SNLD ပါတီမှ ဗမာတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ဦးကိုကိုမျိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

SNLD ပါတီမှ ဗမာတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း ဦးကိုကိုမျိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 18 September 2020
စည်သာ(တောင်ကြီး)

"ဒီအရွေ့ဟာ ပြည်နယ်ရဲ့ အရွေ့၊ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အရွေ့လည်းဖြစ်ပါတယ်"

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီမှ ထူးခြားစွာ ဗမာတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် (ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး) နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းနေရာကို ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းမှာ ရှမ်းစော်ဘွားများကောင်စီ၏ အတိုင်ပင်ခံသဘာပတိ ဆောင်ရွက်ခဲ့သူ ဦးကျော်မြင့်နှင့် ကနောင်မင်းသားကြီး၏မြစ်တော် ဒေါ်ခင်ခင်ဖူးတို့၏ မြေးတော်ဆက်သော ဦးကိုကိုမျိုးဖြစ်ပြီး ၎င်းနှင့်တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။

မေး - SNLD ပါတီကို ဘာကြောင့် ဝင်ရောက်ဖြစ်တာလဲ။ နိုင်ငံရေးမျိုးရိုး ရှိပါသလား။

ဖြေ - SNLD ပါတီကို ကိုယ်ကိုယ်တိုင်ပဲ ဝင်ဖြစ်တာပါခင်ဗျ။ SNLD ရဲ့ မူဝါဒကိုယုံကြည်လို့ပါ။ သူတို့ စတင်တည်ထောင်ချိန်ကနေ အခုချိန်အထိ မပြောင်းလဲဘဲ တစိုက်မတ်မတ် ခံယူလာတဲ့ဖက်ဒရယ်ပေါ့နော်။ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်တွေကို ကျွန်တော်ယုံကြည်လို့ ဖြစ်ပါတယ်ခင်ဗျ။ နိုင်ငံရေးမျိုးရိုးရှိလား မရှိလားဆိုတဲ့အဖြေမှာ ဆက်နွယ်သွားပါတယ်။ ဖက်ဒရယ်မူက ကျွန်တော့်အဘိုးကိုယ်တိုင် ၁၉၅၀ ကျော်ခုနှစ်တွေက ၁၉၆၀ ပြည့်နှစ်ဝန်းကျင်အထိ ရှမ်းစော်ဘွားများကောင်စီရဲ့ အတိုင်ပင်ခံသဘာပတိအနေနဲ့ ဆောင်ရွက်ရင်းနဲ့ ဒီဖက်ဒရယ်မူကို အားလုံးတူတူ ကြိုးစားဖော်ဆောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့ ယခုအချိန်မှာလည်း ကျွန်တော့်အလှည့်ရောက်လာချိန်မှာ ပခုံးပြောင်းတာဝန်ယူခြင်းဖြစ်ပါတယ် ခင်ဗျာ။ အဘိုးနာမည်က ဦးကျော်မြင့်ပါ။ အငြိမ်းစားရဲဗိုလ်ချုပ်ပါ။

မေး - အစ်ကိုက ဗမာတိုင်းရင်းသားစစ်စစ် တစ်ယောက်လားခင်ဗျာ။

ဖြေ - တော်တော်များများ ဟုတ်ပါတယ်။ ဖေဖေရော၊ မေမေရော ဗုဒ္ဓဘာသာ ဗမာလူမျိုးဖြစ်ပါတယ်။ မေမေ့ရဲ့ မိခင်ဆိုရင်လည်း ရတနာပုံနေပြည်တော်ကို တည်ထောင်တဲ့ ပဥ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးရဲ့ ပြည်ထောင်ဘက် ညီတော်ဖြစ်တဲ့ ကနောင်မင်းရဲ့ မြစ်တော်ဖြစ်ပါတယ်ဗျ။ ကျွန်တော်ရဲ့ အဘွားပေ့ါ။ ဒေါ်ခင်ခင်ဖူးပေါ့။

မေး - SNLD ပါတီက ထူးထူးခြားခြား ဗမာတိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ ပါဝင်လာတဲ့အပေါ် ဘယ်လိုမျှော်မှန်းချက်နဲ့ ဝင်ပြိုင်ဖြစ်တာလဲ။

ဖြေ - အစ်ကိုကတော့ ရှမ်းပြည်နယ်တစ်ခုလုံးအတွက်ပါခင်ဗျ။ ဗမာတိုင်းရင်းသားအနေနဲ့ ဘာလို့ ဝင်ရောက်ယှဉ်ပြိုင်ရလဲဆိုရင် SNLD ဟာ ပထမစတင်တည်ထောင်ချိန်မှာ ရှမ်းတိုင်းရင်းသားများကိုအခြေခံတဲ့ ပါတီဖြစ်ပါတယ်။ အဲဒီကနေ ပြည်နယ်ကို အခြေပြုတဲ့ပါတီကို ပြောင်းလဲလာပါတယ်။ အဲဒီကနေ ပြီးခဲ့တဲ့နှစ်မှာ SNLD ဟာ မူဝါဒကို အခြေခံတဲ့ ပါတီတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားလာတဲ့အခါ ရှမ်းပြည်နယ်မှာဆိုရင် ရှမ်းအပါအဝင် တိုင်းရင်းသားများအားလုံးတူတူ နေထိုင်တဲ့ ပြည်နယ်တစ်ခုလည်းဖြစ်ပါ တယ်။ အဲဒီတိုင်းရင်းသားတွေထဲမှာ ဗမာတိုင်းရင်းသားလူမျိုးလည်း အပါအဝင်ဖြစ်ပါတယ်ခင်ဗျ။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ဆိုရင် ဒီပြည်နယ်မှာနေထိုင်တဲ့ တိုင်းရင်းသားပြည်နယ်များ အားလုံးတူတူပါဝင်ပြီး လက်တွဲမှသာ ရနိုင်မယ်လို့ SNLD အနေနဲ့လည်း ယုံကြည်တယ်လို့ အစ်ကိုထင်ပါတယ်ခင်ဗျ။ ဒီမူဝါဒအခြေခံတဲ့ပါတီဖြစ်လာချိန်မှာ အစ်ကိုက ဗမာတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်အနေနဲ့ ရှမ်းပြည်နယ်မှာဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲကို ဘယ်လိုယုံကြည်ချက်နဲ့ ဝင်တာလဲ။ ရွေးကောက်ခံကိုယ်စားလှယ် ဖြစ်လာရင် ဘယ်ကဏ္ဍတွေကို ပြုပြင်ပြောင်းလဲချင်လဲပေ့ါ။

ဖြေ - အစ်ကိုက ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်လာခဲ့ရင် အားလုံးသိပြီးတဲ့အတိုင်းဖြစ်မှာပါ။ လွှတ်တော်ကိုယ်စားပြုတဲ့ ဥပဒေပြုအမတ်တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူးဗျ။ ကျွန်တော်ပါဝင်တဲ့နေရာသည် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်ရမှာဖြစ်ပါတယ်။ ဥပဒေပြုရေးထက် အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေမှာ အစ်ကို ကျွမ်းကျင်ရာနေရာတွေမှာ ကျရာနေရာများကနေ တာဝန်ထမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်။ အဓိကတော့ လူမှုရေး၊ ပညာရေးနဲ့ ရှမ်းပြည်နယ်အခြေခံဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍများမှာ သိကျွမ်းတတ်ကျွမ်းတဲ့ ကဏ္ဍတွေကနေ ပါဝင်ထမ်းဆောင်ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။

မေး - ဘယ်လိုအခက်အခဲ စိန်ခေါ်မှုကြုံတွေ့ရလဲ။

ဖြေ - ရှမ်းပြည်နယ်တစ်ပြည်နယ်လုံး ကျယ်ပြန့်ပါတယ်။ ရှမ်းပြည်နယ်တစ်ပြည်နယ်လုံးမှာ ဗမာတိုင်းရင်းသားများအားလုံးရှိတဲ့ နေရာရောက်ဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့လည်း အစ်ကိုအတတ်နိုင်ဆုံး ကြိုးစားပြီးသွားမယ်လို့ Plan ချထားပါတယ်။ အခုချိန်မှာတော့ အားလုံးသိတဲ့အတိုင်းပါပဲ၊ COVID-19 ရဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်။ ခရီးသွားလာဖို့အတွက် အချို့နေရာများကို သွားလာဖို့ အခက်အခဲ ရှိပါတယ်။ အဲဒီတစ်ခု ရှိပါတယ်။

မေး - တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအနေနဲ့ ဘာတွေလုပ်နိုင်မယ်လို့ ထင်ပါသလဲ။

ဖြေ - အချို့ကို လေ့လာဖူးပါတယ်။ အဓိက ကတော့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဖြစ်တဲ့အတွက် ရွှေ့ပြောင်းအလုပ်သမားများအရေး၊ ပြီးရင် နယ်စပ်မှာဆိုရင် လူကုန်ကူးမှုတိုက်ဖျက်ရေးတွေ ပါဝင်ပါမယ်။ ယဉ်ကျေးမှုနဲ့ ဘာသာရေးပွဲတော်များကိုဦးဆောင်ဖို့၊ ဖော်ထုတ်ဖို့၊ ထိန်းသိမ်းဖို့လည်း ပါပါမယ်ဗျ။ အဲဒီနေရာတွေမှာ ဝန်ကြီးဌာနအနေနဲ့ရော ကော်မတီများမှာရော ပါဝင်ပြီး လှုပ်ရှားရမှာဖြစ်ပါတယ်။

မေး - ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို ဘယ်လိုမျိုးသုံးသပ်ပြီး ဘယ်လောက်မျှော်လင့်ချက် ထားပါသလဲ။

ဖြေ - ကျွန်တော် ဒီ ၂၀၂၀ ပြည့်နှစ်ပေ့ါ။ ကျွန်တော်က နိုင်ငံရေးပညာရှင်လည်းမဟုတ်ပါဘူး။ သုံးသပ်မိသလောက်လေး တင်ပြပါရစေ။ ဒီ ၂၀၂၀ ပြည့် နှစ်ဟာ အရေးကြီးတဲ့နှစ်လို့ တင်ပြပါရစေ။ ထို့အတူ တိုင်းရင်းသားပါတီများအတွက်လည်း ပြည်နယ်များမှာ အလားအလာကောင်းမယ့်နှစ်လို့ ယုံကြည်ပါတယ်ဗျ။

မေး - ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပေးပါခင်ဗျ။

ဖြေ - ၂၀၂၀ ပြည့်နှစ်ဟာ တိုင်းရင်းသားပါတီများအတွက် အရေးကြီးတဲ့နှစ်တစ်နှစ်လို့ ပြောကြားလိုပါတယ်ခင်ဗျ။ ရှမ်းပြည်နယ်မှာဆိုရင်လည်း SNLD ဟာ မူဝါဒကို အခြေခံပြီးတော့ ပြည်နယ်ရဲ့ ကောင်းကျိုးအတွက်ကိုလိုလားတဲ့ ဖက်ဒရယ်ကို ဦးတည်ပြီးသွားနေတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ အဲဒီပါတီဟာ အခုချိန်မှာတိုင်းရင်းသားလူမျိုးတစ်ခုကို အခြေခံတဲ့ပါတီမဟုတ်ဘဲ မူဝါဒကို အခြေခံတဲ့ပါတီအနေနဲ့ ပြည်နယ်တစ်ခုလုံးအတွက် ထိုမှတစ်ဆင့် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေးအတွက် ကြိုးစားနေတဲ့ပါတီတစ်ခု ဖြစ်ပါတယ်။ အခုချိန်မှာ ရှမ်းတိုင်းရင်းသားများသာမက အစ်ကိုတို့လို ဗမာတိုင်းရင်းသားများလည်း ဝင်ရောက်ပြီးတော့ ပါတီမှာလှုပ်ရှားနေပါတယ်။ ဒီအရွေ့ဟာ ပြည်နယ်ရဲ့ အရွေ့၊ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် အရွေ့လည်းဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့် ရရှိလာတဲ့အခွင့်အရေးကို ရှမ်းပြည်နယ်နေ ဗမာအပါအဝင် အခြားသော တိုင်းရင်းသားများရော လက်လွတ်မခံသင့်ဘူးလို့ Message ပေးလိုပါတယ်။

 

Most Read

Most Recent