ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများ လွှတ်တော်အတွင်းရောက်ရှိပါက မည်သူ၊ မည်သည့်ပါတီဆိုခြင်းထက် ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်အရေးအပေါ် ရပ်တည်သည့် သမ္မတ၊ ဒုသမ္မတများကို ထောက်ခံပေးမည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ပြောကြား

ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများ လွှတ်တော်အတွင်းရောက်ရှိပါက မည်သူ၊ မည်သည့်ပါတီဆိုခြင်းထက် ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်အရေးအပေါ် ရပ်တည်သည့် သမ္မတ၊ ဒုသမ္မတများကို ထောက်ခံပေးမည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ပြောကြား
Published 13 October 2020
ပြည့်ဖြိုးအောင်

ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်းများ လွှတ်တော်အတွင်း ရောက်ရှိပါက မည်သူ၊ မည်သည့်ပါတီဆိုခြင်းထက် ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်အရေးအပေါ် ရပ်တည်သည့် သမ္မတ၊ ဒုသမ္မတများကို ထောက်ခံပေးမည်ဖြစ်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

အောက်တိုဘာ ၁၂ ရက်က ပြည်သူ့ပါတီ၏လူမှုကွန်ရက်စာမျက်နှာမှ Zoom Application ဖြင့် ပြုလုပ်သည့် မင်္ဂလာပါ တောင်ဥက္ကလာအစီအစဉ်၌ ပြည်သူများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးကိုကိုကြီးက ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့အရွေးခံရတဲ့ ကိုယ်စားလှယ်များဟာ ဒီမိုကရေစီဘက် ဒုသမ္မတ တစ်ယောက်ကိုပဲ ပြည်သူ့လွှတ်တော်မှာ ရွေးချယ်ပေးသွားမယ်။ ထောက်ခံပေးသွားမယ်။ ဒါက ဘာမှ သံသယပွားစရာမလိုဘူး။ နောက်တစ်ခုက အမျိုးသားလွှတ်တော်ကနေ ဒုသမ္မတတစ်ယောက် ရွေးချယ်ဖို့ဆိုရင်လည်းပဲ ဒီမိုကရေစီအရေးအပေါ်မှာ တစ်စိုက်မတ်မတ်ယုံကြည်တဲ့ တိုင်းရင်းသားဒုသမ္မတတစ်ယောက်ကို ကျွန်တော်တို့ ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ စစ်တပ်ကိုယ်စားလှယ်က ရွေးချယ်တဲ့ ဒုသမ္မတတစ်ယောက်နဲ့ ဒီဘက်ကတင်တဲ့ ဒုသမ္မတနှစ်ယောက်ရယ် သုံးယောက်ကို မဲအများဆုံးဖြစ်တဲ့ သမ္မတကို ရွေးချယ်တဲ့အခါမှာလည်းပဲ ကျွန်တော်တို့ဟာ ဘယ်လူ၊ ဘယ်ပါတီဆိုတာထက်ကို ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးအပေါ်မှာပဲ ဒုတိသမ္မတ၊ သမ္မတရွေးချယ်ထောက်ခံမှုအားလုံးကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဒါကြောင့်မို့ အစိုးရမဖွဲ့နိုင်တာကို မပူပါနဲ့။ ကျွန်တော်တို့ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီအင်အားစုတွေနဲ့ တစ်သားတည်းဖြစ်တယ်ဆိုတာကို အခိုင်အမာ ပြောကြားလိုပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်သူ့ပါတီအနေဖြင့် ယုံကြည်ချက်ဖြစ်သည့် ဒီမိုကရေစီအရေး၊ တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးအပေါ် မည်သည့်အခါမှ သွေဖည်သွားမည်မဟုတ်ကြောင်းကို လေးလေးနက်နက် ကတိပြုကြောင်း ဦကိုကိုကြီးက ပြောကြားသည်။

“ လွှတ်တော် ကိုယ်စားလှယ်ဆိုတာက ဒုသမ္မတရွေးချယ်တာ အစိုးရဖွဲ့စည်းတဲ့ ကိစ္စတင်မကဘဲနဲ့ ဘယ်သူပဲအစိုးရဖြစ်သွားသွား အဲဒီအစိုးရကို ဥပဒေနဲ့အညီ ထိန်းကျောင်းနိုင်ဖို့ကိစ္စကိုတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များက ထိထိရောက်ရောက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှစ်လေးလုံးကြွေးကြော်သံ တောင်းဆိုလာတဲ့ ကိစ္စများကလည်း အစိုးရကို စိစစ်ထိန်းကျောင်းနိုင်ခြင်းမရှိတဲ့  နိုင်ငံရေးစနစ်ကို ဆန့်ကျင်တော်လှန်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့ပါတီက တက်လာမယ့် ကိုယ်စားလှယ်များဟာ အစိုးရဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ သဘောထား ရှင်းရှင်းလင်းလင်းရှိသလို ဘယ်အစိုးရပဲဖြစ်ဖြစ် လွှတ်တော်က ဥပဒေနဲ့အညီ စိစစ်ထိန်းကျောင်းပေးရမယ်။ ပြည်သူ့ရဲ့ဘဏ္ဍာငွေတွေကို အလေ့အလွှင့်မရှိဘဲ ထိထိရောက်ရောက် အသုံးချနိုင်အောင် ကျွန်တော်တို့ စိစစ်ဆုံးဖြတ်ပေးရမယ်ဆိုတဲ့ ကိစ္စတွေ ကိုယ်ရဲ့ မဲဆန္ဒနယ်မြေ ကိုယ်စားပြုပြီးတော့ မဲဆန္ဒရှင်တွေရဲ့ လိုလားချက်တွေ၊ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို လွှတ်တော်မှာရပ်တည်ပြီး ဖြေရှင်းပေးမယ်ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ တာဝန်ကို ကျွန်တော်တို့ ကိုယ်စားလှယ်များက ထိထိရောက်ရောက် ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် မဟာမိတ်မူဝါဒကို လေးလေးနက်နက်နားလည်ပြီး ယုံကြည်လက်ခံရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရင်းအမြစ်များကို စုစည်းရန်နှင့် နိုင်ငံရေးအရင်းအမြစ်များ ကွဲပြားမသွားစေရန် ဆောင်ရွက်မှုသည် အဓိကအမြော်အမြင်ကြီးမှု၊ သဘောထားကြီးမှုဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

၂၀၂ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အသီးသီးတွင် ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၄၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most Read

Most Recent