ကောလင်း၊ အင်းတော်၊ ထီးချိုင့်၊ ကသာမြို့နယ်တို့တွင် NLD ပါတီ၏ မဲဆွယ်စည်းရုံးမှုကို တစ်ပတ်ကြာရပ်နားမည်

ကောလင်း၊ အင်းတော်၊ ထီးချိုင့်၊ ကသာမြို့နယ်တို့တွင် NLD ပါတီ၏ မဲဆွယ်စည်းရုံးမှုကို တစ်ပတ်ကြာရပ်နားမည်
Published 15 September 2020
ကောင်းခန့်လင်း (မုံရွာ)

COVID-19 ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ အင်းတော်၊ ထီးချိုင့်၊ ကသာမြို့နယ်တို့တွင် NLD ပါတီ၏ မဲဆွယ်စည်းရုံးမှုကို တစ်ပတ်ကြာ ရပ်နားထားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

“ ဒီနေ့ကနေစပြီး စက်တင်ဘာ၂၀ ရက်အထိ ယာယီရပ်နားတယ်။ ညွှန်ကြားချက်နဲ့ မဟုတ်လောက်ဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် ရပ်နားတဲ့သဘောနေမှာ။ အောင်နိုင်ရေးကော်မတီအဖွဲ့ရဲ့သဘောထားနဲ့ နားတာပေါ့” ဟု ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောကြားသည်။

ထိုသို့ တစ်ပတ်ကြာရပ်နားမှုမှာ စက်တင်ဘာ ၁၄ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိဖြစ်ပြီး ရပ်နားမှုပြီးဆုံးပါက အခြေအနေအပေါ်မူတည်၍  မဲဆွယ်စည်းရုံးရေးကို ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ COVID-19 အတည်ပြုလူနာ တစ်ဦးတွေ့ရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်တွင်လည်း NLD ပါတီ၏ မဲဆွယ်စည်းရုံးမှုကို တစ်ပတ်ကြာ ရပ်နားသွားမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင်လည်း NLD ပါတီ၏ မဲဆွယ်စည်းရုံးမှုကို တစ်ပတ်ကြာ ရပ်နားသွားမည်ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်က ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြင်းမူ၊ မြောင်၊ ကလေး၊ မော်လိုက်၊ တန့်ဆည်၊ အင်းတော်၊ ကောလင်း စသည့်မြို့နယ်များတွင် COVID-19 အတည်ပြုလူနာတစ်ဦးစီ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent