သထုံမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ ပူးပေါင်းကာ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်

သထုံမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ ပူးပေါင်းကာ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်
 စက်တင်ဘာ ၃၀ ရက်က ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်ခဲ့စဉ်။  Photo: 2020 PNO (Mon State)
စက်တင်ဘာ ၃၀ ရက်က ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်ခဲ့စဉ်။ Photo: 2020 PNO (Mon State)
Published 2 October 2020
 ဘိုဘိုမြင့်

သထုံမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ ပူးပေါင်းကာ စက်တင်ဘာ ၃၀ ရက်က ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့် ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တင်ပြထားသည့်အတွက် သထုံမြို့နှင့် သုဝဏ္ဏဝတီမြို့များတွင် ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) အတွင်းရေးမှူး ခွန်တေဇက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်မှာ ကျွန်တော်တို့ မဟာမိတ်ပါတီ နှစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနဲ့ ကရင်ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ သထုံမြို့နယ် ပြည်နယ်လွှတ်တော် (၁) နဲ့(၂) ၊ နောက် ကရင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်လောင်း အားလုံး ကိုယ်စားလှယ်လောင်း လေးဦး ပါဝင်တဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်ကို တင်ခဲ့ဖြစ်ပါတယ်။ အဲဒီအပြင်ကို ပန်းဖလက်တွေမှာလည်း ဒီကိုယ်စားလှယ်လောင်း လေးဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတူတူရိုက်နှိပ် ဖော်ပြပေးထားပါတယ်။ အဲဒီ ပန်းဖလက်တွေကိုပဲ မဲဆန္ဒရှင် ပြည်သူတွေဆီကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

“ဒီလိုဆောင်ရွက်တာကို ပြည်သူတွေက အမြင်ဆန်းတယ်လို့ ပြောကြပါတယ်။ တခြားနိုင်ငံရေး ပါတီတွေဆိုရင် သူ့ပါတီ၊ သူ့ကိုယ်စားလှယ်လောင်း၊ သူ့ပါတီတံဆိပ်နဲ့ပဲ ဆိုင်းဘုတ်ထောင်ကြတယ်ပေါ့။ ကျွန်တော်တို့ကျတော့ ပအိုဝ်းတိုင်းရင်းသားပါတီ နဲ့ ကရင်တိုင်းရင်းသားပါတီ နှစ်ခုပေါင်းပြီး ဆိုင်းဘုတ်တင်တဲ့အပေါ်မှာ စိတ်ဝင်တစား ရှိကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ချက် ကျွန်တော်တို့ ပအိုဝ်းလူငယ်တွေ၊ နောက် ကရင်လူငယ်တွေမှာကလည်း အခုလို ပူးပေါင်းဆောင်ရွက်ခွင့် ရကြတဲ့အတွက်ကိုလည်း အားလုံး ဝမ်းသာနေကြပါတယ်”ဟု ပြောကြားသည်။

တိုင်းရင်းသားများအားလုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံရေးအရွေ့တစ်ခုကို ရောက်ရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားပါတီ၊ ကရင်တိုင်းရင်းသားပါတီနှင့် မွန်တိုင်းရင်းသားပါတီတို့ ဆက်လက်တွဲ ဆောင်ရွက်ပါက အောင်မြင်မှု ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ခွန်တေဇက ဆက်လက် ပြောကြားသည်။

လက်ရှိ သထုံမြို့နယ်အတွင်း ကရင်တိုင်းရင်းသားများနှင့် ပအိုဝ်းတိုင်းရင်းသားများ အများစုနေထိုင်ကြကြောင်း၊ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ကရင်ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြသော်လည်း အောင်မြင်မှု မရှိခဲ့ကြောင်း၊ ထို့အတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့်လည်း အောင်မြင်မှု မရခဲ့ကြောင်း၊ သို့ သော် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ တိုင်းရင်းသားနိုင်ငံရေးပါတီ အချင်းချင်း လက်တွဲပူးပေါင်းကာ မဲဆန္ဒနယ်ခွဲဝေပြီး ရွေးကောက် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံဖြစ်ခြင်း ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီမှ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်း နော်ဆာထူးက ပြောကြားသည်။

“ကျွန်မတို့ ကရင်နဲ့ ပအိုဝ်းဆိုတာကလည်း တကယ့်ကို မောင်နှမအရင်းအချာတွေပါပဲ။ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကို အခုလို ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်ပါတယ်”ဟု နော်ဆာထူး က ဆက်လက် ပြောကြားသည်။

အလားတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာ၌ မွန်ညီညွတ်ရေးပါတီမှ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်းဘုတ်ထူခြင်း အစီအစဉ်ပြုလုပ်ရာ၌လည်း ဒေသခံ ကရင်တိုင်းရင်းသားများ တက်ရောက် ဝန်းရံပေးခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ကရင်တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကရင်ပြည်သူ့ပါတီ (KPP) အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ သထုံမြို့နယ်တွင် မဲဆန္ဒနယ် နှစ်နေရာ၊ ဘီးလင်းမြို့နယ်တွင် မဲဆန္ဒနယ် သုံးနေရာ၊ ပေါင်မြို့နယ်တွင် မဲဆန္ဒနယ် တစ်နေရာ၊ ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒနယ် တစ်နေရာနှင့် ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) အနေဖြင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်းနေရာ၊ သထုံမြို့နယ်တွင် မဲဆန္ဒနယ် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်းနှင့် မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် တနင်္သာရီဒေသကြီးတို့တွင် မဲဆန္ဒနယ် ၆၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။                                           

Most Read

Most Recent