ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား အရေးယူပေးရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်းဦး၏ တိုင်တန်းမှုသည် ယခင်အခြားကိုယ်စားလှယ်တစ်ဦး တိုင်တန်းမှုအတိုင်းဖြစ်ပြီး သက်သေခံအသစ် မပါခြင်းနှင့် ဥပဒေမပြင်မီ ကိစ္စရပ်ဖြစ်သဖြင့် စုံစမ်းစစ်ဆေးခွင့် မရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၃၀ ရက်တွင် တိုင်တန်းသူကာယကံရှင် လွှတ်တော်ကိုယ်စားလှယ်ထံ အကြောင်းပြန်ထားကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား ဘဏ္ဍာရန်ပုံငွေများအား တရားမဝင်သုံးစွဲသည်ဟုဆိုကာ ဖရူဆိုမဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က တိုင်ကြားမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကာ်မရှင်က ထိုသို့ အကြောင်းပြန်ကြား ခဲ့ခြင်းဖြစ်သည်။
“စာထဲမှာ တင်ပြလာတဲ့ကိစ္စက အဂတိတိုက်ဖျတ်ရေး ကော်မရှင်ဥပဒေကို စတုတ္ထအကြိမ် မပြင်မီကတည်းက ဖြစ်တဲ့ကိစ္စ ဖြစ်တဲ့အတွက် အရေးယူလို့ မရဘူးဆိုပြီးမှ ပြောထားတယ်။ ကျွန်တော်တို့ကတော့ စဉ်းစားရမှာပေါ့။ ဘာဆက်လုပ်မယ်ဆိုတာ ပြောလို့မရသေးဘူးဗျ” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်က ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေအား ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်က အတည်ပြုပြဋ္ဌာန်း ခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဦးအယ်လ်ဖောင်းရှိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်တို့သည် ပြည်သူ့ဘဏ္ဍာငွေများဖြင့် ဝယ်ယူထားသော စက်ယန္တရားငှားရမ်းခ ရငွေများကို နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းခြင်းမရှိဘဲ လက်ဝယ်ကိုင်တွယ်၍ ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် သုံးစွဲခြင်းနှင့် ဒေသဖွံ့ဖြိုးရေး အကြောင်းပြ၍ ဥပဒေ၊ စည်းမျဉ်းများ ဖောက်ဖျက်ပြီး အဂတိလိုက်စားဆောင်ရွက်ခဲ့သဖြင့် စုံစမ်းဖော်ထုတ် အရေးယူ ဆောင်ရွက်ပေးရန် စက်တင်ဘာ ၈ ရက်တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်က တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်သည် ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ ကယားပြည်နယ်လွှတ်တော်က ဖွဲ့စည်းခဲ့သည့် စုံစမ်းဆေးရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သည်။
ထိုသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခူးသဲရယ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာသည် ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးမြင့်မောင်က ယခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကော်မရှင်သို့ ပေးပို့ခဲ့သည့် တိုင်စာနှင့် အကြောင်းအရာတူ ဖြစ်နေပြီး ထိုစဉ်က ယင်းတိုင်ကြားစာကို စိစစ်ခဲ့ရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုမီက ကိစ္စများ ဖြစ်သည့်အတွက် ကော်မရှင်အနေဖြင့် အရေးယူ ဆောင်ရွက်ပေး၍ မရကြောင်းနှင့် သက်ဆိုင်ရာဌာနမှ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း ဦးမြင့်မောင်ထံ ပြန်ကြားခဲ့သည်ဟု သိရသည်။
ယခုတိုင်တန်းခဲ့သည့် ခူးသဲရယ်၏ တိုင်ကြားစာသည် ဦးမြင့်မောင်၏ တိုင်စာနှင့် အကြောင်းရာတူဖြစ်ခြင်း၊ အရေးကြီးသည့် သက်သေခံချက်အသစ် မပါရှိခြင်းတို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၂ အရ ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခွင့်မရှိကြောင်း အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။
ကယား ပြည်နယ်လွှတ်တော်၏ တာဝန်ပေးချက်အရ ပြည်နယ်စာရင်းစစ်ချုပ်ရုံးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကယားပြည်နယ် အစိုးရအဖွဲ့၏ စက်ယန္တရားဝယ်ယူမှု၊ ငှားရမ်းခများရရှိမှုနှင့် အခြားရငွေခေါင်းစဉ်များမှ ရရှိငွေများ ပြန်လည်အသုံးပြုမှုများအပေါ် ၂၀၁၈ ခုနှစ်တွင် စစ်ဆေးခဲ့သည်။
ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးချက်အရ ကယားပြည်နယ် အစိုးရအဖွဲ့က ရငွေများအပေါ် သာသနာရေး လှူဒါန်းထောက်ပံ့ခြင်း၊ ပညာရေးထောက်ပံ့ခြင်း၊ ဝန်ကြီးချုပ်ခရီးစဉ် ကုန်ကျစရိတ်၊ ဖွံ့ဖြိုးရေးလုပ်ငန်း အသုံးစရိတ်၊ လုံခြုံရေး ပြန်/ဆက် ဝန်ထမ်း လစဉ်ထောက်ပံ့ခြင်း၊ အရင်းမပျောက်မတည်ငွေ ထုတ်ပေးခြင်း၊ ပြည်နယ်အတွင်းရှိ မြို့များတွင် လုံခြုံရေးဂိတ်များ ဆောက်လုပ်ခြင်း၊ အထွေထွ အသုံးစရိတ် စသည့်ခေါင်းစဉ်များဖြင့် အသုံးပြုခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ပြင် ပြည်နယ်စာရင်းစစ်ချုပ် အစီရင်ခံစာ ဖော်ပြချက်အရ အသုံးစရိတ်များတွင် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် NLD ပါတီ ပုံမှန်အစည်းအဝေး (ရန်ကုန်) ခေါင်းစဉ်ဖြင့် ကျပ် ၁၀ သိန်း၊ ပြည်နယ်ခန်းမ၌ ပြုလုပ်သည့် အစိုးရ၊ လွှတ်တော်၊ ပါတီ အစည်းအဝေး ကုန်ကျစရိတ် ကျပ်ငါးသိန်းကျော်၊ NLD ပါတီ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နှင့်အဖွဲ့အား ဧည့်ခံကျွေးမွေးစရိတ် ကျပ်သုံးသိန်းနှင့် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း ခေါင်းစဉ်ဖြင့် ၃၅၀၀၀၊ ဦးဝင်းထိန်သမီး မင်္ဂလာဆောင် လက်ဖွဲ့ငွေ ကျပ်နှစ်သိန်း အပါအဝင် အခြားလူမှုရေးဆိုင်ရာ ထောက်ပံ့ထားမှုများ ပါဝင်ခဲ့ပြီး အသုံးစာရိတ်ပြေစာ အထောက်အထား အများစုမှာလည်း ငွေရငွေပေး လက်မှတ်ထိုး ပြေစာများ ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။
အထက်ပါ ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများကို စစ်ဆေးပေးရန် ပထမအကြိမ်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်မောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူခြင်း မရှိနိုင်သည့် အခြေအနေနောက်တွင် ကယားပြည်နယ် လွှတ်တော်တွင် ယခုနှစ် သြဂုတ်လကုန်ပိုင်းက ဦးအယ်လ်ဖောင်းရှိုအား စက်ယန္တရားများ ငှားရမ်းခရငွေများကို ယခင်ပြည်နယ် အစိုးရအဖွဲ့ကတည်းက သီးခြားရန်ပုံငွေတွင် ထားရှိခြင်း ဖြစ်သော်လည်း ၎င်းဝန်ကြီးချုပ် တာဝန်စတင် ထမ်းဆောင်ချိန်တွင် ဆက်လက်ထားရှိ အသုံးပြုခဲ့ခြင်း၊ ထိုသို့ဆောင်ရွက်မှုကို ပြည်နယ်လွှတ်တော်က ၂၀၁၈ ခုနှစ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း ထိုစဉ်ကဘဏ္ဍာငွေများ အသုံးပြုခဲ့မှုသည် ဥပဒေနှင့်မညီ သုံးစွဲခဲ့ခြင်း၊ အများပြည်သူပိုင် မြေနေရာဖြစ်သော ကယားဒေးကွင်းအတွင်းရှိ ဟိုတယ်နှင့် ရေလွှာလျှောစီးလုပ်ငန်း စီမံကိန်းအား ဖယ်ရှားရန် လွှတ်တော်တွင် အဆိုတင်သွင်းမှု အောင်မြင်သဖြင့် ယင်းလုပ်ငန်း စီမံကိန်းကို ဖယ်ရှားခဲ့သော်လည်း အဆိုပါ မြေနေရာကို စည်ပင်ပိုင် မြေနေရာအဖြစ်ပြောင်းပြီး ယခင်ကုမ္ပဏီများကပင် အမည်ပြောင်း၍ ပန်းခြံနှင့် ဆိုင်ခန်းများ တည်ဆောက်နေခြင်း စသည့်အချက်များဖြင့် စွပ်စွဲပြစ်တင်ကာ ရာထူးတာဝန်မှ ဖြုတ်ချခဲ့သည်။
ယင်းကဲ့သို့ ပြည်နယ်လွှတ်တော်၏ စုံစမ်းစစ်ဆေးတွေ့ရှိမှု အချက်များကို အခြေခံ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခူးသဲရယ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ထပ်မံတိုင်ကြား ခဲ့ခြင်းဖြစ်သည်။