COVID-19 ကို အနိုင်ယူအိမ်ပြန်လာတဲ့ အသက်တစ်ရာပြည့် အဘွားဒေါ်သိန်းခင်နဲ့ မိသားစုရဲ့အောင်ပွဲ

COVID-19 ကို အနိုင်ယူအိမ်ပြန်လာတဲ့ အသက်တစ်ရာပြည့် အဘွားဒေါ်သိန်းခင်နဲ့ မိသားစုရဲ့အောင်ပွဲ
အဘွားဒေါ်သိန်းခင် (အလယ်) နှင့် မိသားစုဝင်အချို့ကို တွေ့ရစဉ်
အဘွားဒေါ်သိန်းခင် (အလယ်) နှင့် မိသားစုဝင်အချို့ကို တွေ့ရစဉ်
Published 11 October 2020
နေဝန်းထက်

လွတ်လပ်ရေးရပြီးစအချိန် ကတည်းက အင်းစိန်မြို့နယ်ဟာ ရန်ကုန်မြို့ရဲ့ အထင်ကရအဖြစ်အပျက်တွေ ဖြစ်ပေါ်ရာနေရာတစ်ခု ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဦးကာလအတွင်းက နာမည်ကျော် ရန်ကုန်-အင်းစိန် တိုက်ပွဲတွေကြောင့်လည်း အင်းစိန်မြို့နယ်ဟာ သမိုင်းစာမျက်နှာတွေထဲမှာ လူသိများတဲ့နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်းမှာ အင်းစိန်မြို့နယ်ဟာ COVID-19 ပထမလှိုင်း ရိုက်ခတ်စဉ်အချိန်ကလည်း ပိုးတွေ့လူနာအများဆုံး တွေ့ရှိရာနေရာဖြစ်သလို လက်ရှိဒုတိယလှိုင်းကာလအတွင်းမှာလည်း ပိုးတွေ့လူနာအများဆုံး တွေ့ရှိရာ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ COVID-19 ရိုက်ခတ်မှုကြောင့် ဒီမြို့နယ်လေးမှာ နေထိုင်သူ ၁၀၀၀ ကျော်လောက်ဟာ ရောဂါပိုးကူးစက်မှုကို ခံခဲ့ရပါတယ်။

ဒီလိုမျိုး COVID-19 ကပ်ရောဂါပိုး ကူးစက်ခံခဲ့ရသူတွေထဲမှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ သက်တော်ရှည် အဘွားဒေါ်သိန်းခင်လည်း ပါဝင်ခဲ့ပြီး အဘွားကတော့ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်အတွင်းက ရဲဘော် (၁) လမ်းမှာ မိသားဝင် မြေးမြစ်တွေနဲ့အတူ သက်ရှည်ကျန်းမာစွာဖြင့် နှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

“ အဲဒီအဘွားရဲ့မြေး မရီတောင် အသက်က လေးဆယ်ကျော် ငါးဆယ်လောက်ဖြစ်နေပြီ။ သူတို့ကို နေတာ ဟိုးအရင်ကတည်းက။ အဲဒီအဘွားက ဟိုးအရင်ငယ်ငယ်ကတည်းက အဲဒီမှာနေတာလို့ကြားတယ်” ဟု အဘွားဒေါ်သိန်းခင်တို့ နေအိမ်ရှိရာ ရဲဘော် (၁) လမ်းအနီးတွင် နေထိုင်တဲ့ ကိုပိုင်ဟန်ကိုက ပြောပါတယ်။ 

အင်းစိန်မြို့နယ်အတွင်းမှာသာမက ရန်ကုန်တစ်မြို့လုံးတွင်ပါ ရိုက်ခတ်မှု ပြင်းထန်နေတဲ့ COVID-19 ဒုတိယလှိုင်းကြီးဟာ စက်တင်ဘာလကုန်ပိုင်းလောက်မှာတော့ အဘွားဒေါ်သိန်းခင်တို့ မိသားစုထံ ရောက်ရှိလာခဲ့ပါတယ်။ အဘွားဒေါ်သိန်းခင်ဟာ သူမရဲ့ အသက် ၇၆ နှစ်အရွယ်ရှိ သမီးဖြစ်သူ၊ မြေးဖြစ်သူ ရောဂါအခံတွေရှိတဲ့ ဒေါ်ဝင်းရီ၊ အသက် ငါးနှစ်အရွယ်နှင့် သုံးလအရွယ် မြစ်နှစ်ဦးတို့အပါအဝင် မိသားစုဝင် ၁၁ ဦးနှင့်အတူတကွ နေထိုင်လျက်ရှိပါတယ်။

“ ကျွန်မက ဆီးချို၊ သွေးတိုး ရောဂါအခံတွေရှိတယ်။ ဒီမှာနေတာက အဘွားရယ်၊ နောက် ဒီသမီးလေးနဲ့ ဟောဒီက ကလေးလေးသုံးလပဲရှိသေးတယ်။ အဘွားရဲ့ မြစ်ကလေးတွေပေါ့။ နောက် အစ်ကိုတစ်ယောက်ရဲ့ မောင်တစ်ယောက်ရယ် အားလုံးပေါင်းဆိုရင်တော့ ၁၂ ယောက်ရှိတယ်လေ” ဟု အဘွားဒေါ်သိန်းခင်၏မြေး ဒေါ်ဝင်းရီက ပြောပြပါတယ်။

တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်ဆဲဖြစ်တဲ့ COVID-19 ကပ်ရောဂါဆိုးကြီးဟာ ရွှေဆိုင်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အဘွားဒေါ်သိန်းခင်ရဲ့ မြေးတစ်ဦးထံ ချင်းနင်းဝင်ရောက်လာချိန်မှာတော့ အဘွားတို့မိသားစုဟာ အခြားမိသားစုဝင်တွေဆီ ထပ်မံမကူးစက်စေဖို့ ကြိုးစားကာကွယ်ခဲ့ရပါတယ်။ အချိန်ကိုက် ဝင်ရောက်တိုက်ခိုက်လာတဲ့ ဒီကပ်ရောဂါကြောင့် အဘွားဒေါ်သိန်းခင်ဟာ ကွယ်လွန်ပြီးသည်မှာ တစ်လသာရှိသေးတဲ့ မြေးယောကျ်ားလေးတစ်ဦးအတွက် တစ်လပြည့် ဆွမ်းကပ်အလှူလုပ်ရမယ့် အခြေအနေတွေဟာ အပြောင်းအလဲ ဖြစ်ခဲ့ရပါတော့တယ်။

“ အဘွားကတော့ ရောဂါအခံ မရှိဘူး။ အိမ်မှာက ကျွန်မလည်း ရောဂါအခံတွေနဲ့။ နောက် အမေကလည်း အသက်က ၇၆ နှစ်ရှိပြီ။ ကျွန်မလိုပဲ ရောဂါအခံတွေရှိတယ်။ စဖြစ်တာက မောင်လေးတစ်ယောက်က ရွှေဆိုင်မှာလုပ်တာ။ သူက အဖျားနည်းနည်းရှိလာတော့ အောက်မှာ နေတာပေါ့ သူက။ အဲဒီတော့ အောက်က အခန်းမှာ သူကို သတ်သတ်ထားတယ်။ ခွဲထားပေမဲ့ ဒီထမင်းစားဖို့ကို ဒီညီမလေးက လုပ်ပေးတာပေါ့။ အဲဒီနောက် ဒီညီမလေးလည်း အန့ံပျောက်တာတို့ ဖြစ်တယ်။ ကျွန်မလည်း ဖြစ်လာတော့။ အဲဒီအချိန်မှာက မောင်လေးတစ်ယောက် ဆုံးတာကလည်း တစ်လပြည့်လုပ်ဖို့ ရှိနေတာ” ဟု ဒေါ်ဝင်းရီက ပြောပြပါတယ်။

ကပ်ရောဂါဆိုးကြီး မိသားစုစီချင်းနင်းဝင်ရောက်စအချိန်မှာပင် အခြားသူများနှင့်တွေ့ဆုံခြင်း မပြုလုပ်တော့ဘဲ အဘွားဒေါ်သိန်းခင်နဲ့ သမီးဖြစ်သူတို့ အပါအဝင် မိသားစုဝင်အချို့ဟာ နေအိမ်မှာ Quarantine နေထိုင်ခဲ့ပြီး မြေးဖြစ်သူ မဝင်းရီနဲ့ အခြားမိသားစုဝင်တွေကတော့ Hotel Quarantine ဖြင့် သီးသန့်နေထိုင်ခဲ့ကြပါတယ်။

အသက်တစ်ရာရှိ အဘွားဒေါ်သိန်းခင်အပါအဝင် ၁၂ ဦးရှိတဲ့ ဒီမိသားစုမှာ ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့  အဘွားရဲ့ မြေးဖြစ်သူတစ်ဦးသာ ရောဂါပိုးကူးစက်ခြင်း မခံခဲ့ရဘဲ ကျန်မိသားစုဝင် ၁၀ ဦးကတော့ ရောဂါပိုးကူးစက်ခံခဲ့ရပါတယ်။ COVID-19 Positive ရလဒ်ကို သိရှိပြီးတဲ့ နောက်မှာတော့ မဝင်းရီဟာ အဘွားဒေါ်သိန်းခင်နဲ့ အသက် ၇၆ နှစ် အရွယ် မိခင်ဖြစ်သူတို့အပေါ် စိုးရိမ်ခဲ့ပေမဲ့ သူမကိုယ်တိုင်ကလည်း အခြားရောဂါအခံများ ရှိသူတစ်ဦးဖြစ်လို့ မိသားစုဝင်တွေဟာ တစ်ဦးနဲ့တစ်ဦး စိတ်ဓာတ် ခွန်အားပေးရင်း ရောဂါဆိုးကြီးကို ရင်ဆိုင်ခဲ့ပါတယ်။

“ မောင်လေး တစ်လပြည့် စောင့်နေရင်း အိမ်မှာက အဘွားတို့ အမေတို့ ရှိနေတော့ မဖြစ်ဘူးဆိုပြီး ကျွန်မတို့က Hotel Quarantine ဝင်တယ်။ နောက် အဘွားတို့ အမေတို့က အိမ်မှာပေါ့။ Quarantine နေကြတယ်။ အဲဒီနောက် Positive ဖြစ်မှန်းသိတော့ ကျွန်မတို့တတွေ လှိုင်မှာ ပြောင်းနေရတယ်။ ကျွန်မတို့က အမေတို့ အဘွားတို့ကို စိတ်ဓာတ်မကျဖို့ အားပေးပေါ့။ ခွဲနေရတာကိုး။ ကျွန်မတို့ကသာ အားပေးနေတာ အဘွားတို့ကလည်း ကျွန်မတို့ကို ပြန်စိတ်ပူနေရော။ ရောဂါအခံတွေ ရှိတော့။ ပြီးတော့ ဒီသမီးတစ်ယောက်ကလည်း ကျောက်ကပ်မကောင်းဘူးလေ။ မိသားစုတွေအချင်းချင်း အားပေးပြီး စိတ်ဓာတ်မကျအောင် နေထိုင်ခဲ့ရတယ်” ဟု ဒေါ်ဝင်းရီက အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ရှိမည့် ကလေးငယ်တစ်ဦးကို ဖက်ကိုင်လျက် ပြောပြပါတယ်။

Quarantine ရက်တွေနဲ့ ပိုးကူးစက်ခံရကြောင်း သိရှိအပြီး ရောဂါကုသမှု ခံနေရတဲ့ ကာလတွေအတွင်းမှာ အဘွားဒေါ်သိန်းခင်နဲ့ အခြားမိသားစုဝင်တွေဟာ ရောဂါလက္ခဏာတွေကို ထူးထူးခြားခြား ခံစားခဲ့ရတာတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ မြေးဖြစ်သူ ဒေါ်ဝင်းရီကတော့ အန့ံမရတာတွေ၊ ဝမ်းလျှောတာလိုမျိုး COVID-19 ရောဂါရဲ့ လက္ခဏာအချို့ကိုတော့ ခံစားခဲ့ရပါတယ်။ ဒီအတွက် ကနဦးကုသမှုခံယူနေရတဲ့ ကနဦးရက်တွေမှာ ဒေါ်ဝင်းရီဟာ အစားအသောက်ပါ ပျက်လာခဲ့ပေမဲ့ မိသားစုဝင်တွေရဲ့ ဖေးမကူညီမှုတွေကြောင့် ပြန်လည်၍ စိတ်အားတက်လာရင်း ကပ်ရောဂါတိုက်ပွဲကို ဆင်နွှဲခဲ့ပါတော့တယ်။

“ အဘွားက ဘာမှမဖြစ်ဘူး။ ကျွန်မက အန့ံမရဘူး။ ဖျားတယ်။ ဝမ်းလျှောတာတွေဖြစ်တယ်။ အစပိုင်းဆို အရသာပျက်နေတော့ အစားပါ မစားချင်ဘူး။ စိတ်ဓာတ်ကလည်း ကျချင်လာတယ်။ ဒါပေမဲ့ မိသားစုက တိုက်တွန်းတယ်။ မစားလို့မရဘူး။ စားမှရမယ်။ အဲဒါနဲ့ အစားရအောင်ပြန်စားတယ်” ဟု ဒေါ်ဝင်းရီက ဆိုပါတယ်။

အဘွားဒေါ်သိန်းခင်ဟာ ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ မရှိ မသိရသေးတဲ့ ရက်တွေမှာ အင်းစိန်မြို့နယ်က GTI ကျောင်းမှာ Quarantine နေထိုင်ခဲ့ပြီး အဲဒီနောက် COVID-19 Positive ရလဒ်ထွက်ပေါ်ခဲ့တဲ့ အချိန်မှာတော့ ရိုးမရိပ်သာ Quarantine Centre ကို ပြောင်းရွှေ့ကုသမှုခံယူခဲ့ပါတယ်။ မိသားစုဝင်တွေက လှိုင်မြို့နယ်က Quarantine Centre မှာ ကုသမှုခံယူခဲ့တာဖြစ်ခဲ့ရတဲ့အတွက် မိသားစုနဲ့ သီးခြားနေထိုင်ခဲ့ရပေမဲ့ အဘွားဒေါ်သိန်းခင်ကတော့ COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက်မှာလည်း Negative ရလဒ်ထွက်တဲ့  နေ့ရက်တွေရောက်တဲ့ အချိန်အထိ ရောဂါလက္ခဏာတွေကို လုံးဝခံစားခဲ့ရခြင်း မရှိခဲ့ပါဘူး။ အသက်တစ်ရာရှိပြီဖြစ်တဲ့  အဘွားဟာ နေ့စဉ် ဘုရားရှိခိုး၊ မေတ္တာပို့လို့ ပုံမှန်နေထိုင်ကျ ပုံစံအတိုင်း ဖြတ်သန်းရင်းနဲ့ပဲ သက်ကြီးရွယ်အိုတွေကို ခြိမ်းခြောက်မှုကြီးမားနေတဲ့ COVID-19 ကပ်ရောဂါကြီးဟာ အဘွားကို လက်မြှောက်အရှုံးပေးခဲ့ရပါတော့တယ်။

“ အဘွားက ဘာမှမဖြစ်ဘူး။ အဘွားက ညဆိုရင် ၁ နာရီလောက်မှ အိပ်ဖြစ်တယ်။ ပုတီးစိတ်တယ်။ ဘုရားရှိခိုးတယ်။ ပြီးတော့ မေတ္တာပို့ပြီးနေတယ်။ သူတို့ကိုလည်း မေတ္တာပို့တယ်။ ကောင်းကောင်းလည်း ထားကြပါတယ်။ အကုန်လုံးကို မေတ္တာပို့ပြီး ဘုရား၊ တရား အာရုံပြုပြီးနေတယ်။ အဘွား သောက်နေကျဆေးတွေ သောက်တယ်။ သူတို့ကလည်း Ensure ၊ MILO ၊ Overtine သောက်ချင်တာ စားချင်တာရှိ ကျွေးကြပါတယ်” ဟု အဘွားဒေါ်သိန်းခင်က ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ လူဦးရေနှစ်သောင်းခွဲကျော် ရောက်ရှိနေပြီး သေဆုံးသူအရေအတွက်ဟာလည်း ခြောက်ရာနီးပါးအထိ ရောက်ရှိလာခဲ့ပါပြီ။ ဒီလိုအခြေအနေမှာ ရောဂါပိုးတွေ့ရှိသူတွေကို ခွဲခြားဆက်ဆံတာမျိုးတွေကလည်း ရှိနေတုန်းပါဘဲ။ ဒီလိုခွဲခြားဆက်ဆံတာမျိုးဟာ ကူးစက်ခံထားရသူရဲ့ ပြန်လည်ကောင်းမွန်လာဖို့  ကြိုးစားနေထိုင်မဲ့ စိတ်ပိုင်းဆိုင်ရာကို ကျဆင်းစေပါတယ်။ ဒီအတွက် ဒီလိုခွဲခြားဆက်ဆံတာမျိုးတွေ ရှောင်ရှားစေလိုကြောင်း ဒေါ်ဝင်းရီက တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံရပြီးတဲ့ အချိန်မှာလည်း စိတ်ဓာတ်မကျသွားဘဲအစား ပုံမှန်စားသောက်ပြီး ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့လည်း တိုက်တွန်းပါတယ်။

“ ရောဂါဖြစ်ပြီဆိုရင် လူတွေက ရှောင်ကြတာတွေ ဖြစ်လာတယ်။ ပြောရရင် ခွဲခြားဆက်ဆံတာပေါ့။ အဲဒါမျိုးတွေလုပ်တာဟာ ရောဂါရှိနေသူတွေကို စိတ်ဓာတ်ကျသွားစေတယ်။ ဘာဖြစ်လို့ဆိုရင် ရောဂါကို ပြန်တိုက်ဖို့ရာ စိတ်ဓာတ်မကျဖို့ လိုတယ်လေ။ စိတ်ဓာတ်မကျဘဲ အစားပုံမှန်စား၊ သောက်နေကျဆေး ပုံမှန်သောက်ပြီးနေရင် ဒီရောဂါကြီးကို ကျော်လွှားနိုင်တယ်။ ကျွန်မက ကိုယ်တွေ့လေ။ အဲဒါကြောင့် ရောဂါပိုးရှိသူတွေကို ခွဲခြားမဆက်ဆံကြပါနဲ့။ ရောဂါဖြစ်လာရင်လည်း ကျန်းမာရေးက ပြောထားတဲ့ စီဗစ်သောက်တာတို့ အစားပုံမှန်စားပေးတာတို့ လုပ်ပါ။ နောက်ပြီး ဝမ်းလျှောတတ်တဲ့ ရောဂါဆိုတော့ ဓာတ်ဆားရည်သောက်ပေးပါ။ တကယ်ကို အကျိုးရှိပါတယ်” ဟု ဒေါ်ဝင်းရီက သူမရဲ့ အတွေ့အကြုံကို ပြန်လည်မျှဝေ ပြောပြပါတယ်။

အဘွားဒေါ်သိန်းခင်ဟာ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်မှာ ဖွားမြင်ခဲ့တာဖြစ်လို့ အသက်တစ်ရာပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရသူတွေထဲကမှ အသက်အရွယ်အကြီးဆုံးဖြစ်တဲ့ အဘွားဒေါ်သိန်းခင်နဲ့ မိသားစုတွေကတော့ ကျန်းမာပျော်ရွှင်စွာနဲ့ နေအိမ်မှာ ပြန်လည်နေထိုင်ကြပါပြီ။ အဘွားတို့ မိသားစုဟာ ပြည်သူတွေအတွက် အားမလျှော့ဘဲ တိုက်ထုတ်ရင်း COVID-19 ကပ်ရောဂါဆိုတာ အနိုင်တိုက်ထုတ်လို့ရတဲ့ ရန်သူဖြစ်တယ်ဆိုတာကို ပြသနေတဲ့ ပြယုဂ်တစ်ခုပါပဲ။ နေအိမ်ဝရန်တာကနေ လက်ပြပြုံးပြနေတဲ့ အဘွားဒေါ်သိန်းခင်တို့ မြေးအဘွားတစ်စုဟာ ပြည်သူတွေ တိုက်ထုတ်နေတဲ့ ဘုံရန်သူ ကပ်ရောဂါ တိုက်ပွဲအတွက် အောင်ပွဲတစ်ခုဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတော့တယ်။

“ အခုခေတ်က ဆုတ်ကပ်ကြီးဆိုတော့ ဘုရားတရားမမေ့ကြနဲ့။ မေတ္တာပို့ပြီး နေထိုင်ကြ။ အဘွားတို့က နေလာခဲ့ပြီးပြီ။ ဘာမှ မကျန်တော့ဘူး။ ငယ်ရွယ်တဲ့သူတွေကတော့ ဘုရားတရားမမေ့ကြနဲ့။ မေတ္တာနဲ့ နေကြပါလို့ အဘွားကတော့ ဒါပဲပြောချင်တယ်” ဟု အဘွားဒေါ်သိန်းခင်က ကပ်ရောဂါတိုက်ပွဲကြီးကို ဆင်နွှဲနေရတဲ့ ပြည်သူတွေအတွက် ပြောပြခဲ့ပါတယ်။