အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေးအတွက် ယာဉ်အစီး ၃၀၀ ခန့်ဖြင့် နေပြည်တော်ကောင်စီ ၈ မြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) တွင် လှည့်လည်လျက်ရှိပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ ယာဉ်တန်းများအား နေအိမ်ရှေ့မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် အောင်နိုင်ရေးအဖွဲ့က ဦးဆောင်ပြီး ပါတီဝန်းရံသူများ ပါဝင်သော NLD ပါတီ တံဆိပ်၊ အလံများနှင့် ကြွေးကြော်သံများ တပ်ဆင်ထားသည့် မော်တော်ယာဉ်အစီး ၃၀၀ ခန့်ဖြင့် လှည့်လည်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ လှည့်လည်ခဲ့သည့် အောင်နိုင်ရေး ယာဉ်တန်းကို ပါတီဒုတိယဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်နှင့် ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင်များကလည်း ကြိုဆိုခဲ့ကြောင်း သိရသည်။

“နိုင်ငံရဲ့ အရေးကြီးတဲ့ ရွေးကောက်ပွဲကာလဖြစ်တဲ့ ရွေးကောက်ပွဲကာလမှာ လူစုလူဝေးတွေနဲ့ စုဝေးခွင့်ကို လူငါးဆယ်လောက် ကန့်သတ်ထားတယ်။ အခုအနေအထားအရ လူစုလူဝေး မဟုတ်ဘဲနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို စနစ်တကျနဲ့ မှန်မှန်ကန်ကန်ပြနိုင်အောင် ယခုလို ကားတွေပေါ်မှာ မိသားစုတွေကနေပြီးတော့ ကားတွေကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံပြီးတော့ ပိုစတာတို့၊ စတစ်ကာတို့၊ ခေါင်းဆောင်ရဲ့ အဆိုအမိန့်တို့ အဖွဲ့ချုပ်ရဲ့ စလိုဂရမ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွေပါတဲ့ ကားတွေနဲ့စုပြီးမှ နေပြည်တော် ရှစ်မြို့နယ်စလုံးမှာ လှည့်ပါမယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးမင်းသူက ပြောကြားသည်။

ယင်းသို့ယာဉ်တန်းများဖြင့် လှည့်လည်ရာတွင် ကိုယ့်ကားထဲ၌သာ ကိုယ်နေရမည်ဖြစ်ပြီး လက်အိတ်များ၊ Mask များ၊ Face shield များတပ်ဆင်ကာ COVID-19 ပညာပေး သဘောမျိုးဖြင့် စနစ်ကျပြီး စည်းကမ်းရှိသည့် ထုတ်ဖော်မှုမျိုးကို ထုတ်ဖော်ပြသခြင်း ဖြစ်ကြောင်း ဦးမင်းသူက ဆိုသည်။

NLD ပါတီအောင်နိုင်ရေးအတွက် ယာဉ်အစီး ၃၀၀ ခန့်ဖြင့် လှည့်လည်ခြင်းအား ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှ စတင်ကာ လှည့်လည်ခဲ့ပြီး ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် ဘောဂသီရိ လမ်းကြောင်းတွင် အဆုံးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။



















