ရလဒ်များဆိုးရွားနေသည့် ဆိုးလ်ရှားနေရာတွင်အစားထိုးရန် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို မန်ယူအသင်း ဆက်သွယ်

ရလဒ်များဆိုးရွားနေသည့် ဆိုးလ်ရှားနေရာတွင်အစားထိုးရန် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို မန်ယူအသင်း ဆက်သွယ်
Photos : Getty Images
Photos : Getty Images
Published 7 October 2020

မန်ယူအသင်းသည် စပါးအသင်းအား အိမ်ကွင်း၌ အရှက်တကွဲရှုံးနိမ့်မှု ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြ ဆိုးလ်ရှား၏နေရာတွင် အစားထိုးရန် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို ဆက်သွယ်နေကြောင်း ဗြိတိန်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲကစားရာတွင် ဘရိုက်တန်အသင်းကိုသာ အဝေးကွင်း၌ အနိုင်ရထားပြီး ပဲလေ့စ်အသင်းကို အိမ်ကွင်း၌ (၁-၃) ဂိုး၊ စပါးအသင်းကို အိမ်ကွင်း၌ (၁-၆) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ Big Six ပြိုင်ဘက် စပါး အသင်းအား အိမ်ကွင်း၌ အရှက်တကွဲရှုံးနိမ့် ခဲ့ပြီးနောက် ဆိုးလ်ရှား၏အနာဂတ်မှာလည်း မတည်ငြိမ်တော့ဘဲ လှုပ်ခတ်လာခြင်းဖြစ်သည်။ 

Daily Star သတင်းဌာန၏ ဖော်ပြမှုကို ကိုးကား၍ Daily Mail က ပြန်လည်ဖော်ပြမှုအရ မန်ယူအသင်း အကြီးတန်းတာဝန်ရှိသူများသည် ပိုချက်တီနို၏ကိုယ်စားလှယ်များထံ ဆက်သွယ်၍ နည်းပြရာထူးကို စိတ်ဝင်စားခြင်းရှိမရှိ မေးမြန်းနေကြောင်း သိရသည်။ သို့သော် အမှုဆောင်ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်က ဆိုးလ်ရှားကိုထုတ်ပယ်ရန် တုံ့ဆိုင်းနေသဖြင့် ပိုချက်တီနိုအား ကမ်းလှမ်းခြင်း မဟုတ်ဘဲ အကြိုသဘောမေးမြန်းထားခြင်း ဖြစ်ကြောင်း သိရသည်။ 

နာမည်ကြီး လောင်းကစားဒိုင်များ၏ အလေးပေးမှုအရ မန်ယူအသင်း နည်းပြသစ်ဖြစ်လာရန် ပိုချက်တီနိုက ၉/၅ ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး ဂျူဗင်တပ်စ်အသင်းနည်းပြဟောင်း အယ်လီဂရီက ၇/၁ ဖြင့် ဒုတိယနေရာ ရပ်တည်နေသည်။ ထို့ပြင် လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စမန်း၊ စပိန်အသင်းနည်းပြ လူးဝစ်အင်းနရစ်၊ အေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟက်၊ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ တို့လည်း ရေပန်းစားသည့်စာရင်းတွင် ပါဝင်လျက်ရှိသည်။

ရာသီအစတွင် ရလဒ်များဆိုးရွားနေသည့်အပြင် ကစားသမားသစ် အင်အားဖြည့်တင်းရန် ကြန့်ကြာမှုများကြောင့် ဝေဖန်မှုများ ခံနေရသည့် မန်ယူအသင်းသည် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ကာဗာနီအပါအဝင် ကစားသမားသစ်လေးဦးအထိ ခေါ်ယူခဲ့သည်။

ပြောင်းရွှေ့ကြေးမပါ ဘဲ အလွတ်ခေါ်ယူခွင့်ရခဲ့သည့် ကာဗာနီ (၃၃ နှစ်) ကို တစ်နှစ်သက်တမ်းအပြင် တစ်နှစ် ထပ်မံတိုးမြှင့်နိုင်သည့်စာချုပ် ချုပ်ဆိုထားပြီး ပေါ်တိုအသင်းနောက်ခံလူ တဲလက်စ် (၂၇ နှစ်) ကို ပေါင် ၁၃ ဒသမ ၆ သန်း+add-ons ကြေး ပေါင် ၂ ဒသမ ၇ သန်း၊ ဇန်နဝါရီတွင် ရောက်ရှိလာမည့် အတ္တလန္တာအသင်းတောင်ပံကစားသမား အာမက်ထရာအိုရေး (၁၈ နှစ်) ကို ပေါင် ၁၉ သန်း+add-ons ကြေး ပေါင် ၁၈ သန်း၊ ဥရုဂွေးကလပ် ပန်ညာရိုလ်အသင်း တောင်ပံကစားသမား ပယ်လစ်စထရီ (၁၉ နှစ်) ကို ပေါင် ၁၀ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent