ကိုဗစ်နှင့် လွဲချော်၍မရသော မူဝါဒ

ကိုဗစ်နှင့် လွဲချော်၍မရသော မူဝါဒ
Published 17 September 2020

ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အခါမျှ ပျောက်ကွယ်သွားဖွယ်မရှိဘဲ ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့် နေထိုင်ရန် သင်ယူရတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထါးမှု မှန်ကန်သည်ဟု ဆိုရတော့မည်ဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေး မပေါ်သေးသည့် အချိန်တွင် ကိုဗစ်ကြောင့် လူမှုစီးပွားများ ဗရုတ်သုက္ခဖြစ်နေမှု မရှည်ကြာစေရန် တစ်ကမ္ဘာလုံးက အဖြေရှာနေကြရပြီဖြစ်သည်။ ချမ်းသာသောနိုင်ငံများအတွက် ပြန်လည်ထူထောင်မှုနှင့် ကိုဗစ်နှင့်အတူယှဉ်တွဲ၍ စီးပွားရေးပြန်လည်တည့်မတ်ရန် လွယ်ကူနိုင်သော်လည်း ဆင်းရဲ၍ မပြည့်စုံသောနိုင်ငံများအတွက် ကြီးစွာသော အခက်အခဲများရှိနေပေလိမ့်မည်။ အကယ်၍ COVID-19 ကာကွယ်ဆေးကို ရရှိခဲ့ပါက ကမ္ဘာ့နိုင်ငံများအတွက် Lockdown များ ပြန်လည်ရုပ်သိမ်းရန် အထောက်အကူပြုမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်သည် လုံးဝပျောက်ကွယ်သွားဖွယ်မရှိဟု WHO က သုံးသပ်ထားပြီးဖြစ်သည်။

လတ်တလောတွင် မြန်မာနိုင်ငံ၏ ကိုဗစ်ဒုတိယလှိုင်းအခြေအနေသည် ပြည်သူများကို အထိတ်တလန့်ဖြစ်နေစေသည်။ ရာနဲ့ချီ ဆက်တိုက်ပိုးတွေ့ပြီး သေဆုံးနှုန်းမှာလည်း ၁၀ ရက်အတွင် လေး၊ ငါးဆဖြစ်လာသောအခါတွင် ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပင်ပူပန်စရာဖြစ်လာရသည်။ သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် COVID-19 ကူးစပ်မှု စံချိန်တင်ဖြစ်လာပြီးနောက် မြန်မာတွင် ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြင့် ရခိုင်အတွက်ပင် မဟုတ်ဘဲ တစ်နိုင်ငံလုံးအနေဖြင့် မပေါ့မဆဘဲ သတိဖြင့် ရင်ဆိုင်ရတော့မည့်အခြေအနေ ဖြစ်လာသည်။ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများကို အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ပြီး မည်သည့်ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးသကဲ့သို့ စျေးများကိုပင် ယာယီပိတ်ထားရသည့်အခြေအနေ ဖြစ်နေသည်။ တစ်ဖက်တွင်လည်း COVID ၏ နောက်ဆက်တွဲ လူမှုစီးပွား ပြဿနာများရှိနေရာ ကြိုတင်ပြင်ဆင်ရန် လိုအပ်ပြီး ဒီထက်အနေဆိုးလာလျှင် မည်သို့တုံ့ပြန်ကြမည်နည်းဆိုသည့် မေးခွန်းအတွက်ပါ ပြင်ဆင်ထားရတော့မည်ဖြစ်သည်။ ကိုဗစ်သည် တားဆီးကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဝေနိုင်ခြင်း မရှိပါက ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့် ကြီးစွာခြိမ်းခြောက်မည့် သဘောလည်း ရှိနေသည်။ အချို့နိုင်ငံများတွင် ပြည်တွင်းကူးစက်မှုရက်ပေါင်းများစွာ မရှိတော့သည့်အခြေအနေမှ အုံနှင့်ကျင်းနှင့် ပြန်လည်ကူးစက်မှုများ တွေ့လာရသည့် သာဓကများ ရှိခြင်းကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်နှင့်အတူ စားဝတ်နေရေးသည်လည်း အဓိက ပြဿနာတစ်ရပ်ဖြစ်လာပေသည်။ ယင်းကြောင့် အချို့မှာ ကိုဗစ်စည်းကမ်းချက်များအပေါ် လျစ်လျူရှုသည့် အခြေအနေများလည်း တွေ့မြင်နေကြရသည်။ သေချာသည်မှာ ကိုဗစ်သည် ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး အချိန်မရွေးဖြစ်လာနိုင်သည်ကို အများက စိုးရိမ်နေရသကဲ့သို့  လူမှုစီးပွားရေးဆိုင်ရာ အကျပ်အတည်းများကလည်း ပြည်သူများအပေါ်ဖိစီးနေသည်။ ယင်းကို မည်သို့တုံ့ပြန်မည်နည်း။ စနစ်တကျထိန်းချုပ်နိုင်မှုနှင့် လိုအပ်သော ပံ့ပိုးကူညီမှုများ မလုပ်နိုင်လျှင် အန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်ပေသည်။

လူမှုစီးပွားဆိုင်ရာ အရေးပေါ် တုံ့ပြန်မှုများ မရှိပါက တစ်ကမ္ဘာလုံး ထိခိုက်ခံစားရမှုသည် တစ်ဟုန်ထိုးမြင့်တက်လာပြီး လာမည့်နှစ်များအတွင်း သေကြေပျက်စီးမှုများ ဖြစ်ပေါ်ကာ လူနေမှုဘဝများလည်း ထိခိုက်ဆုံးရှုံးရလိမ့်မည်ဟု ပညာရှင်များက သတိပေးထား ပြီးဖြစ်သည်။

ထိုအခြေအနေတွင် အကျပ်အတည်း နှစ်ရပ်စလုံးကို  တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန် လိုအပ်နေသည်။ အစိုးရတာဝန်ရှိသူများအနေဖြင့် COVID ရောဂါကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ တိကျမှန်ကန်ရေးကို အာမခံသင့်သည်။ ကုလသမဂ္ဂ၏ စီးပွားရေးအစီရင်ခံစာက ကြိုတင်ရှိနှင့်ပြီးသား ဖြေရှင်းချက်များသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း သတိပေးထားပြီး ကိုဗစ်၏ဖိစီးမှုမှ နာလန်ထရေး ပိုမိုလျင်မြန်စေရန် အစိုးရအဖွဲ့များအနေဖြင့် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကာ ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း ထောက်ပြထားသည်။ မည်သို့ပင်ဆိုစေ၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေး နာလန်ထနိုင်ရေးနှင့် လူမှုလုံခြုံရေးတို့အတွက် အာဏာပိုင်တို့အဖြင့် ရင်းနှီးမြှုပ်နှံရမည် ပံ့ပိုးလုပ်ဆောင်ကြရမည် ဖြစ်သည်။

COVID-19 အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများအား မှန်မှန်ကန်ကန် သုံးသပ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်နှင့်ယှဉ်တွဲလျက် လူမှုစီးပွား ဘဝများ အဆိုးဆုံးအခြေအနေ ရောက်ရှိမသွားစေရန် သတိကြီးစွာ လုပ်ဆောင်ရန် လိုအပ်နေပြီး မူဝါဒများ ချမှတ်ရာတွင် အားနည်းချက်နှင့် အလွဲများ မရှိစေရေးသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ စက်တင်ဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

 

Most Read

Most Recent