COVID-19 နှင့် အလုပ်အကိုင်ဆုံးရှုံးမှု

COVID-19 နှင့် အလုပ်အကိုင်ဆုံးရှုံးမှု
Published 25 September 2020

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒေါက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်သည့် လူမှုရေးမညီမျှမှုများကို ကိုင်တွယ်ရန် မဟာစီမံကိန်းတစ်ရပ်ကို စက်တင်ဘာ ၂၃ ရက်တွင် ချပြခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ နာလန်ထရန် အလုပ်အကိုင်တစ်သန်း ဖန်တီးပေးမည်ဟု ကတိပြုခဲ့သည်။ ထရူးဒေါက COVID-19 ဒုတိယလှိုင်းသည် ပထမလှိုင်းထက် ပိုမိုဆိုးရွားနိုင်ကြောင်း သတိပေးလိုက်ပြီး အရေးပေါ်လုပ်ဆောင်ချက်များကို ချဲ့ထွင်ရန်လည်း တင်ပြခဲ့သည်။ ကနေဒါ အုပ်ချုပ်ရေးမှူးချုပ် ဂျူလီပေယက်ကအထက်နှင့် အောက်လွှတ်တော်အမတ်များ ပူးပေါင်းအစည်းအဝေး၌ မိန့်ခွန်းတစ်ရပ် ဖတ်ကြားခဲ့ရာ၌ ရေတိုကာလအတွင်း အလုပ်အကိုင်များကို ကပ်ရောဂါမဖြစ်မီက အနေအထားသို့ ပြန်ရောက်အောင် ပြုလုပ်ရေးနှင့် စီးပွားရေးကျဆင်းမှုကို ထိန်းသိမ်းရန် အရေးပေါ် ထောက်ပံ့လုပ်ဆောင်မှုများအား ချဲ့ထွင်ရေးနှင့် ကျယ်ပြန့်အောင် ပြုလုပ်ရေးတို့ လည်း ပါဝင်ခဲ့သည်။

ကုလသမဂ္ဂ၏ အလုပ်သမားရေးရာ အေဂျင်စီဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကလည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုသည် ယခင်ထင်ထားသည်ထက် ပိုမိုဆိုးရွားနေပြီး အလုပ်အကိုင် သန်းချီဆုံးရှုံးမှုနှင့်အတူ အလုပ်သမားများ၏ ဝင်ငွေကျဆင်းမှုသည် အလွန်အမင်း ကြီးမားနေကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင် အလုပ်ချိန်များ ကျဆင်းမှုသည် ယခင်နှစ် ဒီဇင်ဘာနှင့်နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်ဝက်တွင် ၁၇.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အချိန်ပြည့်အလုပ်အကိုင် သန်း ၅၀၀ နီးပါး ဆုံးရှုံးမှုနှင့် ညီမျှကြောင်း ILO က လေ့လာမှုအသစ်တွင် တွေ့ရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အလုပ်အကိုင် သန်း ၁၀၀ ခန့် ဆုံးရှုံးနိုင်ကြောင်း ILO က ဇွန်လတွင် ထုတ်ပြန်သော ခန့်မှန်းချက်၌ ‌ဖော်ပြခဲ့သည်။

“ကပ်ဘေးသက်ရောက်မှုက အလွန်ကြီးမားပါတယ်” ဟု ILO ၏ ဥက္ကဋ္ဌ ဂီရိုင်ဒါက အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝန်း အလုပ်သမားများ၏ ဝင်ငွေကျဆင်းမှုသည် ယခုနှစ် ပထမကိုးလတွင် ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အလုပ်သမားများ၏ ဝင်ငွေကျဆင်းမှုသည် ဒေါ်လာ ၃.၅ ထရီလျံအထိရှိပြီး ကမ္ဘာ့ဂျီဒီပီ၏ ၅.၅ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ILO က ပြောကြားခဲ့သည်။ ကျန်းမာရေး စိန်ခေါ်မှုများအပြင် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန်အတွက် ပိတ်ဆို့ ထိန်းချုပ်မှုများ၊ ခရီးအသွားအလာ ကန့်သတ်မှုများ၊ အခြားအရေးယူဆောင်ရွက်ချက်များကြောင့် ကမ္ဘာတစ်ဝန်းမှ အလုပ်အကိုင်အများအပြားကို ဆုံးရှုံးစေခဲ့ပြီး ဝင်ငွေများလည်း ကျဆင်းစေခဲ့သည်။

၂၀၂၀ ပြည့် နောက်ဆုံးသုံးလတွင် အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ဝင်ငွေသက်ရောက်မှုသည် ဇွန်လထုတ် အစီရင်ခံစာတွင် ခန့်မှန်းထားသည်ထက် ပိုဆိုးနိုင်ကြောင်း ILO က သတိပေးခဲ့သည်။ ကမ္ဘာတစ်ဝန်း အလုပ်ချိန် လျော့ကျမှုသည် ယခင်နှစ် နောက်ဆုံးသုံး လပတ်ကထက် ၄.၉ ရာခိုင်နှုန်း ကျဆင်းမည်ဟု ILO က ယခင်အစီရင်ခံစာတွင် ခန့်မှန်းထားသည်။ သို့သော် အလုပ်ချိန်ကျဆင်းမှုသည် ၈.၆ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု ILO က ခန့်မှန်းခဲ့ပြီး ယင်းသည် အချိန်ပြည့် အလုပ်အကိုင် ၂၄၅ သန်း ဆုံးရှုံးမှုနှင့် ညီမျှလိမ့်မည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အင်အားကြီးစနိုင်ငံများမှ အလုပ်သမားများ ပို၍အထိနာနိုင်ပြီး အထူးသဖြင့် ပုံမှန်မဟုတ်သော အလုပ်အကိုင်များကို ယခင်အကျပ်အတည်းများထက် ပို၍သက်ရောက်နိုင်သည်ဟု ILO က ရှင်းပြခဲ့သည်။

လုပ်ငန်းခွင် တင်းကျပ်မှုများကို လျှော့ချပေးနေသော်လည်း ကမ္ဘာ့အလုပ်သများ၏ ၉၄ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်တင်းကျပ်မှုများ ထားရှိသည့်နိုင်ငံများတွင် နေထိုင်နေသူများဖြစ်ကြောင်း ILO က ထောက်ပြခဲ့သည်။ အလုပ်သမားများအတွက် အလုပ်အကိုင်အခြေအနေသည် ပို၍ဆိုးရွားလာနိုင်ကြောင်း ILO ၏ အလုပ်အကိုင်ရေးရာမူဝါဒ ဌာနခေါင်းဆောင် ဆန်ဟီရွန်လီက သတိပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကူးစက်မှုများသည် ပို၍တင်းကျပ်သောပိတ်ဆို့မှုများ၊ ကန့်သတ်မှုများကို ဆောင်ကြဉ်းလာပါက အလုပ်အကိုင်စျေးကွက်ကို သက်‌ရောက်မှုသည် ဒုတိယသုံးလပတ်ကထက် ပိုဆိုးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မူဝါဒချမှတ်သူများအနေနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို တုံ့ပြန်ဖြေရှင်းရာတွင် ကျန်းမာရေးထက် စီးပွားရေးကို ပို၍အလေးထားရန်လည်း ILO ဥက္ကဋ္ဌ ရိုက်ဒါက သတိထားတိုက်တွန်းခဲ့သည်။ အလုပ်အကိုင်စျေးကွက် ကျဆင်းမှုကို ရုန်းထွက်နိုင်သော ကမ္ဘာ့စီးပွားရေး၏ အရှိန်အဟုန်နှင့် စွမ်းပကားသည် ကိုရိုနာကပ်ဘေးကို ထိန်းချုပ်နိုင်စွမ်းနှင့် ဆက်စပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထိုအချက်နှစ်ချက်သည် အပြန်အလှန် ဆက်နွှယ်နေပြီး ထိုအခြေအနေကို နားလည်ပြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း ရိုက်ဒါက ပြောကြားခဲ့သည်။ ကမ္ဘာ့အစိုးရများက ဘဏ္ဍာရေးတွန်းအားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းမရှိပါက အလုပ်အကိုင်စျေးကွက် ပျက်စီးမှုသည် ပို၍ဆိုးရွားလိမ့်မည်ဟု ILO အစီရင်ခံစာက ဖော်ပြခဲ့သည်။

မည်သို့ပင်ဆိုစေ၊ အလုပ်အကိုင်များ ဆုံးရှုံးရမှုသည် COVID-19 ဒုတိယလှိုင်း၌ ပထမလှိုင်းထက် ပိုမိုဆိုးရွားနိုင်ကြောင်း သတိပေးမှုများ ထွက်ပေါ်လာသည်နှင့်အညီ ကနေဒါအစိုးရကဲ့သို့ ရေတိုကာလအတွင်း အလုပ်အကိုင်များ ကပ်ရောဂါမဖြစ်မီက အနေအထားသို့ ပြန်လည်ရောက်ရှိရေးနှင့် စီးပွားရေးကျဆင်းမှု ထိန်းသိမ်းရေးတို့အတွက် အရေးပေါ်လုပ်ဆောင်မှုများ လုပ်ဆောင်ရန် မဖြစ်မနေလိုအပ်လာပြီဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

စက်တင်ဘာ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

 

Most Read

Most Recent