ပန်းပဲတန်းမြို့နယ် သိမ်တော်ကြီးကျောင်းတိုက်မှ သံဃာ ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ကျောင်းတိုက်အား အသွားအလာကန့်သတ်ထား

ပန်းပဲတန်းမြို့နယ် သိမ်တော်ကြီးကျောင်းတိုက်မှ သံဃာ ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ကျောင်းတိုက်အား အသွားအလာကန့်သတ်ထား
Published 5 October 2020
သီဟအောင်၊ မျိုးထက်ပိုင်

ပန်းပဲတန်းမြို့နယ် သိမ်တော်ကြီးကျောင်းတိုက်မှ သံဃာ ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် ကျောင်းတိုက်အား အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

အဆိုပါ ကျောင်းတိုက်ရှိ သံဃာ ၇၆ ပါးနှင့် ကပ္ပိယ ၁၄ ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် အောက်တိုဘာ ၄ ရက် ညပိုင်းမှစတင်ပြီး အသွားအလာ ကန့်သတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

“အောက်တိုဘာ ၃ ရက်နေ့က အနံ့ပျောက်တဲ့ ကိုယ်တော်တွေက အန့ံပျောက်တယ်ဆိုလို့ အဲဒီ့နေ့ မနက် ၁၀ နာရီမှာဘဲ တိုင်းကျန်းမာရေးက Swab Test စစ်တယ်။ ကျောင်းမှာရှိတဲ့ သံဃာ ၈၈ ပါးနဲ့ ကပ္ပိယ ၂၃ ယောက်ကို စစ်တယ်။ မနေ့က အဖြေထွက်တော့ သံဃာ ၇၆ ပါးက ပိုးတွေ့တယ်။ ကပ္ပိယ ၁၄ ယောက်မှာလည်း ပိုးတွေ့တယ်” ဟု ပန်းဘဲတန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် သံဃာ ၇၆ ပါးအား သံဃာတော်များအတွက် သီးသန့်စီစဉ်ထားသည့် ဗဟန်းမြို့နယ်ရှိ အဘိဓမ္မရတနာဃရဗိမာန်တော်ကြီးသို့ ပို့ဆောင်ထားပြီး ကပ္ပိယ ၁၄ ဦးအား ဘုရင့်နောင် စစ်ကြောရေး Quaratine စင်တာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိတွင် သိမ်တော်ကြီးကျောင်းတိုက်တွင် ရောဂါပိုးမတွေ့ရှိသည့် သံဃာတော်များ ဆွမ်းဘုန်းပေးရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တာဝန်ယူ ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent