ပွဲကစားခွင့်ရချိန်တွင် အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်သွားမည်ဟု ကာတစ်ဂျုံးစ် ပြောကြား

ပွဲကစားခွင့်ရချိန်တွင် အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်သွားမည်ဟု ကာတစ်ဂျုံးစ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 September 2020

လီဗာပူးလ်လူငယ်ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ်က မိမိအနေဖြင့် ပွဲကစားခွင့်ရသည့်အချိန်တွင် အသင်းအတွက် (၁၀၀) ရာခိုင်နှုန်းပေးဆပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၁၉)နှစ်အရွယ်ရှိ အင်္ဂလန်လူငယ်ကစားသမား ကာတစ်ဂျုံးစ်သည် စက်တင်ဘာ (၂၄)ရက်က ကစားခဲ့သည့် Carabao ဖလား တတိယအဆင့်ပွဲစဉ် လင်ကွန်စီးတီး (၂-၇) လီဗာပူးလ်ပွဲတွင် ပွဲထွက်ကစားခွင့်ရခဲ့ပြီး လီဗာပူးလ်အတွက် (၂)ဂိုး သွင်းယူပေးခဲ့သည်။ 

ကာတစ်ဂျုံးစ်သည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် လီဗာပူးလ်အသင်းတွင် ပြိုင်ပွဲစုံ (၁၂) ပွဲ ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်သည်။ 

သို့သော် လီဗာပူးလ်အသင်း၏ ကွင်းလယ်တွင် စီနီယာကစားသမားများ ရှိနေသည့်အတွက် ကာတစ်ဂျုံးစ်အနေဖြင့် ပွဲထွက်ခွင့်ရရန် ရုန်းကန်ရမည်ဖြစ်ပြီး အခွင့်အရေးရလာချိန်တွင် အကောင်းဆုံး ကြိုးစားသွားမည်ဟု ၎င်းက ဆိုခဲ့ခြင်းဖြစ်သည်။ 

ကာတစ်ဂျုံးစ်က "လင်ကွန်စီးတီးပွဲမှာ ပွဲစကတည်းက ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ပြီး ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တာပါ။ ကျွန်တော် အမြဲတမ်းပြောခဲ့သလို အသင်းအတွက် ကစားခွင့်ရတာနဲ့ ကျွန်တော့်အနေနဲ့ (၁၀၀) ရာခိုင်နှုန်းအပြည့် ပေးဆပ်သွားမှာပါ။ ပွဲကစားခွင့်ရမယ့် အခွင့်အရေးကို ကျွန်တော် စောင့်နေပါတယ်"ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် Carabao ဖလား စတုတ္ထအဆင့်တွင် ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ 

Most Read

Most Recent