ခရိုအေးရှားလက်ရွေးစင်အသင်း၏ ၀ါရင့်ကွင်းလယ်ကစားသမား ရာကီတစ်(၃၂ နှစ်)သည် လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီဖြစ်ကြောင်း တနင်္လာနေ့က အတည်ပြုကြေညာခဲ့သည်။
ရာကီတစ်သည် ခရိုအေးရှားလက်ရွေးစင်အသင်းအတွက် (၁၀၆)ပွဲကစားပေးထားကာ ဆာနာ (၁၃၄ ပွဲ)၊ မိုဒရစ် (၁၂၇ ပွဲ)၊ ပလီတီကိုဆာ (၁၁၄ ပွဲ)တို့နောက် လက်ရွေးစင်အသင်း၏ စတုတ္ထမြောက် ပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်သည်။
ရာကီတစ် အသက် (၁၉)နှစ်အရွယ် ၂၀၀၇ ခုနှစ်တွင် ခရိုအေးရှားလက်ရွေးစင်ကစားသမားအဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်ကစားသမားဘဝ သွင်းဂိုး (၁၅)ဂိုးသွင်းယူထားနိုင်သူဖြစ်သည်။
ထို့ပြင် ရာကီတစ်အနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယရခရိုအေးရှားလက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ယင်းမှာ ခရိုအေးရှားလက်ရွေးစင်ဘောလုံးအသင်း၏ သမိုင်းတစ်လျှောက်အမြင့်ဆုံးအောင်မြင်မှုလည်းဖြစ်ခဲ့သည်။
ရာကီတစ်က ''ခရိုအေးရှားအသင်းကို နှုတ်ဆက်ရ တာ ကျွန်တော့်ကစားသမားဘဝမှာ အခက်ခဲဆုံး ဆုံးဖြတ်ချက် ချမှတ်ရတာပါပဲ'' ဟု ပြောကြားခဲ့သည်။
ရာကီတစ်သည် ယခုနွေရာသီတွင် ဘာစီလိုနာအသင်းမှ အသင်းဟောင်း ဆီဗီလာသို့ ပြောင်းရွှေ့ထားသူလည်းဖြစ်သည်။















