ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 5 October 2020
အိသဥ္ဇာကျော်

လက်ရှိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါကူးစက် ပျံ့နှံ့နေသည့် ကာလအတွင်း အိပ်ချ်အိုင်ဗွီကာကွယ်ရေးနှင့် ပြုစုကုသ စောင့်ရှောက်ရေး လုပ်ငန်းများတွင် လိုက်နာဆောင်ရွက်ရန်နှင့် လူနာများ ဆေးဝါးစဉ်ဆက်မပြတ် ရရှိရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ခုခံကျ/ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ အရေးပေါ်အစီအစဉ်များ ချမှတ်လုပ်ဆောင်နေရာ ယင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိနိုင်စေရန် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ စီမံချက်မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးနှင့် ဆက်သွယ်မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

“အိပ်ချ်အိုင်ဗွီရောဂါပိုးဟာ သူ့မှာ အခွင့်အရေးယူဝင်ရောက်တတ်တဲ့ ရောဂါတွေဆိုတာ ရှိတယ်။ ဥပမာ- တီဘီရောဂါလိုမျိုးပေါ့။ အဲဒီလိုပဲ COVID-19 ကလည်း အခွင့်အရေးယူ ဝင်ရောက်တတ်တဲ့ ရောဂါတစ်ခုအနေနဲ့ ဖြစ်လာနိုင်ပါတယ် ”

မေး - လက်ရှိ COVID-19 ကာလမှာ ဆရာတို့ စီမံချက်အနေနဲ့ အိပ်ချ်အိုင်ဗွီလူနာတွေ အေအာတီဆေး စဉ်ဆက်မပြတ်ရရှိဖို့ ပြင်ဆင်လုပ်ဆောင်ခဲ့တာတွေကို ဦးဆုံးပြောပြပေးပါ။

ဖြေ - အိပ်ချ်အိုင်ဗွီလူနာတွေနဲ့ ပတ်သက်ပြီးတော့ အိပ်ချ်အိုင်ဗွီ တားဆီးကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ရပ်တန့်မသွားအောင် လွန်ခဲ့တဲ့ မတ်လကတည်းက စပြီးတော့ စီစဉ်ခဲ့တယ်။ တရုတ်နိုင်ငံ ဝူဟန်ဒေသမှာ COVID ရောဂါ စတင်ဖြစ်ပွားတဲ့ အချိန်ကတည်းက စပြီးတော့ အဲဒီဒေသမှာရှိတဲ့ လူနာတွေ ဆေးဝါးပြတ်လပ်မှုတွေရှိတယ်။ အခက်အခဲတွေရှိနေတယ်ဆိုတာကို ဒေသဆိုင်ရာရုံးကနေ သတင်းရတယ်။ ဒီလို သတင်းရတဲ့အတွက် ကျွန်တော်တို့ဘက်မှာ ပြင်ဆင်ခဲ့တယ်။ ကျွန်တော်တို့ ကံကောင်းသွားတာက ပြင်ဆင်ချိန် သုံးလလောက် ရခဲ့တယ်။ ဒါနဲ့ မတ်လမှာ အစည်းအဝေးတစ်ခုလုပ်ပြီး အရေးပေါ်စီမံကိန်းတစ်ခု ရေးဆွဲခဲ့ပြီး တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့တစ်ခုကို ဖွဲ့လိုက်တယ်။ အဲဒီမှာ ကျွန်တော်တို့ အဖွဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ UN အဖွဲ့အစည်းတွေ၊ NGO တွေ အလှူရှင်အဖွဲ့အစည်းတွေပါပြီး ဖွဲ့စည်းလိုက်တယ်။ ဖွဲ့ပြီး ဒါကို နောက်ပိုင်းဧပြီလလောက်ကစပြီးတော့ စလုပ်ခဲ့တယ်။ အဲဒီမှာတော့ လက်ရှိဆောင်ရွက်နေတဲ့ အိပ်ချ်အိုင်ဗွီ ကာကွယ်ရေးနဲ့ အိပ်ချ်အိုင်ဗွီရောဂါ ရှာဖွေရေးလုပ်ငန်းတွေကို ရပ်တန့်မသွားအောင်။ တကယ်လို့ COVID-19 ကူးစက်လာရင်လည်း ဘယ်လိုနည်းလမ်းသစ်တွေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်မလဲဆိုတာတွေ။ လက်ရှိ တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်တွေ့ပြီးတော့ ကာကွယ်ရေးလုပ်ငန်းတွေ၊ နှစ်သိမ့်ဆွေးနွေးပညာပေး လုပ်ငန်းတွေ လုပ်နေတာကနေ ပုံစံပြောင်းပြီးတော့ ဖုန်းနဲ့ဆွေးနွေးတိုင်ပင်မယ်။ ဒါမှမဟုတ် လူမှုကွန်ရက်တွေဖြစ်တဲ့ Viber တို့ Messenger တို့ Facebook တို့ကနေတစ်ဆင့် ပြောမယ်။ ဒါမျိုးတွေ ပြောင်းလဲဖို့ဆိုပြီး ဆွေးနွေးခဲ့တယ်။ ဒါက ကာကွယ်ရေးအတွက်ပေါ့။ အဲဒီလို လုပ်ပေမယ့်လည်း ကာကွယ်ရေးလုပ်ငန်းအချို့ကတော့ လုပ်မရတာတွေတော့ ရှိတာပေါ့။  နောက်ကုသရေးလုပ်ငန်းမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူနာတစ်သိန်းရှစ်သောင်းကျော်ကို အေအာတီ ဆေးတွေပေးထားတယ်။ တစ်နိုင်ငံလုံးမှာ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရတဲ့ လူဦးရေက နှစ်သိန်းလေးသောင်းကျော်ရှိတယ်။ အဲဒီမှာ တစ်သိန်းရှစ်သောင်းကျော်ကို တစ်သက်တာ သောက်ရမယ့် အေအာတီဆေးတွေ ပေးနေတယ်။ အဲဒီလူတွေ ဆေးစဉ်ဆက်မပြတ် ရရှိဖို့အတွက်က အဓိကပေါ့။ အရင် မတ်လမတိုင်ခင်ကတော့ တစ်လစာ သုံးလစာ ခြောက်လစာ ပေးတာတွေရှိတယ်။ ဒါပေမယ့် ဧပြီလကစပြီးတော့ တစ်နိုင်ငံလုံးကို ကျွန်တော်တို့ အနေနဲ့ ခြောက်လစာဆေးတွေ ပေးဖို့ဆိုပြီးတော့ ပြင်ဆင်ခဲ့တယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အေအာတီကုသပေးနေတဲ့ ဌာနတွေ အစိုးရကုဌာနရော NGO ကုဌာနတွေမှာရော ခြောက်လစာပေးဖို့ ညွှန်ကြားခဲ့ပြီး ပေးခဲ့ကြတယ်။ အခုချိန်မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အေအာတီဆေးယူနေတဲ့လူနာ တစ်သိန်းရှစ်သောင်းကျော်ရဲ့ ၇၀ ရာခိုင်နှုန်းကတော့ ခြောက်လစာအတွက် ဆေးရှိနေပါပြီ။ ဒါကြောင့် အိပ်ချ်အိုင်ဗွီလူနာတွေနဲ့ပတ်သက်ပြီး ဆေးဝါးပြတ်တောက်မှာတော့ မပူရဘူးပေါ့။

မေး - ဧပြီလကတည်းက စပေးခဲ့တာဆိုတော့ အဲဒီကာလတုန်းက လူနာတွေက လက်ရှိအချိန်မှာ ဆေးကုန်နေသူတွေရှိနေပြီဆိုတော့ အခုလို Stay at Home ကာလမှာ ဆေးပေးနေတဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါ။

ဖြေ - ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီလကစပြီး ဆေးလာယူသူတိုင်းကို ခြောက်လစာ ပေးခဲ့တာဆိုတော့ ဧပြီလကလူကတော့ ဟုတ်တယ်။ ဆေးပြန်ယူရမယ့်အချိန်ပေါ့။ အဲဒီအတွက်လည်း အေအာတီကုသဖို့ စာအုပ်လည်း ရှိတယ်။ ဒါကိုလည်းပြနိုင်တယ်။ လူနာမှတ်တမ်းစာအုပ်လေးတွေ ပေးထားပြီးဖြစ်တဲ့အတွက် ဒီစာအုပ်လေးပြပြီး ဆေးလာထုတ်မယ်ဆိုရင် အခုချိန်အထိ အခု ရန်ကုန်တို့ ရခိုင်တို့လို နေရာမျိုးတွေမှာတောင် လာထုတ်လိို့ရတယ်။ ဘာလို့ဆိုတော့ မြို့နယ်တော်တော်များများမှာ ဆေးရနေပြီဖြစ်လို့ လာထုတ်လို့ရပါတယ်။ ဒါတွေက လုံးဝကြီး ရပ်တန့်သွားတာမျိုး မရှိဘူး။ နောက်တစ်ခုက ခရီးသွားနေတယ်။ ဥပမာ- ရန်ကုန်ကလူက မြဝတီလို နေရာမျိုးရောက်နေတယ်ဆိုလည်း မြဝတီမှာ Quarantine ဝင်နေရမယ်။ ဒါမှမဟုတ် မန္တလေးရောက်နေတယ်။ မန္တလေးမှာ Quarantine ဝင်နေရမယ်။ Lockdown ကျနေမယ်ဆိုရင် အဲဒီလိုအခြေအနေမျိုးဆိုလည်း ကျွန်တော်တို့က အဲဒီလူတွေ ဆက်သွယ်လာမယ်ဆိုရင် ဆေးတစ်လစာပေးပါတယ်။ ဘယ်နေရာမဆို ရောက်တဲ့နေရာမှာရှိတဲ့ အေအာတီ ဆေးခန်းတွေမှာ ဆေးတစ်လစာ ထုတ်လို့ရပါတယ်။ ဒါမှမဟုတ် သူက တစ်လ၊ နှစ်လ ထပ်ကြာလာမယ်။  ဆက်ပြီးနေမယ်ဆိုလည်း  စာရင်းပြောင်းပြီး သူနေနေတဲ့နေရာမှာ ဆေးထုတ်လို့ရအောင် စီစဉ်ပေးထားပါတယ်။ အခု ကျွန်တော်က ဝန်ကြီးဌာနရဲ့ COVID အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ထဲမှာ ရောက်နေတယ်။ မနေ့ကဆိုရင် ကျွန်တော် မြောက်ဥက္ကလာဆေးရုံကြီးကို သွားခဲ့တယ်။ Community Based Facility Quarantine တွေသွားခဲ့တယ်။ အဲဒီမှာလည်း အိပ်ချ်အိုင်ဗွီလူနာတွေ ရောက်နေတယ်ဆိုတော့ ကျွန်တော်ဆေးရရှိမှု အခက်အခဲရှိလားဆိုပြီး မေးကြည့်တော့ သူ့လက်ထဲမှာ ဆေးခြောက်လစာ ရှိပါတယ်လို့ ပြောပါတယ်။ ပြောရရင် ဆေးဝါးအနေနဲ့တော့ ပြတ်လပ်မှုမရှိပါဘူး။ နောက်ကျွန်တော်တို့အနေနဲ့ ဆေးတွေ အလျင်မှီရရှိအောင် COVID သတင်းစကြားကတည်းက မတ်လကတည်းက ဆေးဝါးတွေပေါ့။ အဓိက အိန္ဒိယကုမ္ပဏီတွေက တင်သွင်းတဲ့ဆေးဝါးတွေကို နှစ်စဉ် တင်ဒါခေါ်တယ်။ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို ဆေးတွေ ကြိုမှာလိုက်တယ်။ ဒါကြောင့် အခုဆို ကျွန်တော်တို့ လူနာတွေ ၂၀၂၁ ခုနှစ် နှစ်လယ်လောက်အထိ ဆေးဝါးတွေ လုံလောက်မှုရှိပါတယ်။ အဓိက အေအာတီပေါ့။ တခြားဆေးတွေကတော့ အေအာတီလောက် မများဘူး နည်းတာပေါ့။ ဒါပေမယ့်လည်း မဖြစ်မနေ သောက်ရမယ့် အေအာတီဆေးကတော့ နောက်နှစ်ခြောက်လပိုင်းအထိတော့ လုံလုံလောက်လောက်ရှိပါတယ်။

မေး - အခု Quarantine စင်တာတွေထဲမှာ ရောက်နေတဲ့ COVID စောင့်ကြည့်လူနာတွေထဲမှာလည်း အိပ်ချ်အိုင်ဗွီလူနာတွေ ပါနေတယ်ဆိုတော့ အိပ်ချ်အိုင်ဗွီလူနာတွေမှာ COVID ပိုးတွေ့ခဲ့ရင် သူတို့ရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိနိုင်လဲဆိုတာပါ ဆွေးနွေးပေးပါ။

ဖြေ - အိပ်ချ်အိုင်ဗွီလူနာနဲ့ COVID-19 နှစ်ခုလုံးက ဗိုင်းရပ်စ်ပိုးကြောင့်ပေါ့။ ဒီနှစ်ခု ဒွန်တွဲဖြစ်မယ်ဆိုရင် လူနာတွေက ပိုဆိုးနိုင်လား။ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ခံစားရလားဆိုပြီးတော့ တချို့နိုင်ငံတွေ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ သုတေသနတွေ လုပ်နေကြပါတယ်။ ဒါပေမယ့် သုတေသနတွေက နည်းနည်းပါးပါးပဲ ရှိသေးတယ်။ လက်ရှိ တွေ့ရှိထားတဲ့ သုတေသနတွေ့ရှိချက်တွေ အရမှာတော့ အိပ်ချ်အိုင်ဗွီရောဂါ ခံစားနေရသူတွေက တခြားသူတွေထက် ပိုဆိုးတယ်ဆိုတာကို မတွေ့ရပါဘူး။ ဒါပေမယ့် ဘယ်လိုလူမျိုးတွေဖြစ်တာလဲ သူတို့လေ့လာထားတာက အိပ်ချ်အိုင်ဗွီပိုးရှိမှန်းလည်း သိတယ်။ ဆေးလည်းမှန်မှန်သောက်တယ်။ ညွှန်ကြားချက်အတိုင်း လိုက်နာတဲ့သူတွေမှာတော့ ဘာမှမကွာပါဘူး။ ဒါပေမယ့် အိပ်ချ်အိုင်ဗွီပိုးရှိမှန်း မသိဘူး။ မသိဘဲနဲ့ COVID-19 ထပ်ဖြစ်တယ်။ ဖြစ်တော့မှ အိပ်ချ်အိုင်ဗွီရှိမှန်းသိတယ်ဆိုတဲ့လူမျိုးကတော့ ဒါသည် ပိုပြီးရောဂါပြင်းထန်စွာ ခံစားရနိုင်ပါတယ်။  နောက်တစ်ခုကတော့ အိပ်ချ်အိုင်ဗွီရှိမှန်းလည်းသိတယ်။ ဆေးသောက်တယ်။ ဒါပေမယ့် ဆေးသောက်တာ မမှန်ဘူးဆိုရင်လည်းပဲ COVID-19 ရဲ့ ရောဂါလက္ခဏာတွေကို ပိုခံစားရပါတယ်။ အိပ်ချ်အိုင်ဗွီရောဂါပိုးဟာ သူ့မှာ အခွင့်အရေးယူ ဝင်ရောက်တတ်တဲ့ ရောဂါတွေဆိုတာရှိတယ်။ ဥပမာ- တီဘီရောဂါလိုမျိုးပေါ့။ အဲဒီလိုပဲ COVID-19 ကလည်း အခွင့်အရေးယူ ဝင်ရောက်တတ်တဲ့ ရောဂါတစ်ခုအနေနဲ့ ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ အိပ်ချ်အိုင်ဗွီပိုးရှိတဲ့သူတွေအနေနဲ့ကတော့ ကိုယ့်မှာရောဂါရှိမှန်းသိပြီး ဆေးဝါးတွေ မှန်မှန်သောက်မယ်ဆိုရင်တော့ သိပ်စိုးရိမ်စရာ မရှိပါဘူး။

မေး - လက်ရှိ အိပ်ချ်အိုင်ဗွီလူနာတွေထဲမှာ COVID-19 ပိုးတွေ့ရှိမှု ဘယ်လောက်ရှိနေပါသလဲ ။ 

ဖြေ - အိပ်ချ်အိုင်ဗွီလူနာတွေမှာ COVID-19 ပိုးတွေ့တယ်ဆိုတာတွေရှိပါတယ်။ အိပ်ချ်အိုင်ဗွီနဲ့ COVID-19 ကြောင့် သေဆုံးမှုရှိတယ်ဆိုတာတော့ လက်ရှိအထိတော့ ကျွန်တော် သတင်းမရသေးပါဘူး။ ရှိရင်လည်း ရှိနိုင်ပါတယ်။ ကျွန်တော်မသိတာလည်း ဖြစ်နိုင်ပါတယ်။ COVID-19 ကြောင့် သေဆုံးလူနာတွေထဲမှာ အိပ်ချ်အိုင်ဗွီ လူနာတွေရှိတယ်ဆိုတဲ့ သတင်းတော့မရပါဘူး။ အခု ကျွန်တော်တို့နဲ့ အနီးကပ်လုပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ Myanmar Positive Group ဆိုရင် သူတို့မှာအဖွဲ့ဝင် သောင်းနဲ့ချီရှိတယ်။ တကယ်သာ အိပ်ချ်အိုင်ဗွီပိုးရှိတဲ့သူတွေက COVID-19 ကြောင့် သေဆုံးတယ်ဆိုရင်တော့ သူတို့က သတင်းပို့မှာပါ။ ကျွန်တော်သိရသလောက် လက်ရှိ အိပ်ချ်အိုင်ဗွီလူနာတွေထဲမှာ COVID-19 ပိုးတွေ့တာ ဆယ်ဂဏန်းထက်တော့ မပိုသေးဘူး။ ကျွန်တော်ကတော့ သတင်းကတော့ ရနေတယ်။ တစ်ယောက်စ နှစ်ယောက်စ အဲဒီလိုပဲ တွေ့နေရသေးတယ်။ လွန်ခဲ့တဲ့ သုံးပတ်လောက်က တစ်ယောက်ဖြစ်တယ်။ လွန်ခဲ့တဲ့ တစ်လလောက်က နှစ်ယောက်လောက်တွေ့တယ်။ အခု မနေ့ကတစ်ယောက်တွေ့တယ်ဆိုတော့ ကျွန်တော်ထင်တာ ဆယ်ဂဏန်းထက် မပိုသော ဦးရေကတော့ ကူးစက်ခံနေရပါတယ်။ ဒါပေမယ့် အိပ်ချ်အိုင်ဗွီလူနာတွေနဲ့ ပတ်သက်ရင် တချို့သတင်းအချက်အလက်ရရှိဖို့က နည်းနည်းခက်တဲ့အပိုင်းတွေ ရှိတယ်။ COVID-19 ကူးစက်ပေမယ့်လည်း သူတို့က အိပ်ချ်အိုင်ဗွီလူနာဆိုတာကို ပြောပြအုန်းမှ ။ မပြောဘူးဆိုရင်လည်း တခြားသူတွေက မသိနိုင်ဘူးလေ။

မေး - လက်ရှိလုပ်နေတဲ့ အိပ်ချ်အိုင်ဗွီစီမံချက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ အခြားဖြည့်စွက် ပြောပြချင်တာများ ရှိပါသလား။

ဖြေ - အိပ်ချ်အိုင်ဗွီ စီမံချက်လုပ်ငန်းတွေ အနေနဲ့ကျတော့ လောလောဆယ် ပုံမှန်လုပ်နေတဲ့ ပညာပေး လုပ်ငန်းတွေအပါအဝင် တချို့လုပ်ငန်းတွေက လောလောဆယ် ရပ်တန့်နေတော့ အဲဒီလုပ်ငန်းတွေကို လုပ်ဖို့အတွက် အခုအွန်လိုင်းတွေကို အားကိုးရတာပေါ့။ ပုံမှန်လုပ်နေကျ လုပ်ငန်းတွေကို ပုံမှန်အခြေအနေအတိုင်း လုပ်လို့မရတဲ့အတွက် ဘယ်လိုနည်းလမ်းတွေနဲ့ ရအောင်လုပ်မလဲဆိုတာတွေကို ဆွေးနွေးပါတယ်။ လက်ရှိအခြေအနေပေါ် မူတည်ပြီးတော့ရင် စားပွဲဝိုင်းဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ သုံးပတ်လောက်က လုပ်ခဲ့တယ်။ ဒီလိုအခြေအနေမှာ ဒီအတိုင်းကြီး ဆက်သွားနေရင် ကျွန်တော်တို့ လုပ်ငန်းတွေ ရပ်တန့်မသွားအောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲဆိုတာကို မိတ်ဖက်အဖွဲ့အစည်းတွေ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီး ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးကလည်း ကျွန်တော်တို့ကို ညွှန်ကြားထားပါတယ်။ ဒီ COVID-19 က ဖြစ်နေပေမယ့်လည်း အိပ်ချ်အိုင်ဗွီတို့ တီဘီတို့ စီမံချက်လုပ်ငန်းတွေ ဆက်လုပ်ဖို့ ညွှန်ကြားထားတာရှိတဲ့အတွက် ဆေးဝါးရရှိရေး အပိုင်းရော ရောဂါကာကွယ်ရေးအပိုင်းတွေပါ တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဆက်လုပ်သွားမှာပါ။ 

Most Read

Most Recent