စီးပွားရေးတုန်ခါမှုနှင့် စီးပွားရေးလှုံ့ဆော်မှု

စီးပွားရေးတုန်ခါမှုနှင့် စီးပွားရေးလှုံ့ဆော်မှု
Published 23 September 2020

COVID-19 နှင့် ပတ်သက်သော စီးပွားရေး တုန်ခါမှုများသည် ကမ္ဘာတစ်လွှား ဗြောင်းဆန်အောင် ဖြစ်ပေါ်လျက်နေလေပြီ။ မြန်မာနိုင်ငံသည်လည်း တဖြည်းဖြည်း မျှော်လင့်ချက်မဲ့အနေအထားဆီ ဦးတည်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ်၌ နိုင်ငံတကာ ကုန်သွယ်ရေးကဏ္ဍကို ဖွင့်လှစ်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်မှုများသည် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွန်ရက် ကမောက်ကမဖြစ်ခြင်းနှင့် အရင်းအနှီး စီးဆင်းမှုများ ပုံပန်းပျက်သွားခြင်းတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ဖြစ်သည်။ ၎င်းအပြင် လော့ဒေါင်းချထားခြင်းကဲ့သို့သော ပြည်သူ့ကျန်းမာရေးဆိုင်ရာ မူဝါဒများကြောင့် ဖြစ်ပေါ်သည့် ပြည်တွင်းစျေးကွက်တုန်ခါမှုများကလည်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် ဖြစ်ပေါ်သော သက်ရောက်မှုများကို ပိုမိုဆိုးရွားလာစေသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က အရှေ့တောင်အာရှနိုင်ငံများ ASEAN ၏ ၂၀၁၉ ခုနှစ်က စီးပွားရေးကြီးထွားမှု ၄ ဒသမ ၃ ရာခိုင်နှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် ၁ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ထားခဲ့သည်။ မြန်မာနိုင်ငံကိုလည်း ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၁ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဖြစ်ကြောင်း ခန့်မှန်းထားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ထိရောက်သော စီးပွားရေးလှုံ့ဆော်မှုများ ပြုလုပ်ရန် မဖြစ်မနေ လိုအပ်လာသည်။

စီးပွားရေးလှုံ့ဆော်မှု Stimulus Package ဟူသည် ယက်ကန်ယက်ကန်ဖြစ်နေသည့် စီးပွားရေးတစ်ရပ်အား လှုံ့ဆော်ရန် အစိုးရက အကောင်အထည်ဖော်သည့် စီးပွားရေးဆိုင်ရာ လုပ်နည်းလုပ်ဟန်များ အပေါင်းအစုတစ်ရပ်ဖြစ်သည်။ Stimulus Package ၏ ရည်ရွယ်ချက်မှာ အလုပ်ခန့်ထားမှုနှင့်သုံးစွဲမှုကို အားပေးမြှင့်တင်ခြင်းဖြင့် စီးပွားရေး ပြန်လည်အားကောင်းစေရန်နှင့် စီးပွားရေးပျက်ကပ်ကို ကာကွယ်ရန် သို့မဟုတ် ပြန်လည်နာလန်ထစေရန် ဖြစ်သည်။ Stimulus Package ၏ အသုံးဝင်မှုနောက်ကွယ်မှ သဘောတရားသည် Keynesian စီးပွားရေးပညာ၌ အခြေခံပြီး ယင်းက အစိုးရ၏သုံးစွဲမှုကို မြှင့်တင်လျက် စီးပွားရေးပျက်ကပ်တစ်ရပ်၏ ရိုက်ခတ်မှုကို လျှော့ချနိုင်သည်ဟု အခိုင်အမာ ဆိုထားသည်။

Stimulus Package သည် စီးပွားရေးဆုတ်ယုတ်မှု သို့မဟုတ် စီးပွားရေးပျက်ကပ်မှနေ၍ စီးပွားရေးတစ်ရပ်ကို လှုံ့ဆော်ကယ်တင်ရန် အစိုးရ၏သုံးစွဲမှုကို မြှင့်တင်ခြင်းအား အခွန်အတုပ်များနှင့် အတိုးနှုန်းတို့ကို လျှော့ချခြင်းတို့နှင့်အတူ အချိုးညီစွာ ဆောင်ရွက်ရသည့် အားထုတ်မှုဖြစ်သည်။ Keynesian စီးပွားရေးပညာက အကြမ်းရေးဆွဲထားသည့် သဘောတရားများအပေါ် အခြေခံလျက် ရည်မှန်းချက်မှာ အလုပ်ခန့်ထားမှု၊ စားသုံးသူတို့၏ သုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို တိုးမြှင့်ခြင်းမှတစ်ဆင့် စုစုပေါင်းဝယ်လိုအားကို တိုးမြှင့်ရန် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်၏ စီးပွားရေးဆိုင်ရာရိုက်ခတ်ချက်ကြောင့် စီးပွားရေးရပ်တန့်မှုကို တုံ့ပြန်ရန်အတွက် Stimulus Package အဖြစ် ဒေါ်လာနှစ်ထရီလျံ သုံးစွဲရန် ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့သည်။ ယင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးကျဆင်းမှုက ရိုက်ခတ်ခဲ့သည့်လူတစ်ဦးချင်း၊ မိသားစုများနှင့် လုပ်ငန်းငယ်များကို သက်သာချောင်ချိရေးအတွက် ထောက်ပံ့ရန်ဖြစ်သည်။

Stimulus Package သည် နိုင်ငံတစ်နိုင်ငံကို စီးပွားရေးဆုတ်ယုတ်မှု သို့မဟုတ် စီးပွားရေးပျက်ကပ်မှ ဆွဲထုတ်ရန် သို့မဟုတ် စီးပွားရေးကျဆင်းမှုမှ ကာကွယ်ရန် အစိုးရက သုံးစွဲမှုမြှင့်တင်လျက် ကမ်းလှမ်းသည့် မက်လုံးများစွာနှင့် အခွန်ပြန်အမ်းငွေတို့ဖြစ်သည်။ Stimulus Package သည် ငွေကြေးဆိုင်ရာလှုံ့ဆော်မှု Monetary Stimulus ဖြစ်နိုင်သကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာလှုံ့ဆော်မှု Fiscal Stimulus လည်း ဖြစ်နိုင်သည်။ ငွေကြေးဆိုင်ရာ လှုံ့ဆော်မှုတွင် စီးပွားရေးကို လှုံ့ဆော်ရန် အတိုးနှုန်းများ လျှော့ချခြင်း ပါဝင်သည်။ အတိုးနှုန်းများ လျှော့ချသည့်အခါ ငွေချေးရန်ကုန်ကျစရိတ် သက်သာသွားသောကြောင့် လူများအား ငွေချေးယူရန် မက်လုံးပေးမှုဖြစ်စေသည်။ ငွေချေးယူမှု တိုးတက်လာခြင်းက ငွေကြေးလည်ပတ်မှု၌ ငွေအင်အား ပိုများလာစေပြီး ငွေစုရန် မက်လုံးလျော့ကျကာသုံးစွဲရန် မက်လုံးပိုစေသည်။ အတိုးနှုန်းလျှော့ချမှုက နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှုနှုန်းကိုလည်း အားပျော့သွားစေနိုင်ရာ နိုင်ငံခြားတင်ပို့မှု မြှင့်တင်ရေးဆီ ဦးတည်သွားစေနိုင်သည်။

နိုင်ငံခြားတင်ပို့မှု မြင့်တက်လာသည့်အခါ စီးပွားရေးအတွင်း ငွေကြေးစီးဝင်မှု မြင့်တက်လာပြီး သုံးစွဲမှုကို အားပေးခြင်းနှင့် စီးပွားရေးကို လှုပ်နှိုးခြင်းတို့ ဖြစ်စေသည်။ ဘဏ္ဍာရေးလှုံ့ဆော်မှု၏ ဖြစ်နိုင်ဖွယ်ပြဿနာတစ်ရပ်မှာ လူထုသုံးစွဲမှုကို မြှင့်တင်ရန်အတွက် အစိုးရအနေဖြင့် ငွေချေးယူရမှုကို တိုးမြှင့်ရခြင်းဖြစ်ပြီး ယင်းက “အကြွေး - ဂျီဒီပီအချိုး” Debt to GDP Ration မြင့်တက်မှုဆီ ဦးတည်သွားစေသည်။

ငွေကြေးဆိုင်ရာလှုံ့ဆော်မှု၏ အခြားပုံသဏ္ဌာန်တစ်ခုမှာ “အရေအတွက်အရ ဖြေလျှော့မှု” Quantitative Easing ဖြစ်သည်။ ယင်းမှာ နိုင်ငံတစ်နိုင်ငံ၏ ဗဟိုဘဏ်က ငွေချေးစာချုပ်များကဲ့သို့သော ဘဏ္ဌာရေးဆိုင်ရာ ပိုင်ဆိုင်မှုအရေအတွက်ပေါင်းများစွာကို ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် အခြားဘဏ္ဌာရေးဆိုင်ရာ အင်စတီကျူးရှင်းတို့မှ ဝယ်ယူခြင်းပါဝင်သည့် ချဲ့ထွင်ထားသော ငွေကြေးဆိုင်ရာ မူဝါဒဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် လုပ်ငန်းများစွာ ရပ်နားထားရရာ စီးပွားရေးဆိုင်ရာ မူဝါဒတစ်ရပ်အရေးပေါ်ချမှတ် အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent