အမျိုးသမီးပီဂျီအေချန်ပီယံရှစ် မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် ကင်ဆီယောင်း ဗိုလ်စွဲပြီး ပထမဆုံး မေဂျာအောင်မြင်မှုရရှိ

အမျိုးသမီးပီဂျီအေချန်ပီယံရှစ် မေဂျာဂေါ့ဖ်ပြိုင်ပွဲတွင် ကင်ဆီယောင်း ဗိုလ်စွဲပြီး ပထမဆုံး မေဂျာအောင်မြင်မှုရရှိ
Photos : Women's PGA Championship Facebook
Photos : Women's PGA Championship Facebook
Published 13 October 2020

၂၀၂၀ LPGA Tour ၏ တတိယမြောက် မေဂျာဂေါ့ဖ်ပြိုင်ပွဲဖြစ်သည့် အမျိုးသမီးပီဂျီအေချန်ပီယံရှစ် (KPMG Women's PGA Championship) ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသူ ကင်ဆီယောင်း အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘဝ ပထမဆုံးမေဂျာအောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

၆၆ ကြိမ်မြောက် အမျိုးသမီးပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲကို မူလက ဇွန်လနောက်ဆုံးပတ်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် အောက်တိုဘာ ၈-၁၁ ရက်အထိ ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။ 

ကင်ဆီယောင်းသည် ပထမနေ့တွင် သတ်မှတ်ရိုက်ချက်ထက် တစ်ချက်လျော့ (၇၁ ချက်)သာ ရိုက်နိုင်ခဲ့သော်လည်း ဒုတိယနေ့တွင် ခုနစ်ချက်လျော့ (၆၅ ချက်) ရိုက်နိုင်သဖြင့် ထိပ်ဆုံးမှ စတင်ဦးဆောင်ခွင့်ရခဲ့သည်။ 

၎င်းသည် တတိယနေ့တွင် ငါးချက်လျော့(၆၇ ချက်) ရိုက်နိုင်သဖြင့် ဆက်လက်ဦးဆောင်ခွင့်ရခဲ့သလို နောက်ဆုံးနေ့တွင်လည်း အမှားအယွင်းမရှိဘဲ ကိုးချက်လျော့ (၆၃ ချက်) ထပ်ရိုက်ခဲ့သောကြောင့် စုစုပေါင်းရိုက်ချက် ၂၆၆ ချက်၊ လျှော့ရိုက်ချက် ၁၄ ချက်ဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ကင်ဆီယောင်း၏ နောက်ဆုံးနေ့ရိုက် ချက် ၆၃ ချက်မှာ ပြိုင်ပွဲသမိုင်းတွင် ရိုက်ချက်အနည်းဆုံး နောက်ဆုံးနေ့အဖြစ် စံချိန်တင်ခဲ့သလို နောက်ဆုံးကျင်းတွင် ၁၅ ပေအကွာမှ ဘာဒီရိုက်ချက်လွဲချော်သွားသဖြင့် သမိုင်းတစ်လျှောက် ၁၈ ကျင်းတွင် ရိုက်ချက်အနည်းဆုံးအဖြစ် စံချိန်တင်မည့်အခွင့်အရေး လွဲချော်ခဲ့ရခြင်းဖြစ်သည်။ 

ယခုပြိုင်ပွဲမှာ ကင်ဆီယောင်းအတွက် ၁၁ ပွဲမြောက် LPGA Tour ချန်ပီယံအောင်မြင်မှုလည်းဖြစ်သည်။

■ ပြိုင်ပွဲအပြီး ရပ်တည်မှု

အမည်        နိုင်ငံ        ရိုက်ချက်

ကင်ဆီယောင်း    တောင်ကိုရီးယား    ၂၆၆ (-၁၄)

ပက်အင်ဘီး    တောင်ကိုရီးယား    ၂၇၁ (-၉)

စီဂန်ဒါ        စပိန်        ၂၇၃ (-၇)

ဟာတာအိုကာ    ဂျပန်        ၂၇၃ (-၇)

အန်နာနော်ဗစ်    ဆွီဒင်        ၂၇၆ (-၄)