ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းဆိုင်ဟွမ်နှင့် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းဆိုင်ဟွမ်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 7 October 2020
စည်သူ

“ တချို့ရွာတွေမှာ ရွာထဲအဝင်မခံတဲ့အခြေအနေ ရှိလာပါတယ်။ ကျွန်မတို့လည်း လက်မလျှော့ပါဘူး။ ရွာအဝင်မှာပိတ်ထားရင် ရွာပြင်ကနေ Sound Box တစ်လုံးနဲ့ ရွာကသူတွေကိုခေါ်ပြီး စည်းခြားပြီး မဲဆွယ်စည်းရုံးရတဲ့အထိ အခက်အခဲရှိပါတယ်”

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ကိုယ်စားပြု၍ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်း နန်းဆိုင်ဟွမ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အကြောင်းအရာများကို ဖော်ပြလိုက်ရပါသည်။

မေး  ၂၀၂၀ ရွေးကောက်ပွဲမှာ အစ်မအနေနဲ့ SNLD ပါတီကနေ ဘာကြောင့်ယှဉ်ပြိုင်ဖြစ်ခဲ့တာလဲ။

ဖြေ  ၂၀၂၀ ရွေးကောက်ပွဲမှာ ဘာကြောင့်ဝင်ရွေးခံဖြစ်တာလဲဆိုတော့ ကျွန်မအနေနဲ့ နိုင်ငံရေးဆိုတာ ပြည်သူလုထုရဲ့ကောင်းကျိုးကို အထိရောက်ဆုံး သယ်ပိုးဆောင်ရွက်နိုင်တယ်လို့ မြင်ပါတယ်။ ကျွန်မတို့ ရှမ်းပြည်နယ်မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးတွေမှာ လျှော့နည်းနေတာတွေ့တယ်။ အဲဒါကို ပြုပြင်ပြောင်းလဲဖို့က သာမာန်လူတစ်ယောက်အနေနဲ့ မလုပ်ဆောင်နိုင်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်မှသာလျှင် ကိုယ့်မြို့နယ် ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုပြီးထိထိရောက်ရောက်တာဝန်ယူပြီး လုပ်ဆောင်နိုင်မယ်လို့ ယူဆမိပါတယ်။ အစတုန်းကတော့ ကျွန်မကိုယ် ကျွန်မနုသေးတယ်။ လေ့လာသင်ယူရဦးမယ်လို့ ခံယူထားပေမယ့် လိုအပ်ချက်အရ၊ တာဝန်ပေးချက်အရ အခုလို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထမ်းဆောင်ဖြစ်လာတာပါ။

မေး  လက်ရှိမှာ COVID-19 ကာလဖြစ်နေတော့ မဲဆွယ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိနေပါသလဲ။

ဖြေ လက်ရှိကာလမှာ COVID-19 ရောဂါ အခြေအနေကြောင့် ကျွန်တို့မဲဆွယ်စည်းရုံးရေးဆင်းတဲ့အချိန်မှာ အခက်အခဲ များစွာရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေပါတယ်။ စည်းရုံးရေးမစခင်မှာ ပြည်သူတွေကို Mask တပ်တာတို့၊ လက်ဆေးရည်နဲ့ လက်ဆေးတာတို့၊ တစ်ယောက်နဲ့တစ်ယောက် အကွာအဝေးသတ်မှတ်ပြီး နေရာချပေးတာတို့ လုပ်ဆောင်ပြီးမှသာလျှင် မဲဆွယ်စည်းရုံးဖို့ကို စတင်ပါတယ်။ ခုရောဂါအခြေအနေက ပိုပိုဆိုးလာတယ်။ လူနာအရေအတွက်တွေလည်း များလာတယ်။ အဲဒါကြောင့် တချို့ရွာတွေမှာ ရွာထဲအဝင်မခံတဲ့ အခြေအနေရှိလာပါတယ်။ ကျွန်မတို့လည်း လက်မလျှော့ပါဘူး။ ရွာအဝင်မှာပိတ်ထားရင် ရွာပြင်ကနေ Sound Box တစ်လုံးနဲ့ ရွာကသူတွေကိုခေါ်ပြီး စည်းခြားပြီး မဲဆွယ်စည်းရုံးရတဲ့အထိ အခက်အခဲရှိပါတယ်။ မိုးရာသီလည်းဖြစ်တဲ့အတွက်ကြောင့်မို့ ကားရွံ့နွံထဲနစ်တဲ့အထိ လမ်းပန်းဆက်သွယ်မှုမှာလည်း အခက်အခဲ အများကြီးရှိပါတယ်။

မေး ■  အချို့နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ တောင်းဆိုတာတွေရှိတယ်။ ဒီအပေါ်မှာရော ဘယ်လိုသဘောထားရှိလဲ။

ဖြေ  ကျွန်မတို့ကျတော့ ရွေးကောက်ပွဲ နောက်မဆုတ်စေချင်ဘူး။ ကျွန်မတို့ကျတော့ ကြိုးစားပြီး လုပ်ဆောင်နေတာကိုး။ ဒီတော့ အချိန်ကို ဖြုန်းတီးသလို မဖြစ်စေချင်ဘူး။ COVID-19 လည်း COVID-19 ကာလအလျှောက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ လိုက်နာပြီးတော့မှ မဲဆွယ်စည်းရုံးရေးဆင်းတယ်။ ဒါကို နောက်ဆုတ်မယ်ဆိုရင် ထပ်ပြီးဆင်းရမယ့် သဘောရှိတယ်လေ။ ဒီလိုမျိုးဆိုတော့ နောက်ဆုတ်တာတွေ ဘာတွေဆိုတော့ မဖြစ်စေချင်ဘူး။ တချို့ကျတော့လည်း Lockdown တွေရှိတော့ မဲဆန္ဒနယ်ပြည်သူတွေနဲ့ တွေ့ဆုံဖို့ အခက်အခဲတွေရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း ရှိတယ်။ အဓိက,ကတော့ ရန်ကုန်ကပေ့ါ။ ကျွန်မတို့ကတော့ မဲဆွယ်စည်းရုံးရေးစကတည်းက ရွာမှာဆင်းပြီး နေနေရတာဆိုတော့လေ နယ်မြေမတူတဲ့အခါကျတော့ ကွဲလွဲတာတော့ ရှိပါတယ်။

မေး  လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်တွေအပေါ် အစ်မအနေနဲ့ ဘာများပြောချင်ပါသလဲ။

ဖြေ  ပွင့်လင်းမြင်သာမှုတော့ နည်းနည်းလျော့နည်းတယ်လို့ ထင်တယ်။ တကယ်တမ်းဆိုရင် ကျွန်မတို့ပတ်သက်တဲ့ ပါတီတွေရဲ့ သက်ဆိုင်ရာကိုဆွေးနွေးတာတို့ ဘယ်လိုလုပ်မယ်ဆိုတာမျိုးပေ့ါ။ သူတို့အချင်းချင်း ပြေလည်ရင် ပြေလည်ကြောင်း ဘယ်လိုလုပ်နေသေးတယ်။ သူတို့အဆင်မပြေသေးဘူးဆိုတဲ့ အကြောင်းကို ဆွေးနွေးပြီး လုပ်ရင်တော့ ကောင်းတာပေါ့။ ဒီမှာကတော့ အဲဒီလိုမျိုးတော့ မရှိပါဘူး။ သူတို့မှာလည်း COVID-19 တွေနဲ့ အခက်အခဲတော့ရှိမှာပဲ။ ကျွန်မတို့မှာလည်း ကျွန်မတို့အနေနဲ့ အခက်အခဲရှိတယ်။ အဲဒီရှိတဲ့အခက်အခဲကိုပဲ ကျွန်မတို့ ပါတီကိုခေါ်ပြီးတော့ ဒီလိုရှိနေတယ်လို့ အကြောင်းပြန်ပေးရင်တော့တစ်မျိုးပေ့ါ။ ကျွန်မတို့က ကျွန်မတို့သိချင်တာပဲ သွားသွားပြီးမေးနေရတာကိုး။

မေး  ရွေးကောက်ပွဲနီးလာချိန်မှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ No Vote ကိစ္စပေ့ါနော်။ ဒီအပေါ်မှာရော ဘယ်လိုသဘောထားရှိလဲဗျ။

ဖြေ  မဲပေးတယ်ဆိုတာက ကိုယ့်ရဲ့တိုးတက်မှု၊ ကိုယ့်တိုင်းပြည်ရဲ့တိုးတက်မှု၊ ကိုယ့်တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တိုးတက်ဖို့အတွက် ဘယ်သူ့လက်ထဲ အပ်မလဲဆိုတာ ကိုယ်ကိုယ်တိုင်ရွေးရတာ ဖြစ်ပါတယ်။ ကိုယ်တိုင်ရွေးရတာ အခွင့်အရေးရှိနေတယ်။ ကိုယ်က ရွေးနေရတာကို မရွေးဘူးဆိုရင် တော်တော်ကြီးညံ့လို့ပေ့ါနော်။ တကယ်တမ်းဆိုရင် အရင်ခေတ်လိုမျိုး ကြောက်နေရတာမျိုး မဟုတ်တော့ဘူး။ ကိုယ့်မှာရှိတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချပြီး ဘယ်သူ့ကိုတက်စေချင်လဲဆိုတာ မဲက ထည့်ကိုထည့်ပေးသင့်တယ်။ မထည့်ဘူးဆိုရင်တော့ ကိုယ့်အပြစ်ပေ့ါနော်။ ပါတီတွေများလာတယ်ဆိုတာ ကောင်းတဲ့အရာပါ။ ကိုယ်က အာဏာရှင်စနစ်မကြိုက်လို့ ပါတီစုံစနစ်ကို ရွေးနေတာလေ။ ပါတီများတော့ ရွေးချယ်မှုများတယ်။ နည်းနေမယ်ဆိုရင် မကြိုက်တကြိုက်နဲ့ ရွေးရမှာ။ ပြည်သူတွေအနေနဲ့ ပါတီတွေ များလာရခြင်းမှာ ကိုယ့်မှာရွေးချယ်ဖို့ များလာတဲ့အတွက် မဲထည့်ကိုထည့်သင့်တယ်။ ထည့်ပေးစေချင်တယ်လို့ ပြောချင်ပါတယ်။

မေး  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး ပိုင်ဆိုင်မှုချပြသင့်တယ်ဆိုတဲ့ကိစ္စအပေါ်မှာရော ဘာများပြောချင်လဲ။ ချပြဖို့ရော ရှိလား။

ဖြေ  ကျွန်မအမြင်တော့ ပိုင်ဆိုင်မှုပြခိုင်းတယ်ဆိုတာက လာဘ်စားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေများလို့ ဒီလိုဥပဒေတွေထားစေချင်တဲ့ သဘောရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့ပိုင်ဆိုင်မှု ဘယ်လောက်ရှိနေ သူ့အိတ်ထဲမှာ ဘယ်လောက်ရှိနေတယ်ဆိုတာ သိနေတယ်ဆိုရင် အခု သူရှိနေတာက ဘယ်လောက်တိုးလဲဆိုတာ ပိုပြီးမြင်စေတာပေ့ါနော်။ ဒါကြောင့်မို့လို့ ဒီလိုထားတာ ကောင်းလား၊ မကောင်းလားကိုတော့ မဝေဖန်ချင်ဘူး။ ဒီလိုထားတယ်ဆိုတာက ဒီလိုလွှတ်တော်ကိုယ်စားလှယ်တွေရှိလို့ ဖြစ်မယ်ထင်ပါတယ်။ ကျွန်မကို ပိုင်ဆိုင်မှုချပြပါဆိုရင်တော့ စည်းမျဉ်းစည်းကမ်းအနေနဲ့ ချပြရမယ်ဆိုရင်တော့ ကိုယ့်ပိုင်ဆိုင်မှု ရှိသလောက်တော့ ချပြရမှာပဲ။

မေး  နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ပြောချင်တာရှိရင် ဖြည့်စွက်ပြောပေးပါဦး။

ဖြေ ■  မဲဟာရခဲတဲ့ နိုင်ငံသားတိုင်းရဲ့ ကြီးမားတဲ့ မဟာအခွင့်အရေးတစ်ခုပါ။ ကိုယ့်ပြည်နယ်၊ ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမဲ့ကိစ္စမို့လို့ ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်းရဲ့ ရင်ထဲကမဲဆန္ဒကို မဖြစ်မနေ မဲထည့်ပေးစေချင်ပါတယ်။ SNLD ပါတီကိုရော ကျွန်မကိုပါ ယုံယုံကြည်ကြည်နဲ့ အားပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

Most Read

Most Recent