နိုင်ငံရေးအရ ယုံကြည်ရာကို လွတ်လပ်စွာဆောင်ရွက်နိုင်သည့် အခွင့်အရေးအား အချို့က စိတ်ဝမ်းကွဲရေးအတွက် အသုံးပြု၍ တို့မီးရှို့မီးလုပ်နေကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံရေးအရ ယုံကြည်ရာကို လွတ်လပ်စွာဆောင်ရွက်နိုင်သည့် အခွင့်အရေးအား အချို့က စိတ်ဝမ်းကွဲရေးအတွက် အသုံးပြု၍ တို့မီးရှို့မီးလုပ်နေကြောင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 7 October 2020
ဉာဏ်လင်းထွန်း

နိုင်ငံရေးအရ ယုံကြည်ရာကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် အခွင့်အရေးအား အချို့က စိတ်ဝမ်းကွဲရေးအတွက် အသုံးပြု၍ တို့မီးရှို့မီးလုပ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင်များနှင့် အောက်တိုဘာ ၆ ရက်က အွန်လိုင်းတွင် ပြုလုပ်သည့် စကားဝိုင်းတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များ ပိုမိုရရှိလာပြီး နိုင်ငံရေးအရ လွတ်လွတ်လပ်လပ် ယုံကြည်ရာ ဆောင်ရွက်နိုင်သည့်အခွင့်အရေးကို အချို့က စိတ်ဝမ်းကွဲရေးအတွက် အသုံးပြုမှုများရှိကြောင်း NLD ပါတီဥက္ကဋ္ဌက ရခိုင်ပြည်နယ် NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင်နှင့် ဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ တချို့က ဒီလိုရတဲ့ အခွင့်အရေးတွေကို စိတ်ဝမ်းကွဲရေးအတွက် သုံးကြတယ်။ ဒီအခွင့်အရေးသုံးပြီးတော့ စိတ်ဝမ်းကွဲအောင်လို့ တို့မီးရှို့မီးတွေ လုပ်ကြတယ်။ အဲဒီဟာက ကျွန်မကတော့ ဘယ်လိုပဲစဉ်းစားစဉ်းစား ဘယ်လိုအကျိုးမှ မရှိနိုင်ဘူးလို့ပဲ မြင်တယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိမိလူမျိုး၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို တန်ဖိုးထားခြင်းသည် မှန်ကန်ပြီး ယင်းကို နိုင်ငံတော်ကလည်း အားပေးပံ့ပိုးကြောင်း၊ သို့သော် စိတ်ဝမ်းကွဲရန်လုပ်ဆောင်ခြင်းသည် မဖြစ်သင့်ကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်သူများအနေဖြင့် ပြည်ထောင်စုသားအချင်းချင်းဆိုသည့် စိတ်ဓာတ်ရှိသင့်ကြောင်း ၎င်းက ဆိုသည်။

“ အခု ရခိုင်မှာဆိုရင် လူမျိုးရေးပဋိပက္ခတွေ ရှိတယ်။ ကိုးကွယ်တဲ့ဘာသာအရ ပဋိပက္ခတွေ ရှိတယ်။ ဒီပဋိပက္ခတွေဟာ ကျွန်မတို့နိုင်ငံတစ်ခုလုံးကို ထိခိုက်တယ်။ ဒီပဋိပက္ခတွေကြောင့် ကျွန်မတို့နိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ရုန်းကန်ရတယ်။ စိန်ခေါ်မှုတွေနဲ့ အမျိုးမျိုးရင်ဆိုင်နေရတယ်။ နိုင်ငံတစ်နိုင်ငံအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ရတယ်ဆိုတာ တစ်ချိန်တည်းမှာ တစ်ခုတည်းရင်ဆိုင်ရတာ မဟုတ်ဘူး။ အများကြီးရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများပြားခြင်းအတွက် တစ်တိုင်းပြည်လုံးက ဝမ်းနည်းရကြောင်း၊ နိုင်ငံ၏ မည်သည့်နေရာတွင် ဖြစ် ပွားသည့် ပြဿနာဖြစ်စေ တစ်နိုင်ငံလုံး နာကျင်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ တစ်နေရာမှာ ဖြစ်ရင်ဖြစ်ချင်သာဖြစ်တို့နဲ့ မဆိုင်ဘူးဆိုတဲ့စိတ်ဓာတ် လုံးဝမရှိဘူး။ မရှိအောင် ကျွန်မတို့ ပြည်သူပြည်သားတွေကို အမြဲပဲသတိပေးပါတယ်။ နိုင်ငံရဲ့ဘယ်နေရာမှာ ပြဿနာဖြစ်နေဖြစ်နေ ကျွန်မတို့ တစ်နိုင်လုံးနာတာပဲ။ အဲဒါကြောင့် ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ကျွန်မတို့ကနေ ပျောက်ကင်းသွားစေချင်တယ်။ ရခိုင်မှာ တည်ငြိမ်မှု ရှိစေချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မွန်ပြည်နယ်အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးငွေမြင့်နှင့် ဆွေးနွေးချိန်တွင်လည်း မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်သည် တစ်ချိန်က ကိုယ့်မင်း၊ ကိုယ့်နေပြည်တော်ဖြင့် နေထိုင်ခဲ့သည့် ပြည်နယ်များဖြစ်ပြီး အဆိုပါဒေသရှိ အချို့ ပြည်သူများသည် လူမျိုးရေးကို ပို၍ဦးစားပေးသည့် ပုံစံများကို တွေ့ရကြောင်း ဆိုသည်။

“ ကျွန်မတို့က လူမျိုးရေးကို အလေးမထားတာ မဟုတ်ဘူး။ လူတိုင်းလူတိုင်းဟာ သူ့ရဲ့လူမျိုး၊ သူ့ယဉ်ကျေးမှု၊ သူ့ရဲ့ဘာသာစကား၊ ဒါတွေကို တန်ဖိုးထားတာ မှန်လည်းမှန်တယ်၊ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စလည်း ဖြစ်တယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး မြင့်မားပြီးတော့ ဒီထက်ပိုပြီးတော့ အရေးကြီးတဲ့ကိစ္စကတော့ ပြည်ထောင်စုကိစ္စပဲလို့ ကျွန်မ ခဏ ခဏ ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးအချို့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်အချို့ပါဝင်သည့် NLD ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို အဖွဲ့ဝင် ၃၁ ဦးဖြင့် သြဂုတ် ၁၇ ရက်က ဖွဲ့စည်းခဲ့ရာ ကော်မတီဥက္ကဋ္ဌ တာဝန်ယူသည့် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၉ ရက်မှစ၍ တိုင်းနှင့် ပြည်နယ် အောင်နိုင်ရေးကော်မတီ ခေါင်းဆောင်များနှင့် အွန်လိုင်းစကားဝိုင်း ပြုလုပ်ဆွေးနွေးလျက်ရှိသည်။

Most Read

Most Recent