စပါးအသင်းနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ဘေးလ်၏အေးဂျင့်ဖြစ်သူ အတည်ပြု

စပါးအသင်းနှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟု ဘေးလ်၏အေးဂျင့်ဖြစ်သူ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 16 September 2020

ရီးယဲလ်မက်ဒရစ်အသင်းတွင် အနာဂတ်မသေချာတော့သည့် ဝေးလ်စ်တောင်ပံ ကစားသမား ဂါရတ်ဘေးလ်သည် အသင်းဟောင်းဖြစ်သည့် စပါးအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း ဂျိုနသန်ဘားနက်က BBC Sport Wales သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

ဘေးလ်သည် ရီးယဲလ်အသင်းနည်းပြ ဇီဒန်းနှင့် ဆက်ဆံရေးအဆင်မပြေသူဖြစ်ပြီး  ယခုလအစောပိုင်းက ပရီးမီးယားလိဂ်အသင်း တစ်သင်းသင်းသို့ ပြောင်းရွှေ့ရန် တံခါးဖွင့်ထားကြောင်း ပြောကြားထားသည်။

(၃၁)နှစ်အရွယ်ရှိ ဘေးလ်ကိုခေါ်ယူရန်အတွက် မန်ယူနှင့် စပါးအသင်းများ အပြိုင်သတင်းထွက်ခဲ့သော်လည်း လက်ရှိအချိန်တွင် မော်ရင်ဟို၏စပါးအသင်းက လက်ဦးမှုရယူရန် နီးစပ်လျက်ရှိသည်။

"ဂါရတ်က စပါးအသင်းကို ချစ်ခင်နှစ်သက်နေတုန်းပါပဲ။ ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ သူ သွားချင်တဲ့နေရာကိုပေါ့" ဟု ဘားနက်က BBC Sport Wales သို့ စက်တင်ဘာလ (၁၅)ရက်က ပြောကြားခဲ့သည်။

ထို့ပြင် ဘားနက်သည် AFP နှင့် တွေ့ဆုံမှုတွင် ဘေးလ်၏အပြောင်းအရွှေ့မှာ နီးစပ်နေသော်လည်း ခက်ခဲရှုပ်ထွေးသည့် စာချုပ်တစ်ခုဖြစ်သည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ဘေးလ်သည် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေပြီး တစ်ပတ်လုပ်ခ ပေါင် (၆)သိန်းခန့်ရရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

လက်ရှိသတင်းများထွက်ပေါ်နေမှုအရ ဘေးလ်အနေဖြင့် စပါးအသင်းသို့ ပြောင်းရွှေ့ခဲ့လျှင် တစ်ပတ်လုပ်ခမှာ ပေါင် (၅)သိန်းဝန်းကျင်အထိ ရရှိနိုင်ပြီး ယင်းထဲမှ ၅၀ ရာခိုင်နှုန်းကို ရီးယဲလ်အသင်းမှ ပေးချေသွားရမည်ဟု သိရသည်။

ထို့ပြင် စပါးအသင်းသည် ဘေးလ်၏အပြောင်း အရွှေ့အစိတ်အပိုင်းအဖြစ် အသင်းမှပထမကစားသမားတစ်ဦးကို အငှား (သို့မဟုတ်) အမြဲတမ်းစာချုပ်ဖြင့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ပြုဖွယ်ရှိသည့် အချက်လည်း ပါဝင်ဖွယ်ရှိသည်။

ဘေးလ်သည် ၂၀၁၃ ခုနှစ် နွေရာသီတွင် ထိုအချိန်က ကမ္ဘာ့စံချိန်ရှင်ပြောင်းရွှေ့ကြေးဖြစ်သည့်  ပေါင် (၈၅)သန်းဖြင့် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိတွင် နည်းပြ ဇီဒန်းနှင့် အဆင်မပြေမှုကြောင့် Restart ကာလတွင် လာလီဂါပွဲစဉ်တစ်ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent