ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကိုင်တွယ်မှု၌ ပျော့ညံ့ပြီး မလုပ်ဆောင်တတ်ပါက ဆောလျင်စွာနုတ်ထွက်ရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ပြောကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကိုင်တွယ်မှု၌ ပျော့ညံ့ပြီး မလုပ်ဆောင်တတ်ပါက ဆောလျင်စွာနုတ်ထွက်ရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ပြောကြား
Published 7 October 2020
ကောင်းခန့်လင်း(မုံရွာ)

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကိုင်တွယ်မှု၌ ပျော့ညံ့ပြီး မလုပ်ဆောင်တတ်ပါက ဆောလျင်စွာ နုတ်ထွက်ရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောကြားသည်။

“ ရွေးကောက်ပွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုင်တွယ်မှုက အရမ်းပျော့ညံ့တယ်။ မလုပ်တတ်ဘူးဆိုရင်လည်း စောစောစီးစီး နုတ်ထွက်တာ မဟုတ်ဘူး။ ဒီကော်မရှင်က။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေကို ဆင်ဆာဖြတ်တာတွေကအစ တော်တော်လေး တရားလွန်လာတယ်” ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောကြားသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံပိုင်ရုပ်သံဟောပြောချက်များထဲမှ မူးယစ်ဆေးဝါးကိစ္စ၊ လက်နကိုင်အဖွဲ့၏ တစ်ဖက်သတ်အနိုင်ကျင့်မှုကိစ္စ စသည့်အကြောင်းအရာများကို ကော်မရှင်က ဆင်ဆာဖြတ်တောက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေကို ဆင်ဆာဖြတ်တာ။ ကျွန်တော်တို့ပါတီရဲ့ဟောပြောချက်ထဲမှာ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ ပတ်သက်တာပါတယ်။ နောက်ပြီးတော့လည်း KIA ရဲ့ တစ်ဖက်သတ် အနိုင်ကျင့်မှုတွေဆိုတဲ့အကြောင်းပါ ထည့်သွင်းထားတယ်။ အဲဒါတွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မပြောခိုင်းဘဲ ဆင်ဆာဖြတ်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီအမှတ်တံဆိပ်ကို အလံဖြင့်အသုံးမပြုရဟု သတ်မှတ်ထားသော်လည်း ပါတီအချို့မှာ ပါတီအမှတ်တံဆိပ်ကို အလံအဖြစ် အသုံးပြုနေကြကြောင်း၊ ယင်းဖြစ်စဉ်အပေါ်တွင် ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်က ယနေ့အထိ အရေးယူနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ပါတီအမှတ်တံဆိပ်ကို အလံအဖြစ် အသုံးမပြုရဆိုပြီး သတ်မှတ်ထားတာရှိတယ်။ ညွန်ကြားချက်တွေ ထွက်ထားတာလည်းရှိတယ်။ အသုံးပြုတဲ့သူကို ဘယ်လိုအရေးယူမလဲဆိုတာ ရွေးကောက်ပွဲကော်မရှင်က အခုထိ အရေးမယူနိုင်ဘူးလေ။ တော်တော်အားနည်းတယ်” ဟု ဦးစိုင်းဌေးအောင်က ဆိုသည်။

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်နှင့် တမူးမြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ထို့ပြင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူမြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ်တို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Most Read

Most Recent