မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ထိုင်းနိုင်ငံရှိ မဲ့ကလောင် ငါးစျေးသာမက မဟာချိုင်ငါးစျေးမှပါ ထပ်မံဆိုင်းငံ့ လိုက်သည့်အတွက် ရေလုပ်ငန်းကဏ္ဍတွင် များစွာထိခိုက်နိုင်ဟုဆို

မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ထိုင်းနိုင်ငံရှိ မဲ့ကလောင် ငါးစျေးသာမက မဟာချိုင်ငါးစျေးမှပါ ထပ်မံဆိုင်းငံ့ လိုက်သည့်အတွက် ရေလုပ်ငန်းကဏ္ဍတွင် များစွာထိခိုက်နိုင်ဟုဆို
ထိုင်းနိုင်ငံရှိ မဟာချိုင်ငါးစျေးကို တွေ့ရစဉ်
ထိုင်းနိုင်ငံရှိ မဟာချိုင်ငါးစျေးကို တွေ့ရစဉ်
Published 23 September 2020
ဇော်မိုးဦး (မြိတ်)

မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို ထိုင်းနိုင်ငံရှိ မဲ့ကလောင် ငါးစျေးသာမက မဟာချိုင်ငါးစျေးမှပါ ထပ်မံဆိုင်းငံ့ လိုက်သည့်အတွက် ရေလုပ်ငန်းကဏ္ဍများစွာ ထိခိုက်လာနိုင်ပြီး အစိုးရက ဦးဆောင်ပေးရန် လိုအပ်လာကြောင်း လုပ်ငန်းရှင်များက တိုက်တွန်းပြောကြားသည်။

ထိုင်းနိုင်ငံရှိ အကြီးဆုံး ငါးစျေးကွက်ကြီး နှစ်ခုမှာ မြန်မာနိုင်ငံမှ ရေထွက်ကုန်များကို တစ်ပြိုင်နက်တည်း ဆိုင်းငံ့လိုက်သည့်အတွက် ငါးဖမ်းရာသီ စတင်ချိန် ဖြစ်နေသည့် မြန်မာနိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍမှာ စိုးရိမ်ရသည့် အနေထား ဖြစ်လာနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်များကို ထပ်မံဆိုင်းငံ့လိုက်သည့် ထလေထိုင်း (မဟာချိုင်) ငါးလေလံစျေးကြီးမှာ ထိုင်းနိုင်ငံ၏ အကြီးဆုံးငါးလေလံစျေးကြီး တစ်ခုဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ကုန်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်မှ ရေထွက်ကုန်များကို တိုက်ရိုက်ဖြစ်စေ တစ်ဆင့်ခံဖြစ်စေ လေလံတင်ပေးနေသည့် စျေးတစ်ခုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တစ်ကျော့ပြန်လည် ဖြစ်ပွားနေသည့် COVID-19 ရောဂါအခြေနေများကြောင့် မဲ့ကလောင်စျေးမှ ဆိုင်းငံ့လိုက်သလို ထလေထိုင်းကလည်း ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

“ငါးစျေးက ထပ်ကျလာတယ်။ ၂၀ ရာ ခိုင်နှုန်းကနေ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနေတယ်။ တွက်ချေမကိုက်ရင်တော့ လှေတွေ ရပ်သွားနိုင်တယ်။ မဲ့ကလောင် ငါးစျေးမှာက ငါးဖမ်းလှေပိုင်ရှင်တွေ များတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံက ရေထွက်ကုန်တွေ သတ်တဲ့သဘောရှိတယ်။ ထလေထိုင်းငါးစျေးက တရားဝင် စာထွက်လာပြီ။ ဒါပေမဲ့ စာရွက်စာတမ်းတွေနဲ့ ရနောင်းကနေတစ်ဆင့် သွားလို့ရနေသေးတယ်။ ရနေတယ်ဆိုတာ ရေထွက်ပစ္စည်းတွေကို ရနောင်းကိုပဲ သွားရောက်နေရတယ်လေ။ ရနောင်းက သူဟာသူ ပြန်တင်မယ် ဆိုရင်တော့ အဆင်ပြေတယ်။ အခုဆိုရင် ရနောင်း ထွက်ပေါက်တစ်ခုပဲ ကျန်တော့တယ်။ မြဝတီလမ်းကနေ သွားရင်လည်း စာရွက်စာတမ်းမရှိရင် သွားလို့မရဘူး။ မဲ့ကလောင်စျေးကိုတော့ လုံးဝသွားလို့ မရတော့ဘူး။ ၀ါလတ်တစ်စင်းက လှေအထွက်စရိတ် သိန်း ၃၀၀ ကနေ ၄၀၀ အထိရှိတယ်။ ရနောင်းမှာ သွားရောင်းရင် သိန်း ၃၅၀ လောက်ပဲရမယ်ဆိုရင် လုပ်ငန်းရပ်နား လိုက်လိမ့်မယ်။ ငါးစျေးမကောင်းရင် ကမ်းနီးငါးလုပ်ငန်းတွေလည်း ရပ်သွားလိမ့်မယ်။ ရန်ကုန်မှာတော့ လှေတွေ နှစ်ပတ်ရပ်နားမယ်လို့ သိရတယ်။ COVID-19 ကြောင့် ဝယ်လက်တွေ မရှိတော့လို့ ရပ်နားကုန်ပြီ။ နောက်ထပ် ၁၄ ရက် ရပ်နားဦးမယ်လို့ သိရတယ်။ အစိုးရအနေနဲ့ မားမားမတ်မတ် ဦးဆောင်ပေးရင်တော့ ကိုယ့်ဟာကိုယ် နောက်ပိုင်းမှာ ရပ်တည်လာနိုင်မယ်။ ဒါကို သင်ခန်းစာယူမယ် ဆိုရင်ပေါ့။ လောလောဆယ်တော့ ရနောင်းကိုတော့ သွားရောင်းနေကြတယ်။ နောက်ပိုင်း မကိုက်တော့ဘူးဆိုရင် ရပ်နားသွားရလိမ့်မယ်။ နောက်ထပ်တောင် စျေးထပ်ကျသွားဖို့ရှိတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ငါးများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေရရာ ထိုင်းနိုင်ငံတွင် ကြီးမားသည့် ငါးစျေးကွက်ကြီး တစ်ခုဖြစ်နေကြောင်း သိရသည်။ အစိုးရအနေဖြင့် ယခုအခြေနေမျိုးတွင် ငါးစျေးကွက်ကြီး မြန်မာနိုင်ငံသို့ ပြန်ရောက်အောင် လုပ်နိုင်ကြောင်း လုပ်ငန်းရှင်များက ထောက်ပြပြောကြားသည်။

ယခင်ကလည်း ထိုင်းနိုင်ငံ ရနောင်းမြို့ကိုသာ အားထားပြီး ရောင်းချနေရသော်လည်း ယခုအခါ အကြီးဆုံး ငါးစျေးကွက်ကြီး နှစ်ခုစလုံးမှ မြန်မာ့ရေထွက်ကုန်များကို ဆိုင်းငံ့လိုက်သည့်အတွက် ရနောင်းမှ စျေးကစားခြင်း၊ အခြားသက်ရောက်မှုများ ရှိလာနိုင်ခြင်းကြောင့် ရေလုပ်ငန်းရှင်များအကြား အထူးစိုးရိမ်မှုများ ဖြစ်ပေါ်လာနေသလို အလုပ်လက်မဲ့များစွာလည်း တိုးပွားလာနိုင်သည့် အနေအထား ရောက်ရှိလာနေကြောင်း သိရသည်။

Most Read

Most Recent