ကွတ်ခိုင်ရှိ တပ်ရင်းဌာနချုပ်တစ်ခုနှင့် တာမိုးညှဲရှိ ဌာနေပြည်သူ့စစ်ရုံးကို TNLA ၊ MNDAA ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်

ကွတ်ခိုင်ရှိ တပ်ရင်းဌာနချုပ်တစ်ခုနှင့် တာမိုးညှဲရှိ ဌာနေပြည်သူ့စစ်ရုံးကို TNLA ၊ MNDAA ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်
Published 6 October 2020
မင်းနိုင်စိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်ရှိ တပ်မတော်တပ်ရင်းဌာနချုပ်တစ်ခုနှင့် တာမိုးညှဲရှိ ဌာနေပြည်သူ့စစ်ရုံးခန်းကို တအာင်းအဖွဲ့ (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့က အောက်တိုဘာ ၃ ရက်တွင် လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အရှေ့မြောက်ဒေသတွင် ယခင်က ထိုသို့လာရောက်ပစ်ခတ်မှု နည်းပါးခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပေါ်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ အရှေ့မြောက်ဘက်မှာ စက်တင်ဘာ ၃ ရက်တုန်းကတော့ ကွတ်ခိုင်မှာရှိတဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို လာပြီးတော့ ပစ်ခတ်တာတွေ ရှိတယ်။ တာမိုးညှဲမှာရှိတဲ့ ဌာနေပြည်သူ့စစ်ရုံးကို လာပြီးတော့ ပစ်ခတ်တာတွေ ရှိတယ်။ ဒီအရှေ့မြောက်ဘက်မှာတော့ ယခင်တုန်းက လာရောက်ပစ်ခတ်တာတွေ နည်းနည်းမရှိတာကနေ အခုရက်ပိုင်းအတွင်းမှာ ပြန်ပြီးရှိလာတဲ့ သဘောဖြစ်တယ်။ တပ်ဌာနချုပ်တွေ လာပစ်ခတ်တာတို့၊ ပြည်သူ့စစ်ဌာနရုံးတွေ လာပစ်ခတ်တာတို့ လုပ်ဆောင်တာတွေ ရှိတယ်။ TNLA နဲ့ MNDAA နှစ်ဖွဲ့ပါ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကွတ်ခိုင်မြို့နယ် မန်ပုံအထက်တောင်ကြောရှိ TNLA စခန်းတစ်ခုကို တပ်မတော်စစ်ကြောင်းက အောက်တိုဘာ ၂ ရက်မှ ၄ ရက်အတွင်း ရှစ်ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် သတိပေးသည့်အနေဖြင့် ကွတ်ခိုင်ရှိ တပ်ရင်းဌာနချုပ်နှင့် တာမိုးညှဲရှိ ဌာနေပြည်သူ့စစ်ရုံးတို့ကို ၎င်းတို့က ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။

“ ၂ ရက်နေ့ရယ်၊ ၃ ရက်နေ့ရယ်၊ ၄ ရက်နေ့ရယ်ပေါ့။ အဓိကကတော့ ၂ ရက်နေ့ပေါ့။ ဒီကွတ်ခိုင်မြို့နယ် မန်ပုံအထက် တောင်ကြောက ကျွန်တော်တို့စခန်းကို ဗမာစစ်တပ်က နှစ်ကြိမ်လာပစ်တယ်။ ၃ ရက်နေ့က စစ်ကြောင်း သုံးလေးကြောင်းနဲ့ ငါးကြိမ်လာပြီးတော့ ပစ်ခတ်မှု ရှိတယ်။ အဲဒီလို သုံးရက်အတွင်း ကျွန်တော်တို့ စခန်းကို လာပစ်တာ ရှစ်ကြိမ်လောက် ရှိတယ်။ အဲဒါက တကယ့်တောထဲမှာဖြစ်တာပေါ့။ အဲဒီလိုမျိုး သူတို့က ကျွန်တော်တို့စခန်းကို ပစ်ခတ်လာတဲ့အတွက် ကျွန်တော်တို့က ပြန်ပြီးတော့ သတိပေးပစ်ခတ်မှုတွေ လုပ်တာဖြစ်တယ်။ လက်နက်ကြီးနှစ်လုံးနဲ့ သတိပေးပစ်ခတ်ခဲ့တာပါ” ဟု ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။

လက်ရှိအခြေအနေအရ ရှမ်းမြောက်ဒေသတွင် တပ်မတော်ဘက်က ထိုးစစ်ဆင်မှုများ ရှိနေသေးကြောင်း၊ တပ်မတော်က အပစ်ရပ် ကြေညာထားသော်လည်း အောက်တိုဘာ ၂ ရက်တွင်ပင် မိုးကုတ်ဘက်တွင်ရှိသည့် TNLA စခန်းကို တပ်မတော်စစ်ကြောင်းတစ်ခုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။

၎င်းတို့အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲများ မဖြစ်ပွားရေးအတွက် အတတ်နိုင်ဆုံးရှောင်နေပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း တပ်မတော်က လာရောက်ထိုးစစ်ဆင်ပါက တိုက်ပွဲများ ဖြစ်ပွားမည်ဖြစ်ကြောင်း ဗိုလ်မှူးတားအိုက်ကျော်က ပြောကြားသည်။

ရှမ်းမြောက်ဒေသသည် တပ်မတော်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့်နယ်မြေတွင် ပါဝင်သကဲ့သို့ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တို့ကလည်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်တွင် ပါဝင်သောနယ်မြေဖြစ်သည်။

Most Read

Most Recent