မြန်မာ့ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် ပြည်သူတို့၏ မျှတစွာ ရွေးချယ်ခွင့်ကို ဆုံးရှုံးနေစေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စနစ်ဆိုင်ရာ ပြဿနာများက လှိုက်စားနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အောက်တိုဘာ ၅ တွင် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၈ အထွေထွေရွေးကောက်ပွဲသည် ၁၉၉၀ နောက်ပိုင်း ဒုတိယမြောက် ရွေးကောက်ပွဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ပထမဆုံးသော အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။
နိုင်ငံသားဖြစ်ခွင့်ကို ခွဲခြားမှု၊ ဘင်္ဂါလီ မွတ်စလင်များကို ဖယ်ထုတ်ထားမှု၊ မွတ်စလင် ကိုယ်စားလှယ်လောင်းများကို တားဆီးပိတ်ပင်ထားမှု၊ ပါလီမန် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်အတွက် ပေးထားရမှု၊ အစိုးရကို ဝေဖန်သူများအား တရားစွဲဆို အရေးယူမှု၊ အစိုးရနှင့် ပုဂ္ဂလိကမီဒီယာအကြား အခွင့်အရေး မညီမျှမှု၊ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများကို ဖြေရှင်းရန် သီးခြားလွတ်လပ်သောအဖွဲ့ မရှိမှုတို့က ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ ဖြစ်နေသည်။
"ဒုတိယအကြိမ် ပါတီစုံ ရွေးကောက်ပွဲကို ကျင်းပတာဟာ မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင်ပါ။ ဒါပေမဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ဆောင်စရာတွေ အများကြီးရှိနေပါတယ်။ ဒီရွေးကောက်ပွဲဟာ အခြေခံအရ ချွတ်ယွင်းမှု ရှိနေပါတယ်" ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ အာရှဆိုင်ရာ ဒါရိုက်တာ ဘရက်အဒမ်က ပြောကြားခဲ့သည်။
"စစ်ဘက်အတွက် လေးပုံတစ်ပုံ ဖယ်ထားပေးနေရသရွေ့၊ အစိုးရမီဒီယာကို မျှမျှတတ သုံးစွဲခွင့် မရသရွေ့၊ အစိုးရကို ဝေဖန်သူတွေ တားဆီးပိတ်ပင် ခံရတာတွေ၊ ဖမ်းဆီးခံရတာတွေ ရှိနေသရွေ့၊ ဘင်္ဂါလီ မွတ်စလင်တွေကို မဲပေးဖို့ ချန်ထားသရွေ့ ဒီရွေးကောက်ပွဲဟာ မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး" ဟု ဘရက်အဒမ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မကြာသေးမီ သီတင်းပတ်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း ရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။
လက်ရှိအခြေအနေတွင် မဲဆွယ်လှုပ်ရှားမှုကို မဆောင်ရွက်နိုင်သောကြောင့် အစိုးရက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် အတိုက်အခံပါတီများက တောင်းဆိုထားသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာသောကြောင့် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် Stay at Home နေထိုင်ကြရန် ပြည်သူများကို အာဏာပိုင်များက အမိန့်ထုတ်ထားသည်။
ယင်းထုတ်ပြန်ချက်များကြောင့် ဂျာနယ်လစ်အများအပြားသည် နေအိမ်တွင်သာ နေထိုင်နေကြရပြီး ရွေးကောက်ပွဲဆိုင်ရာ သတင်းရယူမှုအတွက် ဆောင်ရွက်နိုင်ခြင်း မရှိပေ။ ထင်ရှားသော သတင်းစာ အများအပြားသည် သတင်းစာထုတ်ဝေမှုကို ရပ်ဆိုင်းထားရသည်။
အစိုးရကို ထောက်ခံသော အစိုးရထုတ် သတင်းစာ နှစ်စောင်ကမူ ဆက်လက်ထုတ်ဝေနေသည်။
"စစ်အစိုးရရဲ့ ဖိနှိပ်မှုအောက်မှာ ဆယ်စုနှစ်များစွာ နေထိုင်ခဲ့တဲ့ NLD အစိုးရအနေနဲ့ မီဒီယာလွတ်လပ်မှုမရှိတဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုတာကို အသိအမှတ်ပြု လက်ခံသင့်ပါတယ်" ဟု အဒမ်က ပြောကြားခဲ့သည်။
မြန်မာအစိုးရသည် ၁၉၈၂ နိုင်ငံသားဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေကို အသုံးပြုပြီး ဘင်္ဂါလီ မွတ်စလင်တို့ကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုမှ တားဆီးပိတ်ပင်နေကြောင်း၊ ဘင်္ဂါလီမွတ်စလင် မိသားစုများ အများစုသည် မြန်မာနိုင်ငံတွင် မျိုးဆက်အဆက်ဆက် နေထိုင်ခဲ့သည့်တိုင်အောင် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရကြောင်း Human Rights Watch က ပြောကြားခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းဥပဒေနှင့် မူဝါဒများကို ပြောင်းလဲလိမ့်မည်ဟု ဘင်္ဂါလီမွတ်စလင်အများစုက မျှော်လင့်ထားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေသော ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များနှင့် အခြားနိုင်ငံများတွင် ရောက်ရှိနေသော ဘင်္ဂါလီမွတ်စလင်များသည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ရမည် မဟုတ်ပေ။
အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြု လက်ခံထားသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲစံနှုန်းများသည် မြန်မာ့ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပျောက်ဆုံးနေကြောင်း၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်၊ ပဋိပက္ခကင်းသော၊ ခြိမ်းခြောက်မှုကင်းသော ပတ်ဝန်းကျင်တွင် ကိုယ်စားလှယ်လောင်များနှင့် မဲဆန္ဒရှင်များက လှုပ်ရှားပါဝင်ခွင့်၊ အားလုံးညီတူညီမျှ မဲပေးခွင့် စသည်ကဲ့သို့သော အချက်များ မြန်မာ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ချွတ်ယွင်းနေကြောင်း Human Rights Watch က ပြောကြားခဲ့သည်။
ထိုအခွင့်အရေးများ အခိုင်အမာ ရရှိရန်အတွက် သီးခြားလွတ်လပ်သော၊ ဘက်လိုက်မှုကင်းသော၊ ထိရောက်သော ရွေးကောက်ပွဲကော်မရှင် လိုအပ်ကြောင်း Human Rights Watch က ပြောကြားခဲ့သည်။
ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက် ပိတ်ဆို့မှုများ ပြဋ္ဌာန်းထားခြင်းကလည်း ကိုယ်စားလှယ်လောင်းများ၏ သတင်းအချက်အလက်များကို ပြည်သူများက ရရှိနိုင်ခွင့်ကို သက်ရောက်နေသည်။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ရှစ်ခုနှင့် ချင်းပြည်နယ်ရှိ မြို့နယ် တစ်ခုတွင် မိုဘိုင်းအင်တာနက်ကို ပိတ်ပင်ရန် အစိုးရက ၂၀၁၉ ခုနှစ် ဇွန် ၂၁ တွင် အမိန့်ထုတ်ခဲ့သည်။
မောင်တောတွင် အင်တာနက် ပိတ်ပင်ထားမှုကို မေ ၂ ရက်တွင် အစိုးရက ရုပ်သိမ်းပေးခဲ့သော်လည်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်နှင့် ပလက်ဝတို့တွင် မိုဘိုင်းအင်တာနက်ကို ပိတ်ပင်ထားဆဲ ဖြစ်သည်။ ယင်းရှစ်မြို့နယ်တွင် ပိတ်ပင်မှုက လူတစ်သန်းခန့်ကို သက်ရောက်မှု ရှိခဲ့သည်။
မြန်မာနိုင်ငံ နေရာအများအပြားတွင် လက်နက်ကိုင် တိုင်းရင်းသားများနှင့် တိုက်ပွဲများ ဖြစ်နေမှုကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ရှုပ်ထွေးစေခဲ့ပြီး ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ခြေကို ထိခိုက်စေခဲ့သည်။
ရခိုင်တွင် AA နှင့်တိုက်ပွဲများ ဖြစ်ပွားနေမှုက ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် မဲစာရင်း ထုတ်ပြန်ရန် ရွေးကောက်ပွဲ ကော်မရှင်အတွက် အတားအဆီး ဖြစ်စေခဲ့သည်။
လွတ်လပ်၍ ဘေးကင်းသော ရွေးကောက်ပွဲ ကျင်းပနိုင်ရန် လိုအပ်သည့် အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ အများစုသည်လည်း နှစ်နှစ်နီးပါးကြာ တိုက်ပွဲများအတွင်း ပျက်စီးခဲ့ရပြီဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝန်း စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရသူ ၂၃၀,၀၀၀ ကျော် ရှိနေခဲ့ပြီး ရခိုင်နှင့် ချင်းပြည်နယ်မှ တိုက်ပွဲများကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီနောက်ပိုင်း နောက်ထပ် ၂၀၀,၀၀၀ နေရပ်စွန့်ခွာခဲ့ရကြောင်း ဒေသခံအဖွဲ့အစည်းများက ခန့်မှန်းခဲ့သည်။
ရွေးကောက်ပွဲ စည်းမျဉ်းအရ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် အနည်းဆုံး ရက် ၉၀ ကြာ နေထိုင်သူဖြစ်ကြောင်း အထောက်အထားပြရမည် ဖြစ်သောကြောင့် ရခိုင်၊ ချင်းနှင့် မြို တိုင်းရင်းသားတို့ မဲပေးရန် ထိခိုက်မှု ရှိမည်ဖြစ်သည်။
ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ် နေရာအများအပြားမှ ပြည်သူများလည်း ရွေးကောက်ပွဲတွင် ပါဝင်နိုင်ဖွယ် မရှိပေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ဒေသတွင် ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ပေ။ မဲဆန္ဒနယ်များ တစ်စိတ်တစ်ပိုင်း ဖျက်သိမ်းခြင်း၊ တစ်ခုလုံး ဖျက်သိမ်းခြင်းများကို စစ်တပ်၏ ထောက်ခံအကြံပြုချက်အပေါ် အခြေခံပြီး အောက်တိုဘာတွင် ဆောင်ရွက်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားသည်။
ရခိုင်ပြည်နယ်တွင် အင်တာနက် ထိန်းချုပ်ကန့်သတ်ချက်များအားလုံးကို ချက်ချင်း ပြန်လည်ရုပ်သိမ်းပေးရန် နှင့် ရခိုင်တွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများ အဆုံးသတ်ရန် တောင်းဆိုထားသည့် လက်ကမ်းစာဆောင်များ စတစ်ကာများ ဖြန့်ဝေမှုများကြောင့် ဒါဇင်နှင့်ချီသည့် ကျောင်းသားများမှာ ထောင်ဒဏ် နှစ် နှစ်အထိ ချမှတ်ခံရနိုင်သည့် စွဲချက်များဖြင့် ဖမ်းဆီးခံရမှု သို့မဟုတ် တရားစွဲဆိုမှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။
ဇူလိုင်လအတွင်းက ရွေးကော်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲမတိုင်မီ နှစ်လအတွင်း ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းပြောကြားမှုများနှင့် ပါတီမူဝါဒများကို ရှင်းလင်းပြောကြားခွင့် ပြုသွားမည်ဟု ကြေညာခဲ့သည်။
မည်သို့ပင်ဆိုစေ ကော်မရှင်သည် နိုင်ငံရေးပါတီများ မည်ကဲ့သို့ ပြောဆိုနိုင်သည် ဆိုသည့်အချက်အပေါ် တိကျသေချာမှု မရှိသည့် ကန့်သတ်ချက်များအောက်တွင် နိုင်ငံရေး ထုတ်လွှတ်လွှင့်မှုအားလုံးကို ကြိုတင် အတည်ပြုခဲ့ကာ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ပတ်သက်သည့် နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်ခဲ့သည်။
စက်တင်ဘာလတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနှင့် ယုံကြည်နိုင်လောက်သည့် ရွေးကောက်ပွဲများအတွက် ဂျာနယ်လစ်များနှင့် မီဒီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။ သို့သော်လည်း ဂျာနယ်လစ်များနှင့် လူမျိုးစုမီဒီယာများအပေါ် ဖိနှိပ်မှုများ ဆက်လက် လုပ်ဆောင်ခဲ့သည်။