COVID-19 ကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေ ကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြု

COVID-19 ကြောင့် ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေ ကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြု
 COVID-19 ချေးငွေ လာရောက်လျှောက်ထားသူများကိုတွေ့ရစဉ်
COVID-19 ချေးငွေ လာရောက်လျှောက်ထားသူများကိုတွေ့ရစဉ်
Published 23 September 2020
နီလာ

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေထုတ်ယူခွင့် ပြုလိုက်ကြောင်း COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စက်တင်ဘာ ၂၂ ရက်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါကော်မတီအစည်းအဝေး (၉/ ၂၀၂၀)ဆုံးဖြတ်ချက်အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက်မှ လုပ်ငန်း ၁၀၄၁ ခုသို့ ခွင့်ပြုငွေ ကျပ် ၂၀ ဒသမ ၇၇၇၅  ဘီလျံကို ချေးငွေထုတ်ယူခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ဒုတိယအကြိမ် COVID-19 Fund မှ ပထမအသုတ် ချေးငွေရရှိသည့် ကုမ္ပဏီလုပ်ငန်းများတွင် ဆန်စက်လုပ်ငန်းများ၊ မွေးမြူ ရေးလုပ်ငန်များ၊ Daweoo Bus, Myanmar Company Limited၊ ပလတ်စတစ်ဘူးခွံ လုပ်ငန်းများ မြေပဲခွဲစက်လုပ်ငန်းများအစရှိသည်တို့ ပါဝင်သည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် Supply Chain တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးရေးဆောင်ရွက်ပေးသွားရန်နှင့် ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့်လည်း ထုတ်ပေးနိုင်ရေး  ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ထားကြောင်း သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာသက်ရောက်မှုများအတွက် ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် ကျပ်ဘီလျံ ၁၀၀ ကို ပထမအရစ်ကျပ် ၃၅ ဘီလျံ၊ ဒုတိယအရစ်ကျပ် ၃၅ ဘီလျံနှင့် တတိယအရစ် ကျပ်ဘီလျံ ၃ဝကို အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းက ပြောကြားသည်။

ပထမအကြိမ် COVID-19 Fund မှ ခုနစ်ကြိမ်ခွဲ၍ ချေးငွေကျပ် ၁၀၁ ဘီလျံ ကျော်ထုတ်ချေးထားသည်။ လုပ်ငန်းကော်မတီ၏ ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်စွဲပါ ကြေညာချက်တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လုပ်ငန်း ၃၃၉၃ ခုကို ချေးငွေခုနစ်ကြိမ်ခွဲ၍ ထုတ်ချေးပေးထားသည်။

လုပ်ငန်းတစ်ခုချင်းအလိုက် ချေးငွေရရှိမှုကို လေ့လာကြည့်ပါက စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ MSME ၂၅၅၀ သို့ ချေးငွေကျပ် ၇၀၀၈၁ ဒသမ ၁၀ သန်း (ကျပ်ဘီလျံ ၇၀ ကျော်) ဖြင့် စုစုပေါင်းချေးငွေထုတ်ချေးထားမှု၏ ၆၉ ဒသမ ၃၀ ရာခိုင်နှုန်းအထိ အများဆုံး ထုတ်ချေးထားသည်။

ဟိုတယ်လုပ်ငန်း ၃၄၀ သို့ ချေးငွေကျပ်  ၁၅၇၂၀ ဒသမ ၇၄ သန်း(ကျပ် ၁၅ ဒသမ ၇ ဘီလျံကျော်)အထိ ထုတ်ချေးထားပြီး စုစုပေါင်းချေးငွေထုတ်ချေးထားမှု၏ ၁၅ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ဒုတိယအများဆုံး ထုတ်ချေးထားသည်။

အထည်ချုပ် CMP လုပ်ငန်း ၄၅ ခုသို့ ချေးငွေကျပ် ၆၃၁၂ သန်း (ကျပ်၆ဒသမ၃ ဘီ လျံကျော်) ထုတ်ချေးထားပြီး စုစုပေါင်းချေးငွေထုတ်ချေးထားမှု၏ ၆ ဒသမ ၂၄ရာခိုင် နှုန်းအထိ ထုတ်ချေးထားပြီး အခြား CMP လုပ်ငန်းနှစ်ခုသို့ ချေးငွေကျပ် ၇၅ သန်းထုတ် ချေးထားသည်။

ထို့ပြင်ခရီးသွားလုပ်ငန်း ၂၃၆ ခုသို့ ချေးငွေကျပ် ၃၇၅၇ ဒသမ ၄၆ သန်း ထုတ်ချေးထားပြီး စုစုပေါင်း ချေးငွေထုတ်ချေးထားမှု၏ ၃ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ထုတ်ချေးထားပြီး စားသောက်ဆိုင်လုပ်ငန်း ၂၂၀ သို့ ချေးငွေကျပ် ၅၁၈၂ သန်းထုတ်ချေးထားကာ စုစုပေါင်းချေးငွေထုတ်ချေးထားမှု၏ ၅ ဒသမ ၁၂ ရာခိုင်နှုန်းအထိ ထုတ်ချေးထားသည်။ အဆိုပါချေးငွေ ထုတ်ယူခွင့်ရရှိသူများအား ဘဏ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့်လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည်မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ  ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။             

 

Most Read

Most Recent