ပါတီမိန့်ခွန်းပါ အချက်အချို့ ကော်မရှင်၏ ပယ်ဖျက်ခံရမှုအပေါ် ရှုတ်ချကြောင်းနှင့် နိုင်ငံပိုင် ရုပ်သံတွင် ဟောပြောထုတ်လွှင့်မည့် အစီအစဉ်တွင် မပါဝင်တော့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ထုတ်ပြန်

ပါတီမိန့်ခွန်းပါ အချက်အချို့ ကော်မရှင်၏ ပယ်ဖျက်ခံရမှုအပေါ် ရှုတ်ချကြောင်းနှင့် နိုင်ငံပိုင် ရုပ်သံတွင် ဟောပြောထုတ်လွှင့်မည့် အစီအစဉ်တွင် မပါဝင်တော့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ထုတ်ပြန်
မတူပီမြို့နယ်တွင် CNLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်စိုက်ထူမှု ပြုလုပ်အပြီးတွင် ပါတီဝင်များအား တွေ့ရစဉ် (Photo: CNLD)
မတူပီမြို့နယ်တွင် CNLD လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်စိုက်ထူမှု ပြုလုပ်အပြီးတွင် ပါတီဝင်များအား တွေ့ရစဉ် (Photo: CNLD)
Published 3 October 2020
 ဉာဏ်လင်းထွန်း

နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမည့် ပါတီမူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်ပါ အချက်အချို့အား ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သဖြင့် ယင်းအစီအစဉ်တွင် မပါဝင်တော့ကြောင်းနှင့် ယင်းသို့ ပြင်ဆင်တည်းဖြတ်မှုကို ရှုတ်ချကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) က အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီ၏မူဝါဒများကို နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြည်သူကို တင်ပြမည့် အစီအစဉ်တွင် ပြောကြားမည့် ပါတီမိန့်ခွန်းပါ စာပိုဒ် ၇ ၏ အပိုဒ် ၁၊ ၂၊ ၃၊ ၄ တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်ဟု CNLD ပါတီက ထုတ်ပြန်သည်။

ကော်မရှင် ပယ်ဖျက်ခဲ့သည့် ပထမစာပိုဒ်မှာ အမျိုးသားလွှတ်တော်တွင် လူအများစုက လူအနည်းစုကို အနိုင်ကျင့်သည့် ပုံစံမဖြစ်စေရန် တိုင်းရင်းသားတစ်မျိုးဖြစ်သည့် ဗမာနှင့် အခြားတိုင်းရင်းသားများ အရေအတွက် အတူတူဖြစ်ရမည်ဆိုသည့် အချက်ဖြစ်ကြောင်း CNLD ပါတီ၏ မိန့်ခွန်းကို ဖတ်ကြားဟောပြောမည့် ပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဆလိုင်းအောင်လိန့်က ပြောကြားသည်။

“ ဒါကျွန်တော်တို့ မူဝါဒ ဖြစ်တယ်။ သူ (UEC) ကြိုက်ကြိုက် မကြိုက်ကြိုက်လေ ဒါပါတီရဲ့ မူဝါဒလေ” ဟု ဆလိုင်းအောင်လိန့်က ပြောကြားသည်။

ပင်လုံစာချုပ် ချုပ်ဆိုပြီးချိန်တွင် ၀ိသေသတိုင်းအဖြစ်သာပေး၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်များ ဆုံးရှုံးခဲ့ကြောင်း၊ ဖက်ဒရယ် လိုချင်ကြောင်းနှင့် ဖက်ဒရယ်ရရှိလျှင် ကိုယ့်ပြည်နယ်ကိုယ် တည်ဆောက်နိုင်မည်ဆိုသော အချက်လည်း ဒုတိယအချက်အနေဖြင့် ကော်မရှင်၏ဖြတ်တောက်မှု ခံရကြောင်း ဆလိုင်းအောင်လိန့်က ပြောကြားသည်။

ထို့ပြင် ကော်မရှင်ဖြတ်တောက်သည့် တတိယအချက်မှာ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားရသည့် အကြောင်းအရင်းကို ဆန်းစစ်လျှင် လူမျိုးကြီးဖြစ်သော ဗမာလူမျိုးက လူနည်းစု တိုင်းရင်းသားများအပေါ် လွှမ်းမိုးချယ်လှယ်သည်ဟု ခံစားရသောကြောင့်ဖြစ်သည်ဆိုသော အချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ လွှမ်းမိုးချယ်လှယ်တယ်လို့ မပြောဘူး။ လွှမ်းမိုးခြယ်လှယ်တယ်လို့ ခံစားရတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ပြောတာ။ အဲဒါဘာကြောင့်လဲဆိုရင် ပင်လုံစာချုပ်အတိုင်း မဖြစ်တဲ့အတွက်ကြောင့်ဆိုပြီး အောက်မှာရှင်းပြတာ။ ဒါအကုန်လုံး ခံစားရတဲ့ ခံစားချက်။ မယုံရင် တိုင်းရင်းသားလက်နက်ကိုင်တွေ သွားမေးလေ။ ဟုတ်တာ မဟုတ်တာ သပ်သပ်၊ ခံစားချက်ကို ပြောတာ။ အဲဒီအချက်ကိုလည်း ဖျက်ပါတယ်” ဟု ဆလိုင်းအောင်လိန့်က ပြောကြားသည်။

ကော်မရှင် ဖြတ်တောက်မှုခံရသည့် နောက်ဆုံးအချက်မှာ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို CRC နှင့်အညီ ပြင်ဆင်ရန်လိုသလို ပြစ်မှု၊ ပြစ်ဒဏ်ကို တိုးမြှင့်ပြီး ရဲအရေးပိုင်အဖြစ် ပြင်ဆင်ရန် လိုသည်ဆိုသော အချက်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

CNLD ပါတီ၏ မိန့်ခွန်းပါ အချက်အချို့ကို ပယ်ဖျက်မှုအပေါ် ကော်မရှင်က အဆိုပါစာပိုဒ် ၇ အပိုဒ် ၁၊ ၂၊ ၃၊ ၄ ပါ ရေးသားဖော်ပြချက်များသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်မည့် ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့နှင့် ဆီလျော်ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု အကြောင်းပြကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကော်မရှင် ပြင်ဆင်ပယ်ဖျက်ခဲ့သည့် စာပိုဒ်များသည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဓိကကိုင်စွဲသည့် မူဝါဒနှင့် သဘောထားများဖြစ်ပြီး ထိုအချက်များ မပါဝင်ဘဲ နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောထုတ်လွှင့်ရမည်မှာ အနှစ်သာရ မရှိသော ဟန်ပြထုတ်လွှင့်မှု သက်သက်သာ ဖြစ်နေပြီး ဒီမိုကရေစီ စံညွှန်းများနှင့် လုံးဝ ဆန့်ကျင်ကြောင်း CNLD ပါတီ ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပိုင်ရုပ်သံနှင့် ရေဒီယိုတွင် နိုင်ငံရေးပါတီအသီးသီး၏ ဟောပြောမဲဆွယ်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ  ၆ ရက်အထိ ခွင့်ပြုပေးလျက်ရှိသလို ပါတီအချို့၏ မိန့်ခွန်းပါ အချက်အချို့ကို ပြင်ဆင်တည်းဖြတ်မှုများလည်း ကော်မရှင်က ပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြင်ဆင်၊ ပယ်ဖျက်ခံရမှုကြောင့် နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောသည့် အစီအစဉ် မပါဝင်တော့ကြောင်း ကြေညာသည့် နိုင်ငံရေးပါတီ ခြောက်ပါတီ ရှိလာခဲ့သည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနည်းတူ ရခိုင့်ဦးဆောင်ပါတီနှင့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ စသည့် တိုင်းရင်းသားပါတီများ အပါအဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီတို့မှာ ပါတီမိန့်ခွန်း ဖြတ်တောက်ခံရမှုကြောင့် နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှု မပြုလုပ်ခဲ့ကြပေ။

ထို့အတူ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီနှင့် ထားဝယ်တိုင်း ရင်းသားမျာပါတီတို့၏ ပါတီမိန့်ခွန်းများလည်း ကော်မရှင်၏ ပြင်ဆင်၊ ဖြတ်တောက်မှုခံခဲ့ရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီများအနေဖြင့် ဟောပြောတင်ပြရာတွင် အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိသည့် ဟောပြောမှုများ၊ နိုင်ငံတော် ဂုဏ်သိက္ခာနှင့် တပ်မတော် ဂုဏ်သိက္ခာထိပါးစေသည့် ဟောပြောမှုများ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်စေမည့် ဟောပြောမှုများ အပါအဝင် အချက်ကိုးချက်ပါ အချက်များကို လိုက်နာဆောင်ရွက် ဟောပြောရမည်ဖြစ်ပြီး လိုအပ်ပါက ပြင်ဆင်ရေးသားစေခြင်းများ ဆောင်ရွက်မည်ဟု ဇူလိုင် ၂၃ ရက်က ထုတ်ပြန်ထားသည်။

Most Read

Most Recent