ရီးယဲလ်အသင်းတွင် ကစားသမားဘဝကုန်ဆုံးလိုကြောင်း မိုဒရစ် ပြောကြား

ရီးယဲလ်အသင်းတွင် ကစားသမားဘဝကုန်ဆုံးလိုကြောင်း မိုဒရစ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 7 October 2020

ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်က အသင်းတွင် ကစားသမားဘဝ ကုန်ဆုံးသည်အထိ ကစားလိုကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၅)နှစ်အရွယ်ရှိ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်သည် ၂၀၁၂ ခုနှစ်တွင် စပါးအသင်းမှ ရီးယဲလ်အသင်းသို့ ယူရို (၃၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့် မိုဒရစ်၏ လက်ရှိစာချုပ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

မိုဒရစ်က မိမိအနေဖြင့် အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် အလိုရှိသော်လည်း ယင်းကိစ္စမှာ အသင်းအပေါ်တွင်သာ မူတည်ကြောင်း ပြောကြားခဲ့သည်။ 

"ကျွန်တော့်အနေနဲ့ ရီးယဲလ်အသင်းမှာ ဆက်နေချင်ပါတယ်။ ဒါပေမဲ့ စာချုပ်ကိစ္စက ရီးယဲလ်အသင်းအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုအချိန်အထိ အကောင်းဆုံးကစားနေနိုင်သေးပြီး ဖြစ်နိုင်မယ်ဆိုရင် ရီးယဲလ်အသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်ပါတယ်။ အသင်းနဲ့ ကျွန်တော့်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ ရီးယဲလ်ဟာ ကျွန်တော့်ရဲ့အိမ်ဖြစ်ပြီး ဒီအသင်းမှာ ကစားရတာကို ကျွန်တော် ပျော်ပါတယ်"ဟု မိုဒရစ်က ပြောကြားခဲ့သည်။ 

မိုဒရစ်သည် ရီးယဲလ်ကစားသမားဘဝတွင် ပြိုင်ပွဲစုံ (၃၇၂)ပွဲအထိ ကစားထားပြီး (၂၂)ဂိုး သွင်းယူထားသည်။ ၎င်းသည် ရီးယဲလ်အသင်းနှင့်အတူ လာလီဂါချန်ပီယံဆု (၂)ကြိမ်၊ ချန်ပီယံလိဂ် (၄)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၁၆)လုံးအထိ ရရှိထားသည်။ 

 

Most Read

Most Recent