SNLD ပါတီ ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိပေးရန် ပါတီ၏ မေတ္တာရပ်ခံမှုအပေါ် လက်ခံကြောင်းနှင့် အချိန်ကာလတစ်ခုအထိ ပါတီကို ဦးဆောင်ပေးမည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦး အကြောင်းပြန်

SNLD ပါတီ ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိပေးရန် ပါတီ၏ မေတ္တာရပ်ခံမှုအပေါ် လက်ခံကြောင်းနှင့် အချိန်ကာလတစ်ခုအထိ ပါတီကို ဦးဆောင်ပေးမည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦး အကြောင်းပြန်
Published 3 October 2020
ဉာဏ်လင်းထွန်း

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိပေးရန် ပါတီ  ဗဟို အလုပ်အမှုဆောင်အဖွဲ့နှင့် မြို့နယ်အလုပ်အမှုဆောင်များ၏ မေတ္တာရပ်ခံမှုအပေါ် လက်ခံကြောင်းနှင့် ပါတီကို အချိန်ကာလတစ်ခုအထိ ဆက်လက် ဦးဆောင်ပေးမည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ယနေ့ (အောက်တိုဘာ ၃ ရက်) တွင် အကြောင်းပြန်လာသည်ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး  ဦးစိုင်းလိတ်က The Daily Eleven သတင်းစာကို ပြောကြားသည်။

SNLD ပါတီ ဥက္ကဋ္ဌ တာဝန် ဆက်လက်ထမ်းဆောင်ပေးရန် အောက်တိုဘာ ၁ ရက်တွင် ပေးပို့သည့် ပန်ကြားစာနှင့် ပတ်သက်၍ ပါတီ ဥက္ကဋ္ဌ  ဦးခွန်ထွန်းဦး၏ သဘောထားကို SNLD ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးက အောက်တိုဘာ ၃ ရက် နံနက်တွင် ဖုန်းဆက် မေးမြန်းရာ ဦးခွန်ထွန်းဦးက ပါတီကို ဆက်လက် ဦးဆောင်ပေးမည်ဟု ပြန်လည် ပြောကြားခြင်းဖြစ်ကြောင်း ဦးစိုင်းလိတ်က ရှင်းပြသည်။

သဘောကတော့ ကျွန်တော်တို့ တင်ပြထားတာကို လက်ခံတယ်။ ကျွန်တော်တို့က အမြဲတမ်း  ဥက္ကဋ္ဌ ဘာညာ အဲလို ပြောတာတော့ သူသိပ်ပြီး သဘော မကျဘူးပေါ့နော်။ အချိန်အတိုင်းအတာတစ်ခုအထိ သူဆက်ပြီး လက်ခံပေးလို့ရပါတယ်ပေါ့။ ဆိုလိုတာကတော့ CEC နဲ့ CC အစည်းအဝေး မကျင်းပနိုင်ခင် ကာလအထိကတော့ သူ့အနေနဲ့ ဥက္ကဋ္ဌ နေရာမှာ ဆက်နေသွားပေးမဲ့ အခြေ အနေမျိုးပါခင်ဗျ ဟု  ဦး စိုင်းလိတ်က ပြောကြားသည်။

SNLD  ပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ကြောင်း  ဦးခွန်ထွန်းဦးက စက်တင်ဘာ ၂၇ ရက်ထုတ် ပြည်တွင်းနေ့စဉ်ထုတ် သတင်း စာတစ်စောင်တွင် ထည့်သွင်း    ကြေညာခဲ့သည်။

ထိုသို့ ပါတီမှ နုတ်ထွက်မှုအပေါ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်  မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ များက လက်ခံရန် အသင့်မဖြစ်သေး၍ ပါတီ ဥက္ကဋ္ဌ အနေဖြင့် ဆက်လက် ဦးဆောင်ပေးရန် ဦးခွန်ထွန်းဦးကို SNLD ပါတီက အောက်တိုဘာ ၁ ရက်တွင် ပန်ကြားစာ ပေးပို့ခဲ့သည်။

ပါတီ ဥက္ကဋ္ဌ ထံပေးပို့သည့် ပန်ကြားစာကို SNLD ပါတီ Facebook စာမျက်နှာတွင်   ရှမ်းဘာသာစကားဖြင့် ထုတ်ပြန်ခဲ့ရာ အဆိုပါ ထုတ်ပြန်ချက်တွင် ဦးခွန်ထွန်းဦး ပါတီမှ နုတ်ထွက်မှုအပေါ်  စိတ်မကောင်း ဖြစ်ရကြောင်းနှင့် ယင်းသို့ နုတ်ထွက်မှုအပေါ် ပါတီ အလုပ်အမှုဆောင်အဖွဲ့၊ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့များက လက်ခံရန် အဆင်သင့် မဖြစ်သေးကြောင်း၊ ပါတီ ဥက္ကဋ္ဌ အဖြစ် ဆက်လက် အသိအမှတ် ပြုလက်ခံထားဆဲဖြစ်ပြီး ဆက်လက်ဦးဆောင်ပေးရန်ဟူ၍ အပိုဒ် သုံးပုဒ် ရေးသားထားခြင်းဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။

ကျွန်တော်တို့ CEC တစ်ဖွဲ့လုံးကတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတာပေ့ါနော်။ အတိုင်းမသိကို ဝမ်း သာပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲပြီးတဲ့အချိန်ထိတင် မကဘူး။ ရှေ့ဆက်လည်းပဲ  ဆက်လက် လက်ခံသွားနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့ဗျာ ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူမည်ဟု ဦးခွန်ထွန်ဦး အကြောင်းပြန်မှုအပေါ် ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က မှတ်ချက်ပြုသည်။

ဦးခွန်ထွန်ဦး ပါတီမှ နုတ်ထွက်လိုသည့်ကိစ္စအပေါ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးမှ  စဉ်းစား ဆုံးဖြတ်ရန် ပါတီ အနေဖြင့် မေတ္တာရပ်ခံထားမှုရှိရာ ယခု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် ရှိနေမည်ဟု အကြောင်းပြန်ခြင်းသည် ရွေးကောက်ပွဲအပြီး ကာလတစ်ခုအထိ ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက် ရှိနေမည့်သဘောဟု ယူဆနိုင်ကြောင်း ဦးစိုင်းလိတ်က ဆိုသည်။

SNLD ပါတီ စတင်တည်ထောင်သည့် ၁၉၈၈ ခုနှစ်တည်းက ပါတီခေါင်းဆောင်အဖြစ်  တာဝန်ယူ ဆောင် ရွက်လာ သည့် ဦးခွန်ထွန်းဦးသည် ပါတီ ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ရန် ယခင်က နှစ်ကြိမ်ခန့်  ကြိုးပမ်းခဲ့ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပါတီဝင်များ၏ တောင်းဆိုမှုကြောင့် ၂၀၁၉ ခုနှစ် ဇွန် တွင် ကျင်းပသည့် ပါတီ ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့သည်။

ဦးခွန်ထွန်ဦးသည် ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက ပါတီ ဥက္ကဋ္ဌ အဖြစ် နုတ်ထွက်ကြောင်း ပါတီထံ  စာ တင်မှုရှိခဲ့သလို ယခုနှစ် ဇွန်လတွင် ထပ်မံ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီ ဥက္ကဋ္ဌ တာ ဝန်မှ အနားယူကြောင်း စာတင်မှုရှိခဲ့သည်။

ယင်းအပေါ် ကော်မရှင်က ပါတီ အလုပ်အမှုဆောင်အဖွဲ့၏   သဘောထား မေးမြန်းရာ COVID-19 ကြောင့် အစည်းအဝေး ပြုလုပ်ရန် အဆင်မပြေသည့်အတွက် ၂၀၂၀  အထွေထွေရွေးကောက်ပွဲအပြီးမှ ပါတီ အစည်းအဝေး ပြုလုပ်ဆွေးနွေးမည်ဖြစ်ကြောင်း ကော်မရှင်ထံ   အကြောင်းပြန်ထားချိန် ဦးခွန်ထွန်ဦးက စက်တင်ဘာ ၂၇ ရက်ထုတ် ပြည်တွင်း    နေ့စဉ်သတင်းစာတစ်စောင်တွင်  ပါတီ ဥက္ကဋ္ဌ အဖြစ် နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

မျိုးဆက်သစ်များကို လမ်းဖွင့်ပေးလိုပြီး ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စများ အပါအဝင်  ပါတီတွင်း ၀ိရောဓိအချို့ကြောင့် နုတ်ထွက်လိုခြင်းဖြစ်ကြောင်း ဦးခွန်ထွန်ဦးက သတင်းမီဒီယာများထံ  ဖြေကြားမှုရှိသည်။

၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးခွန်ထွန်ဦးသည် SNLD ပါတီ ဥက္ကဌ တာဝန် ဆောင်ရွက်နေစဉ် အတွင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ၊ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) စသည့် အဖွဲ့အစည်းများတွင် သဘာပတိ တာဝန်ယူခဲ့ပြီး လက်ရှိတွင် ၂၀၁၉ ခုနှစ်က တည် ထောင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ၏ နာယကအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။

SNLD ပါတီသည် ပါတီ၏ မြို့နယ်စုံညီ ညီလာခံကို ၂ နှစ်တစ်ကြိမ် ကျင်းပပြီး ပါတီ၏   ဗဟိုခေါင်း ဆောင် ပိုင်းကို  ပြန်လည်ရွေးချယ်ရာ ပါတီ၏ နောက်ဆုံးအကြိမ် ညီလာခံကို ၂၀၁၉ ခုနှစ် ဇွန်တွင်    ကျင်းပထားသည့် အတွက် မူလအစီအစဉ်အတိုင်းဆိုလျှင် ၂၀၂၁ ခုနှစ် ဇွန်တွင် ပါတီစုံညီ ညီလာခံ ကျင်းပ၍ ပါတီခေါင်း ဆောင်ပိုင်း ပြန်လည် ရွေးချယ်ရမည်ဖြစ်သည်။

 

Most Read

Most Recent