COVID-19 အကျပ်အတည်းနှင့် စားဝတ်နေရေး

COVID-19 အကျပ်အတည်းနှင့် စားဝတ်နေရေး
Published 18 September 2020

လူ့ဘဝ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပကတိဆင်းရဲမွဲတေမှုကို တိုင်းတာရန် အဓိကနည်းလမ်းများအနက် တစ်ရပ်ဖြစ်သည်။ ယင်းချဉ်းကပ်ပုံသည် ရေရှည်ရုပ်ပိုင်းဆိုင်ရာ ဖူလုံမှုအတွက် အနိမ့်ဆုံးလိုအပ်သည့် ရင်းမြစ်များကို သတ်မှတ်ရန်ကြိုးပမ်းခြင်းဖြစ်ပြီး ကုန်ပစ္စည်းများ သုံးစွဲမှုဖြင့် တိုင်းတာလေ့ရှိသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းကို ယင်းလိုအပ်ချက်များ ပြည့်ဝနိုင်ရန်လိုအပ်သည့် ဝင်ငွေပမာဏဖြင့် သတ်မှတ်သည်။

အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံကို ၁၉၇၆ ခုနှစ်တွင် ကျင်းပသော နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ ကမ္ဘာ့အလုပ်ခန့်ထားမှုဆိုင်ရာ ညီလာခံ၌ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို နိုင်ငံအလိုက်နှင့် နိုင်ငံတကာဆိုင်ရာ ဖွံ့ဖြိုးရေးမူဝါဒနှင့် ပတ်သက်သော လွှမ်းခြုံရည်ရွယ်ချက်အဖြစ် အခြေခံလူသား လိုအပ်ချက်များ ပြည့်မီရေးအတွက် အဆိုပြုခြင်းဖြစ်သည်။ ဖွံ့ဖြိုးမှုအား အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံကို ကမ္ဘာတစ်လွှားမှ အစိုးရအဖွဲ့များ၊ အလုပ်သမားများနှင့် အလုပ်ရှင်များတို့နှင့် ဆိုင်သော အဖွဲ့အစည်းများက အတည်ပြုခဲ့သည်။ ထို့ကြောင့် ယင်းသည် အဓိကကျသော ဖွံ့ဖြိုးရေး အေဂျင်စီများအကြား ချမှတ်သည့် စီမံကိန်းများနှင့် မူဝါဒများအပေါ် လွှမ်းမိုးခဲ့ပြီး လူသားဖွံ့ဖြိုးမှု ချဉ်းကပ်ပုံအတွက် အကြိုပုံစံတစ်ရပ်လည်း ဖြစ်ခဲ့သည်။

အစဉ်အလာအရ ချက်ချင်းလက်ငင်းကျသော အခြေခံလိုအပ်ချက်များမှာ အစားအစာ (ရေအပါအဝင်)၊ နေစရာနှင့် ဝတ်စရာတို့ ဖြစ်သည်။ ယင်းကို “စားဝတ်နေရေး” ဟု ခေါ်ဆိုသည်။ ခေတ်သစ်၏ အခြေခံလိုအပ်ချက်စာရင်းတွင် စားဝတ်နေရေးသာမကတော့ဘဲ သန့်ရှင်းရေး၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကိုပါ ထည့်သွင်းလာသည်။ အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံကို သုံးစွဲမှုကို ရှေးရှုသည့်ပုံစံအဖြစ် ဖော်ပြခဲ့ကြပြီး ယင်းပုံစံအရ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ အလွန်လွယ်ကူပုံရသည်။ သို့သော် နောက်ပိုင်းတွင် သုံးစွဲမှုကို အခြေမပြုတော့ဘဲ အရည်အသွေးကို ရှေးရှု၍ လာသည်။

ဖွံ့ဖြိုးမှုလမ်းကြောင်းတွင် အခြေခံလိုအပ်ချက်ပုံစံသည် လျှော့ချနိုင်သည့် ဆင်းရဲမွဲတေမှုအဆင့်တစ်ရပ်ဟု ယုံကြည်ရသောအရာကို တိုင်းတာခြင်းအပေါ်၌ အဓိကထားသည်။ အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံကို လိုက်နာသော ဖွံ့ဖြိုးမှုစီမံချက်များသည် အနာဂတ်တွင် မိမိဝန်မိမိ ထမ်းရမည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ကူညီသော စီးပွားရေးအရ ထုတ်လုပ်မှု လုပ်ဆောင်ချက်များအပေါ်၌ ရင်းနှီးမြှုပ်နှံမှု မပြုတော့ပေ။ ယင်းအစား လူ့အဖွဲ့အစည်းကို ဆင်းရဲမွဲတေမှုမျဉ်းအထက်၌ လုံလောက်သော သုံးစွဲမှုရှိရန်နှင့် အခြေခံလိုအပ်ချက်များ ပြည့်မီရန် ခွင့်ပြုစေမှုအပေါ်သာ အဓိကထားလာသည်။

စီမံချက်များသည် မျှတမှုထက် ရေရှည်တည်တံ့မှုအပေါ် အဓိကထားလာသည်။ မည်သို့ပင်ဆိုစေကာမူ အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံသည် အရေးကြီးသည်။ ၁၉၉၅ ခုနှစ်က ကိုပင်ဟေဂင်မြို့တွင် ပြုလုပ်သော လူမှုဖွံ့ဖြိုးမှုဆိုင်ရာ ကမ္ဘာထိပ်သီး ဆွေးနွေးပွဲ၏ အဓိကကြေညာချက်တစ်ရပ်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံး ဆင်းရဲမွဲတေမှုကို တိုင်းတာရန် နည်းလမ်းများ ဖွံ့ဖြိုးလာရေးနှင့် နိုင်ငံအလိုက် မိမိတို့ သတ်မှတ်ထားသော ရည်မှန်းသည့်အချိန်၌ ဆင်းရဲမွဲတေမှုကို အမြစ်ဖြတ်ရန် နိုင်ငံတော်မူဝါဒများ ချမှတ်ရေးဖြစ်သည်။

ယခုနောက်ဆုံး ဆယ်စုနှစ်အတွင်း နိုင်ငံရေးနှင့် အစိုးရ အင်စတီကျူးရှင်းများက ဆင်းရဲမွဲတေမှုအပေါ် ပုံသွင်းပုံနှင့် ပတ်သက်၍ လေ့လာချက်များစွာ ထွက်ပေါ်လာခဲ့သည်။ အဆင်းရဲဆုံးနှင့် အားအနည်းဆုံး လူများအတွက် ၎င်းတို့အစိုးရအဖွဲ့များ၏ ဆောင်ရွက်ပုံနည်းလမ်းများက ၎င်းတို့၏ဘဝ၌ များစွာသော ကွဲပြားခြားနားမှုများကို ဖြစ်စေနိုင်သည်။ ပဋိပက္ခများကို ကာကွယ်ရန်၊ အခြေခံလုံခြုံရေး သို့မဟုတ် အခြေခံဝန်ဆောင်မှုများကို ထောက်ပံ့ရန် အစိုးရအင်စတီကျူးရှင်းများ၏ မစွမ်းဆောင်နိုင်မှုက နိုင်ငံသားများ (အထူးသဖြင့် ဆင်းရဲသားများ) အတွက် ပျက်စီးရာပျက်စီးကြောင်း အကျိုးဆက်များကို ဖြစ်စေနိုင်သည်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးကို တိုးတက်လာရန် မျှော်မှန်းထားကြသော်လည်း ကဏ္ဍပေါင်းစုံတွင် စီးပွားရေးက ယခင်ကထက် ပိုမိုကျပ်တည်းလာကြောင်း နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များနှင့် ပြည်သူများထံမှ အသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ  “နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း” ဆိုသကဲ့သို့ COVID-19 အကျပ်အတည်း ဝင်ရောက်လာရာ မြန်မာ့စီးပွားရေး မျက်ဖြူဆိုက်ရမည့်ကိန်း စိုက်လာခဲ့ပြီး ပြည်သူလူထု၏ စားဝတ်နေရေး အခက်အခဲသည်လည်း အဆိုးရွားဆုံးအနေအထားသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေး အကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေခဲ့ပြီဖြစ်သည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ ထို့ကြောင့် အစိုးရအဖွဲ့အနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေးအတွက် မူဝါဒများဖြင့် အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းတွင် ပြည်သူတို့၏ စားဝတ်နေရေး အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးလှုံ့ဆော်မှုက အဓိကကျပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent