ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး ၎င်းမွေးဖွားစဉ်က ဖခင်သည် နိုင်ငံသားမဖြစ်သည့်အချက်ဖြင့် ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ခံရ

ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းတစ်ဦး ၎င်းမွေးဖွားစဉ်က ဖခင်သည် နိုင်ငံသားမဖြစ်သည့်အချက်ဖြင့် ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်ခံရ
Published 13 October 2020
မခိုင် (လွိုင်ကော်)

ကယားပြည်နယ် မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်အရွေးခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းနှင်းဝေသည် ၎င်းမွေးဖွားစဉ်က ဖခင်သည် နိုင်ငံသားမဖြစ်သည့်အချက်ဖြင့် ရွေးကောက်ပွဲဝင်ခွင့် ပြန်လည်ပယ်ဖျက်ခံရကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းနှင်းဝေသည် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ (၁၀)(င) အရ ငြိစွန်းသည်ကို စိစစ်တွေ့ရှိသဖြင့် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက ပြောကြားသည်။

“ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သော မိဘတစ်ပါးပါးမှ ဖြစ်စေ။ နှစ်ပါးလုံးမှဖြစ်စေ မွေးဖွားသည့်နိုင်ငံသား၊ ဒါနဲ့သူတို့က လဝက ကစစ်တဲ့ချိန်မှာ သူရဲ့အဖေက တရုတ်နိုင်ငံသား FRC လက်မှတ်ကိုင်ဆောင်ထားတဲ့သူ ဖြစ်တဲ့အတွက် ဒါနဲ့ညှိလို့။ ဥပဒေအရ ပြည်ထောင်စုလဝက ကနေပြီးတော့မှ စိစစ်တွေ့ရှိချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြရတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီလိုဆိုရင် ခရိုင်ရွေးကောက်ပွဲကေ်မရှင် သူရဲ့လုပ်ထုံးလုပ်နည်းနဲ့ ဆက်လုပ်ပါလို့ ပြန်ညွှန်ကြားတယ်။ ညွှန်ကြားတဲ့အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်က ၂ ရက်နေ့မှာ အစည်းအဝေးထိုင်တယ်။ အမည်စာရင်းပယ်ဖျက်ဖို့ သဘောတူတယ်။ သဘောတူယုံမပြီးသေးဘူး။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရတယ်။ အတည်ပြုချက် လှမ်းတောင်းတယ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို။ ဒါက ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကော်မရှင်က ၃ ရက်နေ့မှာ အစည်းအဝေးထိုင်တယ်။ ခရိုင်ရွေးကောက်ပွဲကော်မရှင် တင်ပြချက်ကမှန်တယ်။ ဒါကြောင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ (ဃ) အရ အမည်စာရင်းပယ်ဖျက်ဖို့” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ဆန်းဝင်းက ပြောကြားသည်။

ထိုသို့ ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရသည့် အကြောင်းပြချက်နှင့်ပယ်ဖျက်ရန် တိုင်ကြားမှုရှိပါက မည်သူကတိုင်သည်ကိုသိလိုကြောင်း ကော်မရှင်အား စာပေးပို့ထားကြောင်း၊ မိမိအနေဖြင့် နိုင်ငံသားဟုသာ ခံယူကြောင်း၊ နိုင်ငံသားကတ်လုပ်စဉ်က မှားယွင်းချက်များရှိခဲ့ကြောင်း၊ အမှန်အတိုင်းဖြစ်စေလိုကြောင်း၊ ယခုကတ်ဖြင့်ပင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးကြောင်း၊ ထိုစဉ်က ပြဿနာမရှိကြောင်း ဦးစိုင်းနှင်းဝေက ပြောကြားသည်။

“၂၀၁၅ မှာ ရွေးချယ်ခံပြီး ရှုံးနိမ့်သွားခဲ့တယ်ပေါ့။ ဒါကပြဿနာမရှိဘူး။ ဒီတစ်ကြိမ်မှာကျတော့ ဒါတွေရှိတယ်ပေါ့။ ကျွန်တော်တို့ပါတီတစ်ခုအနေနဲ့ရော မြို့နယ်နေရာတစ်ခုအနေနဲ့ရော ပြည်သူအတွက် ဆုံးရှုံးသွားတာပေါ့။ ကျွန်တော်တို့က ပိုနေမြဲ ကျားနေမြဲပေမယ့် ပြည်သူအတွက် ပြောဆိုခွင့်မရှိတော့တဲ့ ဆုံးရှုံးခွင့်ရလဒ်ပေါ့။ အရင်က ရွေးကောက်ပွဲဝင်လို့ရခဲ့တယ်။ စိစစ်တာက နိုင်ငံသားမှတ်ပုံတင်နဲ့ စိစစ်ခဲ့တာပေါ့။ ဌာနအတွင်းကို ထဲထဲဝင်ဝင် စိစစ်တဲ့နေရာမှာတော့မရှိဘူးလို့ ယူဆတာပေါ့။ ဌာနကို ဖိအားပေးပြီးမှ ဆောင်ရွက်ခိုင်းတာမျိုးရှိမယ်လို့ ကျွန်တော်ထင်တယ်ပေါ့” ဟု ဦးစိုင်းနှင်းဝေက ပြောကြားသည်။

ဦးစိုင်းနှင်းဝေ၏ မိခင်မှာ ရှမ်းလူမျိုးဖြစ်ပြီး ဖခင်ရင်းမှာ ဗမာလူမျိုးဖြစ်ကြောင်း၊ အသက် ၁၄ နှစ်အရွယ် နိုင်ငံသားမှတ်ပုံတင် ပြုလုပ်စဉ်က ဖခင်အရင်းမှာ မှတ်ပုံတင်မရှိခဲ့သဖြင့် နိုင်ငံသားမှတ်ပုံတင်လုပ်သည့် သက်ဆိုင်ရာဌာနမှရှာ၍ ဖြည့်ဆည်းခဲ့ကြောင်း၊ မှတ်ပုံတင်ထဲရှိ ဖခင်အမည်နေရာတွင် ဌာနမှထည့်သွင်းသော မွေးစားဖခင်အမည် ဦး...နှင့် ဖခင်ရင်းအမည် ဦး.... ပူးတွဲပါရှိနေကြောင်းလည်း သိရသည်။

 ဦးစိုင်းနှင်းဝေသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုနှင့်အပြိုင် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂ ) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားခြင်း ဖြစ်သည်။

Most Read

Most Recent