ယခုလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တောင်တရုတ်ပင်လယ်မှ လာသည့် မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များကြောင့် တောင်ပိုင်းဒေသများတွင် မိုးဆက်ရဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
“ သချင်္ာပုံစံပြု မော်ဒယ်တွေမှာတော့ အိန္ဒိယတစ်ခုပဲပြတယ်။ ကျန်တဲ့ဟာတွေမှာတော့ လေဖိအားနည်းရပ်ဝန်းတောင် သိပ်ကောင်းကောင်းမတွေ့ဘူး။ လေဖိအားနည်း ရပ်ဝန်းဖြစ်ရင် ကပ္ပလီပင်လယ်ပြင်ထဲမှာ ဖြစ်မှာ၊ ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းတော့ နည်းနည်းလေးနည်းတယ်။ ဖြစ်ရင်လည်း လေဖိအားနည်းရပ်ဝန်းနဲ့ အားပျော့သွားမယ့် အနေအထားရှိတယ်။ မုတ်သုံဆုတ်ခွာဖို့က တောင်တရုတ်ပင်လယ်ပြင်မှာ မုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံးဖြစ်နေတယ်။ အခုနောက် တစ်လုံးလာနေပြီ၊ ဒီကောင်ပြီးသွားရင် သူ့နောက်မှာ နောက်တစ်လုံးရှိနေတယ်။ သူ့ရဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေက တောင်ပိုင်းကိုဖြတ်နေတယ်။ တရုတ်ဘက်က လာတဲ့လေဖိအားကြီးရပ်ဝန်းက အပေါ်က ဖိထားတဲ့အတွက် အပေါ်ကို မတက်နိုင်ဘဲ မြန်မာနိုင်ငံတောင်ပိုင်းကို ဆင်းတဲ့အခါ တောင်ပိုင်းမှာ မုတ်သုံအဆုတ်က နည်းနည်း နောက်ကျနေတယ်။ မွန်တို့ ကရင်တို့လောက် မုတ်သုံထွက်မယ်ဆိုရင် ထွက်လို့ရပြီ၊ တနင်္သာရီတစ်ခုပဲ ကျန်နေတယ်။ ထိုင်းပင်လယ်ကွေ့က မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်တွေက တောက်လျှောက်လာနေဦးမယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာ ၁၀ ရက်ပတ် မိုးလေဝသခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁) ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ အနောက်တောင် မုတ်သုံလေသည် အောက်တိုဘာ ၁၃ ရက်မှ (၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ် အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အနည်းငယ်ရှိနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
မိုးရွာသွန်းမှုအခြေအနေသည် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၃) ရက်မှ (၅) ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၆) ရက်မှ (၈) ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။
ယခုနှစ် လာနီညာဖြစ်စဉ်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများပိုမိုဖြစ်ပွားနိုင်ကာ၊ ညအပူချိန်လျော့ကျခြင်း၊ အရှေ့ဘက်မှ လေပွေလှိုှုင်းများ တိုက်ခတ်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားနည်းသော လာနီညာ အခြေအနေသို့ ရောက်ရှိနေကြောင်း၊ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သချင်္ာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ လာမည့်နိုဝင်ဘာလ-ဒီဇင်ဘာလများတွင် အားကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။















