ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ညိုနှင့် တွေ့ဆုံမေးမြန်းခြင်း

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ညိုနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 23 September 2020

 

“ကိုယ့်ကို မဲပေးမယ့် မဲဆန္ဒရှင်ပြည်သူတွေက ကိုယ်စားလှယ်လောင်းကိုတောင် မမြင်ဖူးဘူးဆိုရင်တော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့မထင်ဘူး”

ရခိုင်ပြည်နယ်အတွင်း မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ မည်သို့သော အခက်အခဲများ ကြုံတွေ့နေရသည်ကို ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု၍ ဝင်ရောက်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ညိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အကြောင်းအရာများအား ဖော်ပြလိုက်ရပါသည်။

မေး - မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လို့ ဘာတွေလုပ်ဆောင်ဖြစ်တယ်ဆိုကို အရင်ဆုံးသိချင်ပါတယ်။

ဖြေ - ဒီနေ့ (စက်တင်ဘာ ၂၃ ရက်) မှာတော့ ဂွမြို့ ရခိုင်အမျိုးသားပါတီရုံးရှေ့မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ အောင်နိုင်ရေးဆိုင်းဘုတ်ကို စိုက်ထူခဲ့တယ်။ အရင် ၁၀ ရက်လောက်ကတည်းက အောင်နိုင်ရေး ဆိုင်းဘုတ်တွေ စိုက်ထူနေတာပါ။ ဂွမြို့နယ်အတွင်းက ရွာတွေမှာ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တွေ တင်ပြီးပြီ။ ဂွမြို့မှာတော့ ဒီနေ့က အောင်နိုင်ရေးဆိုင်းဘုတ် ပထမဆုံးစိုက်ထူတာပေါ့။

မေး - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရခိုင်ပြည်နယ်တစ်ခုလုံးကို Stay at Home ကြေညာထားတဲ့အတွက် မဲဆွယ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိသလဲ။

ဖြေ - မဲဆွယ်စည်းရုံးနဲ့ပတ်သက်လို့ အခုအချိန်မှာတော့ Stay at Home ကြေညာထားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ကတော့ အောင်နိုင်ရေးဆိုင်းဘုတ်တွေ စိုက်ထူတာရယ်၊ ကျွန်တော်တို့ ကိုယ်ရေးရာဇဝင်တွေပါတဲ့ ပန်းဖလက်တွေ ဖြန့်ဝေတာရယ် ဒီလောက်ပဲ လုပ်နိုင်တယ်။ ကျွန်တော်ဆိုရင် သံတွဲနဲ့ ဂွနှစ်မြို့နယ်ပါတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပါ။ သံတွဲက မြို့နယ်လည်း မြို့နယ်ကြီး။ လူဦးရေကလည်း များတယ်။ ကျွန်တော်ဆိုရင် သံတွဲကို ညအိပ်ညနေသွားလို့မရဘူး။ ဘာလို့လဲဆိုတော့ မြို့နယ်ကူးမယ်ဆိုရင် သံတွဲမှာက ၂၁ ရက် Quarantine ဝင်ရမယ်။ အဲဒါကြောင့် ကျွန်တော်က အခုလောလောဆယ် သံတွဲမြို့ကို တစ်ခေါက်မှ မရောက်နိုင်သေးဘူး။ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လို့ သံတွဲမှာ ဘာမှကို မလုပ်ရသေးဘူး။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကျွန်တော်တို့ကတော့ သွားသင့်သွားထိုက်တဲ့ နေရာလေးတွေကိုသွားခွင့်ရဖို့တော့ လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ သွားတာက အကြောင်းမရှိဘဲနဲ့ သွားတာလည်းမဟုတ်ဘူး။ ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ကတော့ ကိုယ်ယှဉ်ပြိုင်မယ့် မြို့နယ်ထဲမှာ ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ သွားရောက်သင့်တယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆမိပါတယ်။

မေး - ဒီလို မဲဆွယ်စည်းရုံးခွင့်မရတဲ့အပေါ်မှာ ဘာများပြောချင်ပါသလဲ။

ဖြေ - မဲဆွယ်စည်းရုံးခွင့်ရဖို့ဆိုရင် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ့်သက်ဆိုင်ရာ မဲဆန္ဒနယ်မြေကိုတော့ လွတ်လွတ်လပ်လပ် သွားပိုင်ခွင့်ရှိသင့်တယ်။ အဲဒါမှပဲ ကျွန်တော်တို့က မဲဆွယ်စည်းရုံးလို့ရမယ့် အနေအထားမျိုးဖြစ်မှာ။ ကော်မရှင်က ထုတ်ထားတာက အဆောက်အဦးအတွင်းမှာလည်း မဲမဆွယ်ရ။ အပြင်မှာလည်း မဲမဆွယ်ရ။ တစ်အိမ်တက်ဆင်းလည်း မဲမဆွယ်ရလို့ဆိုတော့ ကျွန်တော်တို့က ပန်းဖလက်ဝေရုံမှအပ အခြားဘာမှလုပ်လို့ မရတော့ဘူး။ အောင်နိုင်ရေးဆိုင်းဘုတ် လိုက်ထောင်တာရယ်၊ ပန်းဖလက်ဝေတာရယ်ဒါပဲ။ ဘာမှလုပ်လို့ မရဘူး။ ပန်းဖလက်ကျတော့ ကျွန်တော်တို့ ကိုယ်တိုင်တော့မဝေဘူး။ ကျွန်တော်တို့ ပါတီကို ထောက်ခံအားပေးတဲ့ လူတွေကတော့ အပိုင်းလိုက် အပိုင်းလိုက် ဝေနေကြတယ်။ အခုအချိန်မှာကတော့ မဲဆွယ်စည်းရုံးတာကို ဘာမှလုပ်လို့ မရဘူး။ ဘာကြောင့်လဲဆို ကိုဗစ်ရောဂါကို အကြောင်းပြုပြီးတော့ ရခိုင်ပြည်နယ်တစ်ခုလုံး  Stay at Home အနေနဲ့ ကြေညာထားတယ်။ ပြီးတဲ့အခါကျတော့ အပြင်မှာတွေ့ရင်တောင် ခရီးသွားကဒ်ပေါ့။ ရပ်ကွက်အလိုက်ထုတ် ပေးထားတဲ့ ခရီးသွားကဒ်တွေကို စစ်တယ်။ အဲဒီကဒ်ပြားပါမှ ကိုယ့်မြို့နယ်အတွင်း သွားလို့ရတယ်။ နို့မို့ဆို ဒီမြို့နယ်အတွင်းမှာတောင် ဒီကဒ်ပြားမပါရင် ပြဿနာရှာလို့ ရတယ်။

မေး - ဘာများ ဖြည့်စွက်ပြောချင်ပါသေးသလဲ။

ဖြေ - ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းများတဲ့နေ ရာတွေမှာတော့ တင်းကျပ်တယ်ဆိုတာ မမှားပါဘူး။ ကျွန်တော်တို့ ဂွမြို့နယ်မှာဆိုရင် ရောဂါဖြစ်တဲ့သူတစ်ယောက်မှ မရှိတော့ဘူး။ သံတွဲမှာဆိုရင်လည်း ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးရှိတာပေါ့။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ သွားသင့်သွားထိုက်တဲ့နေရာလေးတွေကို သွားလာခွင့်ရမှသာလျှင် မဲဆန္ဒရှင်ပြည်သူတွေအရှေ့ကိုတော့ အနည်းဆုံးမျက်နှာပြဖို့တော့ လိုတယ်လို့ ကျွန်တော်မြင်တယ်။ ကိုယ့်ကိုမဲပေးမယ့် မဲဆန္ဒရှင်ပြည်သူတွေက ကိုယ်စားလှယ်လောင်းကိုတောင် မမြင်ဖူးဘူးဆိုရင်တော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ဘူး။

ကျေးဇူးတင်ပါတယ်။

Most Read

Most Recent