ ဆုံးဖြတ်ရုံပါ”

COVID-19 ရောဂါကြောင့် ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းတစ်တိုင်းလုံး Stay at Home ကြေညာထားသည့်အတွက် မဲဆွယ်ကာလအတွင်း တွေ့ကြုံနေရသည့်အခက်အခဲများနှင့်ပတ်သက်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည့်အကြောင်းအရာများကို ဖော်ပြလိုက်ရပါသည်။ 

မေး  ရန်ကုန်မြို့မှာဆိုရင် COVID-19 နဲ့ပတ်သက်ပြီး Stay at Home တားမြစ်ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် ပါတီအသစ်အသစ်တစ်ခုအနေနဲ့ မဲဆွယ်စည်းရုံးမှုအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ   ပထမဦးဆုံးတော့ နိုင်ငံရေးပါတီအသစ်အနေနဲ့ ပထမဦးဆုံးဝင်တဲ့ ရွေးကောက်ပွဲဖြစ်တယ်ပေါ့နော်။ အဲဒီမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ COVID-19 ကြုံရပါတယ်။ ကြုံရတော့ ကျွန်မတို့ပါတီတစ်ခုတည်း မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ အကုန်လုံးမှာ မြေပြင်စည်းရုံးရေးလုပ်ငန်းတွေ ရပ်ထားရတဲ့သဘောရှိပါတယ်။ ကျွန်မတို့ အခုချိန်မှာ ဘာပဲလုပ်နိုင်ဆိုရင် Billboard တွေ ထောင်ထားပါတယ်။ ထောင်ထားပေမဲ့ ပြည်သူလူထုတွေ အပြင်မထွက်တော့ ဒီ Billboard တွေကို ကြည့်မယ့် သူက မရှိဘူး။ ပြီးလို့ရှိရင် အရင်တုန်းက ကားတန်းနဲ့ လှည့်လည်ခဲ့တယ်။ ဒါက COVID-19 နဲ့ မငြိဘူး။ ရောဂါကူးစက်မှုနဲ့ ဘာမှမသက်ဆိုင်ဘူး။ ကားတန်းလှည့်လည်ခဲ့တာတွေလည်း ရပ်ထားပါတယ်။ အထူးသဖြင့် မြေပြင်မှာစည်းရုံးတာ တစ်အိမ်တက်ဆင်း ကိုယ်စားလှယ်လောင်းတွေက ကိုယ့်ပါတီလည်း မိတ်ဆက်မယ်။ ကိုယ်စားလှယ်လောင်းကိုလည်း မိတ်ဆက်ပြီးတော့မှ ပြည်သူလူထုကို အပ်နှံတာပေ့ါနော်။ ဒီလိုမျိုး ပြည်သူလူထုနဲ့ ထိတွေ့တဲ့ မြေပြင်ထိတွေ့တယ်။ မျက်နှာချင်းဆိုင် တစ်အိမ်တက်ဆင်း နှုတ်ဆက်ထိတွေ့တယ်။ ဒါမျိုးတွေလုပ်လို့ မရပါဘူး။ အခုချိန်မှာ ဘာပဲလုပ်လို့ရလည်းဆိုရင် ဆိုရှယ်မီဒီယာတွေ၊ မီဒီယာတွေကတဆင့် မဲဆန္ဒရှင် ပြည်သူလူထုကြီး သိသင့်တဲ့အချက်တွေ၊ ကိုယ်စားလှယ် မိတ်ဆက်ချင်တယ်ဆိုလို့ရှိရင်လည်း ပါတီရဲ့ Facebook စာမျက်နှာကနေတဆင့် ကိုယ်စားလှယ်တွေ မိတ်ဆက်တယ်။ ဆွေးနွေးတယ်။ ဒါလေးပဲ မူဝါဒတွေ အစီရင်ခံတင်ပြတယ်။ ဒါတွေပဲ လုပ်နေရပါတယ်။ ပြီးလို့ရှိရင်တော့ Professional မီဒီယာတွေပေါ့။ တကယ် Branded မီဒီယာတွေ နာမည်တစ်လုံးနဲ့ နာမည်ကြီးတဲ့ မီဒီယာတွေကနေတဆင့် ပြည်သူလူထုကို အစီရင်ခံတင်ပြရတာ ဖြစ်ပါတယ်။ တော်တော်လေးတော့ ဘာမှသိပ်မလုပ်ရဘဲနဲ့ ရွေးကောက်ပွဲဝင်ရတော့မယ့် ပုံစံတော့ ဖြစ်နေပါပြီ။

မေး  ပါတီအသစ်တွေက လက်ရှိအခြေအနေကို ရင်ဆိုင်ရပေမဲ့ တစ်ဖက်မှာအာဏာရပါတီက တခြားပါတီတွေထက် အခွင့်အရေးတွေ၊ အခြေအနေတွေ၊ သာလွန်ကောင်းမွန်နေပြီး ရွေးကောက်ပွဲမှာ တရားမျှတမှုအားနည်းနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ  အာဏာရပါတီကတော့ ဘယ်ပါတီပဲ ဖြစ်ဖြစ်ပေါ့။ အာဏာရပါတီဖြစ်တယ်ဆိုရင်တော့ အမြဲတမ်းတစ်ပန်းသာပါတယ်။ နံပါတ် (၁) ကကျတော့ ပြည်သူ့ဘဏ္ဍာကို စီမံခန့်ခွဲရတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ပြည်သူလူထုကြိုက် နှစ်သက်တဲ့ အလုပ်တွေလုပ်လို့ရတယ်။ အခုဆိုရင် COVID ကြောင့်မို့လို့ စားသောက်ကုန်တွေ ဝေခဲ့တာ သင်္ကြန်ကနေ စပြီးတော့ပေါ့နော်။ ဆန်တို့၊ ကြက်သွန်၊ ဆီတို့ စသဖြင့်ပေါ့နော်။ ဒါတွေဝေခဲ့တယ်။ နောက်ပိုင်းမှာလည်း Cash Transfer ပေါ့နော်။ တစ်အိမ်ထောင်စုကို ငွေနှစ်သောင်းဆိုပြီး ပေးတယ်။ ပြီးရင် ထပ်ပေးမယ်လို့ ပြောနေတယ်။ ပြီးလို့ရှိရင် အခုဆိုရင် နေပြည်တော်မှာပေါ့။ အဓိက,ကတော့ နေပြည်တော်ကို Target ထားချင်တာလား မသိဘူး။ ပြည်သူ့ဝန်ထမ်းတွေက မြန်မာတစ်ပြည်လုံးမှာ ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကိုလည်း ကိုယ့်နှစ်လစာကို အတိုးမဲ့အကြွေး ခြောက်လနဲ့ပြန်ဆပ်ပေါ့။ အဲဒီလိုမျိုးတွေ ပြီးလို့ရှိရင် ဝန်ထမ်းအကြီးတွေကိုလည်း ကားပါမစ်တွေ ပေးတယ်တဲ့ဆိုတာ ရွေးကောက်ပွဲနီးမှ ကပ်ပြီးလုပ်တယ်ဆိုတာက တကယ်တော့ မဲဆွယ်တာနဲ့လည်း တူပါတယ်။ အဲဒါဆိုတော့ အာဏာရပါတီက အားသာချက်ရှိတာအပြင်ကို COVID အကြောင်းပြပြီးတော့ တင်းကြပ်တာတွေရှိသလို COVID ကြောင့် မဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းကလည်း စည်ပင်တို့ဘာတို့ အပိုင်းကလည်း မကူညီတာတွေရှိတယ်။ ...။

မေး ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလား။ ဒီအပေါ်မှာ ဆရာမအမြင်ကိုလည်း သိချင်ပါတယ်။

ဖြေ လွတ်လပ်ပြီး တရားမျှတဖို့ဆိုတာကတော့ နည်းနည်းမဟုတ်ဘူး။ တော်တော်လေး ခက်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် နံပါတ် (၁) ကတော့ မဲစာရင်းမှန်ရမယ်။ နံပါတ် (၂) က ထိထိရောက်ရောက်နဲ့ ပြည်သူလူထုနဲ့ ထိတွေ့ပြီး စည်းရုံးနိုင်ရပါမယ်။ နံပါတ် (၃) အနေနဲ့ပြောရမယ်ဆိုရင် ပါတီတွေကျတော့ မဲဆွယ်စည်းရုံးတာအတွက်ကို လုပ်လို့မရဘူး။ Lockdown ချထားတယ်။ COVID-19 ဆိုတဲ့ ခေါင်းစဉ်နဲ့။ သို့သော်လည်း အဲဒါဆို ဘာလို့ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်ကို မရွှေ့ပေးတာလဲ။ အဲဒါလည်း မေးခွန်းထုတ်စရာပါ။ တကယ်ရွေးကောက်ပွဲဖြစ်ပြီဆိုရင် နံပါတ် (၁) လူစုလူဝေးဆိုတာ ဖြစ်မှာဖြစ်ပါတယ်။ နံပါတ် (၂) ကကျတော့ မဲပေးခြင်းလုပ်ငန်းစဉ်မှာ မဲပြားထုတ်တယ်။ လက်မှတ်ထိုးပြီးထုတ်တဲ့အချိန်မှာ ဘောပင်တွေ အကုန်ရမယ်။ ပြီးလို့ရှိရင် တံဆိပ်တုံးနှိပ်တယ်ဆိုရင်လည်း လျှို့ဝှက်မဲ ပေးခန်းထဲမှာ လူတိုင်းက ကိုင်ရမှာဖြစ်ပါတယ်။ ပြီးလို့ရှိရင် မဲပုံးထဲမှာ မဲထည့်တယ်။ ပြီးလို့ရှိရင် ညကျလို့ရှိရင်လည်း မဲတွေရေတွက်ချိန်မှာ မဲပြားတွေကိုင်ရမယ်။ ပြည်သူလူထုက စောင့်ကြည့်ရတာတွေ ရှိတယ်။ မဲရုံမှူးတွေလည်း အန္တရာယ်ရှိတယ်။ လူစုလူဝေးနဲ့ လူတိုင်းက ဝင်ထွက်လာပြီး မဲဆန္ဒရှင်တွေ လာတာပေ့ါ။ ကျွန်မဆိုလိုချင်တာကတော့ တကယ်လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင်ရင် COVID ကြောင့်မို့လို့ ဒီလိုတွေ လုပ်ထားရတယ်ဆိုရင် ရွေးကောက်ပွဲကိုလည်း ရွှေ့ပေးပါ။ ရွေးကောက်ပွဲကို ရွှေ့မှလည်း တရားမျှတမှာပေါ့ နော်။

မေး  ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရမယ်ဆိုရင် ဘယ်လိုမျိုးရွှေ့ဆိုင်းစေချင်လဲ။

ဖြေ   ရွေးကောက်ပွဲ ရွှေ့ဆိုရင်လည်း နှစ်မျိုးရှိတယ်။ ရွေးကောက်ပွဲ သိပ်အကြာကြီး ရွှေ့လိုက်တဲ့အချိန်ကြရင် ၂၀၂၁ ဇန်နဝါရီ လကုန်မှာ အခုလက်ရှိ လွှတ်တော်သက်တမ်းကုန်မယ်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကုန်တဲ့အချိန်မှာ တတိယအကြိမ်လွှတ်တော် အဆင်သင့်မဖြစ်နေဘူးဆိုရင်လည်း အဲဒါက တစ်ချက်ပေါ့။ နောက်တစ်ခုကတော့ အစိုးရသက်တမ်းကုန်တဲ့အချိန်မှာ နောက်အစိုးရ အဆင်သင့်မရှိသေးရင် ကြားဖြတ်အစိုးရတွေ ဘာတွေဖွဲ့ရမယ့်ကိစ္စတွေ ရှိတယ်။ အဲဒါတွေလည်း မဖြစ်စေချင်ပါဘူး။ ဒါက နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်တာပေါ့နော်။ ကျွန်မတို့က ဒီမိုကရေစီတိုင်းပြည်ဖြစ်တဲ့အချိန်မှာ ငါးနှစ်တစ်ကြိမ်မှာ ရွေးကောက်ပွဲအရသာလျှင် အစိုးရအပြောင်းအလဲ ဖြစ်စေချင်ပါတယ်။ ရွေးကောက်ပွဲဆိုတာကလည်း အသည်းကြားက မဲတပြား ပေးခြင်းအားဖြင့် ငါးနှစ်တစ်ကြိမ် အမှားကို ပြင်ဆင်နိုင်ခွင့်ရှိတာပေါ့နော်။ ဆိုလို့ရှိရင် ဒီအစိုးရကို ကြိုက်လား၊ မကြိုက်လား။ ကြိုက်ခဲ့တုန်းက ပေးခဲ့တယ်။ မကြိုက်လို့မပေးတော့ဘူးဆိုတဲ့ ကိုယ့်ရဲ့အမှားကို ပြင်ဆင်နိုင်ခွင့်က ငါးနှစ် တစ်ခါရှိတာပေါ့။ ဒါ ပြည်သူလူထုရဲ့ နိုင်ငံရေးအခွင့်အရေးဖြစ်ပါတယ်။ အဲဒါကျတော့ ကျွန်မတို့က နိုင်ငံရေးတည်ငြိမ်တာကို လိုလားတယ်။ အစိုးရတွေ အပြောင်းအလဲကို ငါးနှစ်တစ်ခါရွေးကောက်ပွဲ ပြောင်းလဲတာကို လိုလားပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ပါတီအနေနဲ့ အိတ်ဖွင့်ပေးစာပေါ့နော်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို အိတ်ဖွင့်ပေးစာပေးပါတယ်။ အဲဒါကတော့ ၂၀၂၀ ဒီဇင်ဘာ ၂၇ ရက် တနင်္ဂနွေနေ့ကို ရွှေ့ပေးပါလို့ တိုက်တွန်းတဲ့ အိတ်ဖွင့်ပေးစာ ပေးထားပါတယ်။ သို့သော်လည်း နောက်အကျဆုံး ဘယ်အထိ ဆုတ်လို့ရလဲဆိုရင် ၂၀၂၁ ဇန်နဝါရီလ ပထမအပတ်အထိ ဆုတ်လို့ရပါတယ်။ ဥပမာပြောရရင် လွတ်လပ်ရေးနေ့တို့လို ဘာတို့လို လွတ်လပ်ရေးနေ့ဆိုရင် အများပြည်သူ ရုံးပိတ်ရက်ဖြစ်တယ်။ မြန်မာပြည်ရဲ့ အထင်ကရနေ့လည်းဖြစ်တယ်။ အဲဒီလိုနေ့မျိုးမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုလည်း လုပ်လို့ရပါတယ်။

မေး   COVID-19 ကာကွယ်ထိန်းချုပ်ဖို့က အရေးကြီးသလား၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ အောင်နိုင်ဖို့က အရေးကြီးသလား။ အဲဒီနှစ်ခုကို PPP ပါတီဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်လိုပါသလဲ။

ဖြေ  နံပါတ် (၁) ကတော့ ပြည်သူလူထုကျန်းမာရေးက ပိုပြီးအရေးကြီးပါတယ်။ ဘာကြောင့် ကျွန်မပြောရလဲဆိုရင် အခုလက်ရှိ ပြည်တွင်းကူးစက်မှုတွေပေါ့။ ပထမလှိုင်းတုန်းကတော့ ပြည်တော်ပြန်တွေ Quarantine ထားတယ်။ ပြီးရင် နိုင်ငံတကာကနေ မြန်မာပြည်ပြန်လာကြတဲ့သူတွေပေါ့။ နိုင်ငံတကာ လေယာဉ်တွေစီးခဲ့တဲ့သူတွေကို ဟိုတယ် Quarantine ထားတာတို့၊ Facility Quarantine တွေ ထားခဲ့တယ်။ ပထမလှိုင်း ဖြစ်သွားခဲ့တယ်။ အခုချိန်မှာတော့ ဒုတိယလှိုင်းဖြစ်နေပါတယ်။ ဒုတိယလှိုင်းက ပထမလှိုင်းထက် တော်တော်လေး ပိုပြင်းထန်တယ်။ ပြီးလို့ရှိရင် ဒါသည် ခရီးသွားရာဇဝင်မရှိဘဲနဲ့ ပြည်တွင်းကူးစက်မှုတွေ ဖြစ်နေတယ်။ ဒါက ပိုပြီးတော့ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်တာဖြစ်ပါတယ်။ လူတွေ အစုအပြုံလိုက် အသက်အန္တရာယ်၊ ကျန်းမာရေးအန္တရာယ်ရှိနေတဲ့ကာလ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မအနေနဲ့ ပြည်သူ့ကျန်းမာရေးထက် လူတစ်ယောက်ရဲ့ အသက်၊ ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့အသက်ထက်တော့ တခြားကိစ္စက အရေးကြီးတယ်ဆိုတာ မဖြစ်သင့်ဘူး။ ပြီးလို့ရှိရင် ရွေးကောက်ပွဲအရေးကြီးလားဆိုရင် အရေးတော့ကြီးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီထွန်းသစ်စနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ငါးနှစ် တစ်ခါရွေးကောက်ပွဲနဲ့ အစိုးရပြောင်းပြောင်းသွားတာသည် ပြည်သူလူထုရဲ့ဆန္ဒကို ထင်ဟပ်တဲ့အစိုးရတွေ ပေါ်ပေါ်လာမယ်။ ဒါလည်း အရေးကြီးပါတယ်။ သို့သော်လည်း ဒီရွေးကောက်ပွဲက ခုနကပြောသလို နှစ်လလောက်တော့ ရွှေ့လို့ရတယ်။ နောက်အကျဆုံး ၂၀၂၁ ဇန်နဝါရီ ပထမအပတ်လောက်အထိ ရွေ့လို့ရပါတယ်။ ရွေးကောက်ပွဲအရေးမကြီးဘူးလို့ မပြောဘူး။ အရေးကြီးတယ်။ မလုပ်နဲ့လို့လည်း မပြောဘူး။ လုပ်ပါ။ သို့သော်လည်း လက်ရှိမှာဖြစ်နေတဲ့ ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှု၊ ကျန်းမာရေးအသက်အန္တရာယ်တွေကို လွန်မြောက်ပြီးတဲ့အချိန်ကျမှ နောက်နှစ်လလောက်ကျမှ ရွှေ့ပြီးလုပ်လည်း ရပါတယ်။ ဒါကကျတော့ လူတစ်ဦးတစ်ယောက်ပေါ့ သို့မဟုတ် UEC ဆုံးဖြတ်ချက်တစ်ခုတည်းပါပဲ။ UEC ကဘာဖြစ်လို့ ရွေးကောက်ပွဲကို နောက်ဆုတ်ဖို့ နိုင်ငံရေး မတည်မငြိမ်မဖြစ်စေဘဲ ရွေးကောက်ပွဲနောက်ဆုတ်ဖို့ ဘာကြောင့်မို့လို့ ဒီလောက်တောင် ခဲခဲယဉ်းယဉ်း ဖြစ်နေတာလည်းပေါ့နော်။ UEC အနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးအလေးထားတဲ့အတွက် ပြည်သူလူထုအသက်အန္တရာယ်ကို အလေးထားတဲ့အတွက် ပြည်တွင်းကူးစက်မှုတွေ များနေတယ်။ ဒါကိုထိန်းချုပ်ဖို့ အချိန်ယူချင်တဲ့အတွက် ရွေးကောက်ပွဲကို နောက်နှစ်လဆုတ်ပါတယ်ပြောဖို့ ဘာလို့ ခဲယဉ်းနေတာလဲ။ နှစ်ခုစလုံးက အရေးကြီးပါတယ်။ ဒါပေမဲ့ ပိုအရေးကြီးတာကတော့ ပြည်သူ့ကျန်းမာရေး ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အန္တရာယ် ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ စားဝတ်နေရေး ဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲ ရွှေ့ခြင်းသည် ရွေးကောက်ပွဲက ဒုတိယအရေးကြီးတယ်ဆိုပြီးတော့မှ ရွေးကောက်ပွဲမလုပ်နဲ့လို့လည်း ဘယ်သူမှ မပြောပါဘူး။ ပြည်သူလူထုကလည်း အသဲကြားက မဲတပြားကို ထည့်ချင်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲကို နှစ်လလောက်တော့ ရွှေ့လို့ရပါတယ်။ တကယ်ပြည်သူလူထုအပေါ်မှာ စေတနာရှိတယ်ဆိုရင် ရွေးကောက်ပွဲအရေးကြီးတယ်။ ပြည်သူလူထုကျန်းမာရေးလည်း အရေးကြီးတယ်။ ရွေးကောက်ပွဲကတောင် ပိုအရေးကြီးတယ်ဆိုတဲ့  အဓိပ္ပာယ်ကတော့ အာဏာကိုပဲ ပိုပြီးတော့မှ အာဏာရဖို့ ပိုအရေးကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်နေပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့က ရွှေ့စေချင်ပါတယ်။ တကယ်ရွှေ့ပေးချင်တဲ့စိတ်ရှိရင် UEC က တစ်ချက်ပဲ ဆုံးဖြတ်ရုံပါ။ ဘာမှ UEC အတွက် အပန်းမကြီးပါဘူး။

Most Read

Most Recent