ရွေးကောက်ပွဲ၌ မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ရန် သင်တန်းပေးနေသည့် ရွှေပြည်သာမြို့နယ်မှ အထူးရဲသင်တန်းသား ၇၂ ဦးမှာ COVID-19 ရောဂါပိုး ကူးစက်ခံနေရကြောင်း ယနေ့ (အောက်တိုဘာ ၁၃ ရက်) တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွှေပြည်သာမြို့နယ်အတွင်း မဲရုံများတွင် လုံခြုံရေး ဆောင်ရွက်စေရန်အတွက် အထူးရဲတပ်သားအဖြစ် ဆောင်ရွက်မည့် ၁၂၃ ဦးကို ယင်းမြို့နယ်၊ မြို့ဦးစေတီဝင်းအတွင်း သင်တန်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ အောက်တိုဘာ ၁ ရက်နေ့မှစ၍ သင်တန်းပေးနေသည့် အထူးရဲသင်တန်းသား ၁၂၃ ဦးအား အောက်တိုဘာ ၇ ရက်၊ ၈ရက်တို့တွင် COVID-19 ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူပြီး အသီးသီး စစ်ဆေးခဲ့ရာ စုစုပေါင်း ၇၂ ဦးတွင် COVID-19 ရောဂါပိုး ကူးစက်ထံထားရသည်ဟု တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ရွှေပြည်သာမြို့နယ် မြို့ဦးစေတီမှာ အောက်တိုဘာ ၁ ရက်နေ့ကနေ အထူးရဲသင်တန်း ပေးနေတာ ဖြစ်ပါတယ်။ မြို့ဦးစေတီမှာပေါ့။ အယောက် ၁၀၀ ကျော်ရှိတယ်။ သူတို့ကို COVID ရောဂါရှိ၊ မရှိ စစ်ဆေးတော့ အယောက် ၇၀ ကျော်မှာ ရောဂါပိုးတွေ့တယ်။ သူတို့ကတော့ လက်ရှိမှာ ရောဂါကုစင်တာအသီးသီးကို ရောက်သွားပါပြီ။ ကျန်တဲ့ သင်တန်းသားတွေကိုလည်း Quarantine ထားထားပါတယ်”ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အလားတူ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ဗိုလ်တထောင်မြို့နယ်အတွင်း မဲရုံများ၌ လုံခြုံရေးဆောင်ရွက်ရန် သင်တန်းပေးနေသည့် ၃၈ ဦးကိုလည်း COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရာ ၁၁ ဦးမှာ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ရပြီး ၁၁ ဦးအနက် သုံးဦးမှာ သင်တန်းပို့ချနေသည့် ဗိုလ်တထောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တွင်လည်း သင်တန်ပေးနေသည့် အထူးရဲတပ်သားအဖြစ် ဆောင်ရွက်မည့် ၂၈၇ ဦးကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ သုံးဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများမှာ ၅၆၉၀ ကျော်ရှိသည်ဟု သိရကာ မဲရုံတစ်ရုံလျင် အထူးရဲ သင်တန်းသား တစ်ဦးစီ စုစုပေါင်းဦးရေ ၅၆၀၀ ကျော်ဖြင့် လုံခြုံရေးတာဝန် ဆောင်ရွက်စေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သိရသည်။















