ကိုဗစ်ဒုတိယလှိုင်း ကာလတွင် ရန်ကုန်တိုင်းရှိ Fever Clinic များသို့ လာရောက်ပြသသူများလာပြီး လူနာ ငါးပုံတွင် လေးပုံခန့်သည် သံသယလူနာများအဖြစ် Swab ယူနေရ

ကိုဗစ်ဒုတိယလှိုင်း ကာလတွင် ရန်ကုန်တိုင်းရှိ Fever Clinic များသို့ လာရောက်ပြသသူများလာပြီး လူနာ ငါးပုံတွင် လေးပုံခန့်သည် သံသယလူနာများအဖြစ် Swab ယူနေရ
 ဗိုလ်တထောင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် Fever Clinic သို့ လာရောက်ပြသသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
ဗိုလ်တထောင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် Fever Clinic သို့ လာရောက်ပြသသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 23 September 2020
အိသဥ္ဇာကျော်၊ လွင်မျိုးသူ

ဖျားနာကုဆေးခန်း (Fever Clinic) များသို့ လာပြသသူ လူနာ ငါးပုံပုံလေးပုံလောက်သည် သံသယလူနာများအဖြစ် Swab ယူနေရကြောင်း အဆိုပါဆေးခန်းများမှ တာဝန်ရှိသူများထံမှ စုံစမ်းသိရသည်။

ဖျားနာကုဆေးခန်းလာသူများ အယောက် ၅၀ တွင် ၄၀ ဦးဝန်းကျင်သည် သံသယလူနာအနေဖြင့် တွေ့ရှိရကြောင်း တာမွေ မြို့နယ် Fever Clinic တာဝန်ခံ ဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

“ဒီကာလမှာ  ငါးပုံပုံရင် လေးပုံလောက်က သံသယလူနာအနေနဲ့ တွေ့ရတယ်။ သံသယလူနာကို Swab ယူတယ်။ ဆေးရုံတွေမှာ နေရာလွတ်တာနဲ့  Swab ယူတယ်။ ဆေးရုံတွေမှာ နေရာမလွတ်သေးဘူးဆိုရင် Waiting List ထဲထည့်ပြီး လွတ်တဲ့နေရာရှိရင် Swab ယူတယ်” ဟု ဒေါက်တာ ကျော်မင်းထွန်းက ဆိုသည်။

အင်းစိန်မြို့နယ် Fever Clinic တာဝန်ခံဆရာဝန် ပါမောက္ခဒေါက်တာ မာမာကြည် ကလည်း ၎င်းတို့ဆေးခန်းသို့ လာရောက်ပြသသူများ အများစုကို သံသယလူနာအနေဖြင့် Swab ယူလျက်ရှိကြောင်း ပြောသည်။

“တချို့တွေ ဗိုက်နာလို့ ဝမ်းလျောတို့လောက်သာ ပြန်လွှတ်တယ်။ ကျန်တဲ့လူတွေကိုတော့ ရက်ချိန်းတွေ အကုန်လုပ်ထားတယ်။ Swab ယူဖို့တော့ ဆေးရုံတင်ဖို့တို့ လုပ်ထားတယ်” ဟု ပါမောက္ခဒေါက်တာ မာမာကြည်က ဆိုသည်။

မြို့နယ်အသီးသီးရှိ ဖျားနာကုဆေးခန်း (Fever Clinic) များသို့ ဖွင့်လှစ်သည့်ရက်များတွင် လာရောက်ပြသသူများသည် ကိုဗစ်ဒုတိယလှိုင်း စတင်ဖြစ်သည့် သြဂုတ်လကုန်နှင့် စက်တင်လာလဆန်းပိုင်းတွင် ပိုမိုများပြားလာကြောင်း သိရသည်။

သာကေတမြို့နယ် ဖျားနာကုဆေးခန်းတွင် လာရောက်ပြသသူများ လူနာများ များပြားလာပြီး စက်တင်ဘာ ၂၂ ရက် တစ်ရက်ထဲတွင် လာရောက်ပြသသူ ၁၂၀ ဦးအထိရှိလာကြောင်း သတင်းထုတ်ပြန်ထားသည်။

တာမွေမြို့နယ် Fever Clinic တွင် လာရောက်ပြသသူများသည် နေ့စဉ် အယောက် ၅၀ အထိရှိလာကြောင်း သိရသည်။ ထို့ပြင် အင်းစိန်မြို့နယ် Fever Clinic တွင်လည်း လာရောက်ပြသသူများသည် ၁၇၀ ထိ မြင့်တက်လာကြောင်း သိရသည်။

“ရခိုင်မှာကူးစက်မှုတွေဖြစ်ပြီး ရန်ကုန်မှာဖြစ်တော့ လာရောက်ပြသတဲ့လူတွေ များလာတော့တာပဲ။ သုညတို့ တစ်ယောက်တို့ကနေ ၃၀၊ ၅၀၊ ၇၀ ကနေ ၁၇၀ ထိ တက်သွားတယ်” ဟု ဒေါက်တာ မာမာကြည်က ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ် Fever Clinic တွင် စက်တင်ဘာ ၂၂ ရက်က နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူ၊ ဖျားနာ၊ အနံ့မရ၊ ဝမ်းလျှောခြင်းကြောင့် လာရောက်ပြသသောလူနာ တစ်ရက်အတွင်း ၆၆ ဦးရှိပြီး ယင်းတို့အနက်မှ ရောဂါလက္ခဏာ ပြင်းထန်သော လူနာတစ်ဦးကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်ထံမှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း  Fever Clinic ဖွင့်လှစ်ကုသပေးလျက်ရှိသော မြို့နယ်များမှာ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်၊ လှိုင်သာယာ၊ အင်းစိန်၊ ဒဂုံအရှေ့၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ တောင်ဥက္ကလာပ၊ ကြည်မြင်တိုင်၊ မှော်ဘီ၊ အလုံ၊ ရန်ကင်း၊ လှိုင်၊ သာကေတ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ တွံတေး၊ ဒေါပုံ၊သန်လျင်၊ ကော့မှူးမြို့နယ်တို့ဖြစ်ပြီး စုစုပေါင်း ၂၂ ခုရှိသည်။

Most Read

Most Recent