ရန်ကုန်တိုင်းဒေသကြီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ အတည်ပြုခံရပြီးမှ ကွယ်လွန်သူတစ်ဦးအပါအဝင် ပြန်လည်ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်း သုံးဦးရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ အတည်ပြုခံရပြီးမှ ကွယ်လွန်သူတစ်ဦးအပါအဝင် ပြန်လည်ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်း သုံးဦးရှိ
Published 13 October 2020
ဉာဏ်လင်းထွန်း

ရန်ကုန်တိုင်းဒေသကြီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုခံရပြီးမှ ပြန်လည်ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်း သုံးဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆဆန္ဒနယ် (၂) တွင် ယှဉ်ပြိုင်မည့်  မြိုအမျိုးသား ဒီမိုကရေစီပါတီမှ ဒုတိယ ဥက္ကဋ္ဌ (၂) ဦးယက်သက်အောင်သည် စက်တင်ဘာ ၂ ရက်က ကွယ်လွန်ခဲ့၍ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။

“ မြိုတိုင်းရင်းသားပါတီတစ်ခုက ကိုယ်စားလှယ်တစ်ယောက်က ကွယ်လွန်သွားတာ။ ကြေညာပြီးမှ ကွယ်လွန်သွားတယ်။ အဲဒီတော့သူ့ကိုရုပ်သိမ်းရတယ်။ နောက်ထပ် နှစ်ယောက်က ပါတီတော့မမှတ်မိဘူး။ သူတို့ ငြိစွန်းတာက နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီးတော့ ငြိစွန်းတယ်။ အဲဒီအတွက်ကြောင့် သူတို့ကိုပြန်ပြီး ပယ်ဖျက်ရတာရှိတယ်” ဟု အဆိုပါကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေပါ နိုင်ငံသားဖြစ်မှု အချက်နှင့်ငြိစွန်း၍ ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးမှာ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂) တွင် ယှဉ်ပြိုင်မည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးလှဝင်းနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၂) တွင် ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ဦးထက်လင်းတို့ဖြစ်ကြောင်း သိရသည်။

“ကိုယ်စားလှယ်လောင်းက မွေးဖွားစဉ်မှာဆိုရင် မိဘနှစ်ပါးစလုံး သို့မဟုတ် မိဘတစ်ပါးပါးက နိုင်ငံသားဖြစ်ရမယ်ဆိုတာ ဥပဒေအရ တရားဝင်သတ်မှတ်ထားပြီးသား။ ရွေးကောက်ပွဲ ဥပဒေမှာပါပြီးသား။ အဲဒီနှစ်ယောက်စလုံးက အဲဒီအချက်နဲ့သွားငြိတာပေါ့နော်” ဟု ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက ပြောကြားသည်။

ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီးသော်လည်း အဆိုပါကိုယ်စားလှယ်လောင်းနှစ်ဦးအနေဖြင့် ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်အချို့နှင့် ကိုက်ညီမှုမရှိကြောင်း လူဝင်မှုကြီးကြပ်ရေး၏ မှတ်ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်လည်ညွှန်ကြား၍ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ခ) တွင် ရွေးကောက်ခံမည့်သူသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၁၀ (င) တွင် မွေးဖွာစဉ် နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့် နိုင်ငံသားသည် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားသည်။

ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးလှဝင်းသည် မွတ်စလင်ဖြစ်ကာ မွေးဖွားစဉ်တွင် ဖခင်သည် နိုင်ငံသားစိစစ်ရေးကတ် မရသေးသောကြောင့် ပယ်ဖျက်ခံရခြင်းဖြစ်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးထက်လင်းသည် တရုတ်-ဗမာ ကပြားဖြစ်ကြောင်း ယင်းပါတီတာဝန်ရှိသူများထံမှ သိရသည်။

ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရသည့် ဦးထက်လင်းနှင့် မိဘများသည် လက်ရှိတွင် နိုင်ငံသားဖြစ်သော်လည်း ၎င်းကိုမွေးဖွားချိန်တွင် မိဘများသည် နိုင်ငံသားဖြစ်ခြင်း ရှိ မရှိ ကို ကိုယ်စားလှယ်လောင်းသည် ဇာတိဖြစ်သော ပဲခူးတိုင်း ညောင်လေးပင်မြို့ထံ ကိုယ်စားလှယ်လောင်းက အောက်တိုဘာ ၁၃ ရက်တွင် သွားရောက်စုံစမ်းလျက်ရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးမြင့်မောင်ထွန်းက ပြောကြားသည်။

“ သူ့ဥပဒေအရဆိုရင်တော့ ဘယ်လိုမှ လုပ်လို့မရဘူး။ ဥပဒေကို လိုက်နာရမှာပေါ့။ ဥပဒေအရမဟုတ်ဘဲ မသေချာဘဲနဲ့ လုပ်တယ်ဆိုရင် ကျွန်တော်တို့ Confirm သွား လုပ်တယ်။ သွားလုပ်ပြီးတော့ ဥပဒေနဲ့ မငြိစွန်းဘူးဆိုရင်တော့ သူ့ကို ကိုယ်စားလှယ်လောင်းအနေနဲ့ ပြန်အသိမှတ်ပြုရမှာပေါ့နော်။ ဥပဒေကျော်လွန်လို့တော့ လုပ်လို့မရဘူးပေါ့နော်။ ဥပဒေအရဆိုရင်တော့ လုပ်ရမှာပေါ့။ ဒါကြောင့်မို့ ကျွန်တော်က အဲဒီဒေသမှာရှိတဲ့ သူ့ရဲ့ Source ပေါ့နော်။ မူလ Source ကို သွားခိုင်းလိုက်တာပါ” ဟု ဦးမြင့်မောင်ထွန်းက ပြောကြားသည်။

နိုင်ငံရေးပါတီများအနေဖြင့် ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် သတိပြုစရာ အချက်များစွာရှိသည့်အနက် နိုင်ငံအတွင်း တစ်ဆက်တည်း ၁၀ နှစ်ဆက်တိုက် နေထိုင်ခြင်း ရှိ၊ မရှိ၊ မွေးဖွားစဉ် မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ခြင်း ရှိ၊ မရှိ၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် နုတ်ထွက်ပြီး ဖြစ်ရမည့်အချက်များကို အဓိကထား သတိပြု၍ ရွေးချယ်သင့်ကြောင်း ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက အကြံပြုသည်။

ရန်ကုန်တိုင်းတွင် နိုင်ငံရေးပါတီ  ၄၃ ပါတီနှင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၉၀၀ ကျော်ရှိကြောင်း သိရသည်။

ယင်းသို့ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြန်လည်ပယ်ဖျက်မှုများကို ကိုယ်စားလှယ်လောင်း၏  အကြောင်းအရာအပေါ်မူတည်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပါတီအပေါ် အခြေခံဆောင်ရွက်ခြင်းမရှိကြောင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးအောင်မောင်းသည် ကိုယ်စားလှယ်လောင်း လျှောက်ထားစဉ် အစိုးရဝန်ထမ်းအဖြစ်မှ အငြိမ်းစား မယူရသေးဟုဆိုကာ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြန်လည်ပယ်ဖျက်ခံခဲ့ရသည်။

Most Read

Most Recent