လူနှစ်ရာဝန်းကျင် သေဆုံးခဲ့သည့် ဝှေခါမှော် ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင်  တစ်တန်ခွဲခန့်ရှိ ကျောက်စိမ်း အရိုင်းတုံး တွေ့ရှိ

လူနှစ်ရာဝန်းကျင် သေဆုံးခဲ့သည့် ဝှေခါမှော် ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင်  တစ်တန်ခွဲခန့်ရှိ ကျောက်စိမ်း အရိုင်းတုံး တွေ့ရှိ
Published 13 October 2020
ထွန်းလင်းအောင်(မြစ်ကြီးနား)

လူနှစ်ရာဝန်းကျင် သေဆုံးခဲ့သည့် ဝှေခါမှော် ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် တစ်တန်ခွဲရှိသည့် ကျောက်စိမ်းအရိုင်းတုံး တွေ့ရှိခဲ့ကြောင်း ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဆိုပါသည်။ ယင်းကျောက်စိမ်းတုံးကို လွန်ခဲ့သည့် ရက်အနည်းငယ်က တွေ့ရသည့်အခြေအနေရှိပြီး အောက်တိုဘာ ၁၃ ရက်တွင် ကျောက်စိမ်းတူးဖော်ရေးရုံး၊ ရဲတပ်ရင်းနှင့် တပ်မတော်တပ်ဖွဲ့များက ထိန်းသိမ်းစောက်ရှောက်ခဲ့ရကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက ပြောကြားသည်။ ယင်းက “ကျောက်စိမ်းကတော့ ကြီးတယ်ဗျ။ ရေမဆေးသမားတွေ တွေ့ထားတာပေါ့ဗျာ။ အခုက ရဲတပ်ဖွဲ့နှင့် တပ်မတော် လုံခြုံရေးတွေ စောင့်နေပါပြီ။ ကျောက်စိမ်းက မျိုးတော့ဟုတ်တယ်။ ပလွမ်ပါ။ တန်းဖိုးကြီးတဲ့ အထဲကတော့ မဟုတ်ပါဘူး။ ကျောက်စိမ်းရုံးကို သယ်ဖို့ လမ်းကြောင်းရှာနေကြတယ်။ တွေ့တဲ့နေရာက ရွာဘေးကဝန်းကျင်က ကျင်းမှာပါ” ဟု ပြောကြားသည်။

အစိုးရရုံးမှတ်တမ်းများအရ ခလရ (၁၁) မှ ဗိုလ်ကြီးတစ်ဦး ဦးစီးအဖွဲ့၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (၃) မှ ဒုရဲအုပ်တစ်ဦး ဦးစီးအဖွဲ့များက တရားမဝင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို ဖမ်းဆီးရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် ဆင်ခေါင်းတော်ခြေလုပ်ကွက်အတွင်း တစ်တန်ခွဲခန့်ရှိသော ကျောက်စိမ်းအမျိုးအစား (အမဲအစိမ်းကြော) ကျောက်တစ်လုံးကို ပိုင်ရှင်မဲ့ တွေ့ရှိခဲ့ရကြောင်း၊ အလျား ၃ ပေ ၁၁ လက်မ၊ အကျယ် ၂ ပေ ၁၁ လက်မ၊ လုံးပတ် ၁၂ ပေ ၁၁ လက်မ အရွယ်ရှိကြောင်း ယင်းကျောက်ကို လုံးခင်း/ဖားကန့် ကျောက်မျက်တူးဖော်ရေးဌာနသို့ သယ်ယူပိုဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။

ယခုကျောက်စိမ်းရိုင်းတုံး တွေ့ရှိသည့် နေရာသည့် ယခုနှစ် ဇူလိုင် ၂ ရက်က မြေပြိုကာ ရေလှိုင်းဆွဲချမှုကြောင့် လူပေါင်း ၁၇၀ ကျော်သေဆုံးကာ လူ ၂၀ နီးပါးပျောက်ဆုံးခဲ့သည့် လုပ်ကွက်နှင့် တဆက်တည်းတွင် ဖြစ်ကြောင်း သိရသည်။

 ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက “ဝှေခါမှာတော့ ကျင်းက တစ်ခုတည်းရှိတာပေါ့။ ကျနော်တို့လည်း လွန်ခဲ့တဲ့လက တစ်ကြိမ် အဖွဲ့ပေါင်းစုံးနဲ့ တားတဲ့နေရာပါ။ တန်နဲ့ချီတဲ့ ကျောက်တွေကိုတော့ နိုင်ငံတော်ကို အပ်နှံတာ ကောင်းပါတယ်။ ကျနော်တို့သဘောကတော့ ကျောက်စိမ်းလည်း ရကြပါစေ။ အန္တရာယ်လည်း မဖြစ်စေချင်ဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် NLD အစိုးရလက်ထက်တွင် ဖားကန့်ဒေသမှ တန်နှင့်ချီသော ကျောက်စိမ်းတုံးကြီး ရှစ်တုံးရရှိထားကြောင်း သတင်းရရှိသည်။ ယင်းတန်နှင့်ချီသော ကျောက်စိမ်းတုံးများတွင် တစ်တန်ကျော်မှ တန်ပေါင်း ၂၁၀ အထိ ထွက်ရှိထားပြီး ကမ္ဘာပေါ်တွင် လုံစွပ်အနေဖြင့် ထွက်ရှိသည့် အကြီးဆုံးကျောက်စိမ်းတုံးကိုလည်း ရရှိခဲ့ကြောင်း သိရသည်။ ယင်းကျောက်စိမ်းတုံးကြီးများကို ငိုးပင်းမှော်မှ ငါးတုံး၊ မက်လင်ချောင်မှ တစ်တုံး ၊ ၀ါကျဲမှော်မှ တစ်တုံး၊ မနမှော်မှ တစ်တုံးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent