
■ ရိုးမရိပ်သာ Quarantine စင်တာတွင် ရောက်ရှိနေသည့် COVID-19 Positive ပိုးတွေ့ရှိသူတစ်ဦးနှင့် Quarantine ဝင်နေရသူတစ်ဦးအား ဆက်သွယ်မေးမြန်းခြင်း
COVID-19 ဒုတိယလှိုင်းတွင် ရောဂါဖြစ်ပွားသူ အရေအတွက်မှာ တရှိန်ထိုး မြင့်တက်လာခဲ့ရာ အစိုးရက ရန်ကုန်မြို့ရှိ နေရာအချို့တွင် Quarantine စင်တာများကို တိုးချဲ့ဖွင့်လှစ်ခဲ့ရသည်။ ယင်းတို့အနက် ရိုးမရိပ်သာ Quarantine စင်တာသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းရိပ်သာတွင် ယခင်က စောင့်ကြည့်လူနာများကို ထားရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပိုးတွေ့လူနာများကိုပါ ထားရှိခဲ့ရသည်။ ယနေ့ (စက်တင်ဘာ ၁၅ ရက်) တွင် ရိုးမရိပ်သာ၌ ထားရှိထားသူအချို့က ကျန်းမာရေး အကူအညီ ရရှိရန် အော်ဟစ်တောင်းဆိုနေသည့် ရုပ်သံဖိုင်တစ်ခု Facebook လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ ရိုးမရိပ်သာတွင် ရောက်ရှိနေသည့် COVID-19 ပိုးတွေ့ရှိထားသူ ကိုကျော်ကျော်ဦးနှင့် Quarantine ဝင်နေရသည့် ကိုသိန်းသန်းထိုက်တို့အား ၎င်းတို့ ကြားသိတွေ့မြင်ခဲ့ရသည်များကို The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ကိုသိန်းသန်းထိုက်မှာ ခုနစ်နှစ်အရွယ် သမီးဖြစ်သူနှင့်လည်းကောင်း၊ ကိုကျော်ကျော်ဦးမှာ ခုနစ်နှစ်အရွယ် သားဖြစ်သူနှင့် လည်းကောင်း ရိုးမရိပ်သာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၄င်းတို့မှာ တစ်ခန်းတည်းတွင် အတူနေခဲ့ရသူများဖြစ်ပြီး ကိုကျော်ကျော်ဦးနှင့် သားဖြစ်သူတို့တွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် အခြားအခန်းသို့ ပြောင်းရွှေ့ရန် ကျန်းမာရေးဘက်မှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
■ ကိုကျော်ကျော်ဦး (ရောဂါပိုးတွေ့ရှိသဖြင့် ရိုးမရိပ်သာ Quarantine စင်တာတွင် နေထိုင်နေရသူ)
မေး။ ။ မနက်က ဖြစ်သွားတဲ့ အခြေအနေလေးကို တစ်ချက်လောက် ပြောပြပေးပါခင်ဗျ။
ဖြေ။ ။ ဖြစ်သွားတာက ကျွန်တော်တို့ အနောက်ဘက်က အဆောက်အဦက ဖြစ်သွားတာပါ။ အခန်းနံပါတ်တော့ သေချာမသိဘူး။
မေး။ ။ ဘာတွေများကြားရလဲ။ ဘာတွေများတွေ့ရလဲခင်ဗျ။
ဖြေ။ ။သူတို့က မိသားစုလိုက်ဗျ။ သူ့အမေက ချက်ချင်း Shock ဖြစ်တာပေါ့။ ဖြစ်တော့ အတင်းမှုတ် ပါးစပ်တွေကို ဖိပြီး မှုတ်ရတာပေါ့။ အော်လည်း အော်တာပေါ့။ ကျွန်တော်တို့လည်း ၀ိုင်းအော်ကြတယ်။ ကျွန်တော်တို့လည်း ၀ိုင်းအော်ကြတော့ တိုက်အောက်မှာက တွေ့တော့တွေ့တယ်။ ကျန်းမာရေးဝန်ထမ်းလား ဘာလားတော့ မသိဘူး။ သူတို့ကိုတော့ လှမ်းအော်ကြတာပေါ့။ ဖုန်းဆက်အကြောင်းကြားပေးဖို့ လှမ်းအော်ကြ တာ။ အဲဒီလိုပြောနေတုန်းပဲရှိသေးတယ် မိနစ် ၂၀ လောက်ကျတော့ PPE ဝတ်စုံဝတ်ပြီးတော့ တက်လာကြ တယ်။ အဲဒီလိုတက်လာပြီး သူတို့လည်း လာကြည့်ပြီးတော့။ စကားလည်း သေချာပြောတာမတွေ့ဘူး။ ကျွန်တော်တို့က ဒီဘက်က လှမ်းကြည့်တာပဲရှိတာ။ ဘာတွေပြောလဲတော့ မသိဘူး။ အဲဒီလို လာကြည့်ပြီးတော့ တအောင့်လောက်နေတော့ အဖွားကြီးက ငြိမ်သွားတာကို တွေ့တယ်။ ဆုံးသွားတာပေါ့။ သူတို့တက်လာတာက လည်း ဆုံးခါနီးလောက်မှာ တက်လာတာဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုဘာညာတော့ လုပ်ပေးတာမတွေ့ မိလိုက်ဘူး။
မေး။ ။ ဒါဆို အဲဒီအဖွားအိုက ရိပ်သာထဲမှာပဲ ဆုံးသွားတာပေါ့။
ဖြေ။ ။ ဟုတ်တယ်။ သူတို့ကိုထားတဲ့အခန်းမှာပဲ ဆုံးသွားတာ။
မေး။ ။ လက်ရှိ ရိုးမရိပ်သာမှာနေရတဲ့ အခြေအနေလေးကို ပြောပြပေးပါဦးခင်ဗျ။ အစ်ကိုတို့ကကျတော့ Positive ရှိတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် လိုအပ်ချက်တွေ ဘာရှိသလဲခင်ဗျ။
ဖြေ။ ။ ဒီဘက်မှာ ကျွန်တော်တို့က ငါးယောက်ခင်ဗျ။ လူကြီးက လေးယောက်။ ကလေးက တစ်ယောက်ပေါ့။ ကျန်တဲ့အခန်းတွေမှာတော့ လေးယောက်စီထားတယ်။ ကျွန်တော်တို့ကျတော့ ဟိုဘက်အဆောက်အဦမှာ နေခဲ့တဲ့သူတွေပဲခင်ဗျ။ နေရထိုင်ရတာတော့ ကျွန်တော်တို့အခန်းကတော့ အဆင်ပြေတယ်။ ကျွန်တော်တို့ ခေါင်းရင်းဘက် အခန်းကတော့ ရေမရဘူး။ သူတို့တခြမ်းလုံး ရေမရဘူးလို့ပြောတယ်ခင်ဗျ။ သူတို့ကကျတော့ မနေ့က ပြောင်းလာတာ။ အဲဒီလိုတော့ ပြောသံကြားတယ်။
မေး။ ။ အစ်ကိုရော အစ်ကို့ ကလေးရော ကျန်းမာရေး အခြေအနေရော ဘယ်လိုများရှိသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော့်ကျန်းမာရေးအခြေအနေကတော့ လတ်တလော နှာခေါင်းက အနံ့ရလိုက် မရလိုက်ဖြစ်နေ တယ်။ တခါတလေကျရင် လူက ကိုယ့်သားသမီးအတွက် ဆေးမရဘူး။ အခုတော့ ဆေးတွေဘာတွေ လာပို့တယ်။ လူကြီးရော ကလေးရောအတွက်ရောပေါ့။ အရင်က အဲဒီလိုမရတော့ လူက ဒေါသတော်တော် ထွက်တယ်။ ကိုယ့်ကိုကိုယ် ထိန်းမရဘူးခင်ဗျ။ အဲဒီလိုဖြစ်တယ်။ သားလေးရဲ့ ကျန်းမာရေးကတော့ ဆေးလာ မပေးခင်တုန်းက အရင်နေခဲ့တဲ့ အဆောက်အဦက အန်တီကြီးတစ်ယောက်က ဆေးလှမ်းပစ်ပေးလို့ အဲဒီဆေး တိုက်လိုက်တော့ နည်းနည်းအဆင်ပြေသွားတယ်။ ချောင်းဆိုးတာတွေဘာတွေ နည်းနည်းငြိမ်သွားတယ်။ အဲဒီ အန်တီကြီးဆီက ဆေးနဲ့။ ကလေးက နည်းနည်းလန်းလာတာပေါ့။ အခု ကျန်းမာရေးဘက်ကတော့ ချောင်းဆိုးပျောက်ဆေး လာပို့သွားတယ်။ လူကြီးအတွက်ရော ကလေးအတွက်ရောပေါ့။ ကလေးကတော့ ဆေးတိုက်ထားတော့ နည်းနည်းလန်းလာတာပေါ့။
မေး။ ။ အခုလိုဖြေပေးတာကျေးဇူးတင်ပါတယ်။ ရောဂါပိုးအမြန်ပျောက်ကင်းပါစေခင်ဗျ။ အစ်ကိုတို့ မိသားစုတွေ။
ဖြေ။ ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း အခုလိုအဖြစ်အပျက်ကြီး မြင်လိုက်ရတော့ တော်တော်ကြီး စိတ်ဆင်းရဲရတယ်ခင်ဗျ။ ကယ်ဆယ်ရေးတွေဘာတွေ သိပ်မရှိဘူး။ နောက်ပြီးတော့ အခုလို Shock ဖြစ်တဲ့ အချိန်မှာ မြန်မြန်ဆန်ဆန်နဲ့ လာပြီးတော့ ပြုစုပေးလို့မရဘူး။ ကျွန်တော်တို့လည်း သွားပြီး ပြုစုပေးလို့မရဘူး ဖြစ်နေတယ်။ အဆောက်အဦက ခြားနေတဲ့အခါကျတော့။ မိနစ်ပိုင်းအတွင်းပဲ ဆုံးသွားတယ်။
■ ကိုသိန်းသန်းထိုက် (ရိုးမရိပ်သာ Quarantine စင်တာတွင် Qurantine နေထိုင်နေရသူ)
မေး။ ။ ဒီနေ့ရိုးမရိပ်သာမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေလေးကို ပြောပြပေးပါဦးခင်ဗျ။ ဘာတွေများ မြင်တွေ့ခဲ့ရလဲခင်ဗျ။
ဖြေ။ ။ အဲဒီအဖြစ်အပျက်ကို ကျွန်တော်တော့ မမြင်ရဘူးခင်ဗျ။ ကျွန်တော့်အခန်းက ပြောင်းသွားတဲ့သူရဲ့ ပြောပုံအရဆို Positive လူနာတဲ့။ သူပြောတာတော့ အမောဖောက်လာတာလို့ ပြောတယ်။ အမောဖောက်လို့ သူတို့ခေါ်တော့ Volunteer တွေကလည်း သူတို့လည်း ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ဗျ။ မလုပ်တတ် မကိုင်တတ်တော့ အချိန်တွေ ကြန့်ကြာပြီး ဆုံးသွားတာလို့ သိရတယ်။ ကျွန်တော်ကတော့ မမြင်လိုက်ဘူး။ ကျွန်တော့် အခန်းဖော်က လှမ်းပြောပြတာ။ သူတို့ကကျတော့ ကျွန်တော်တို့ အနောက်ဖက်က တိုက်တွေပေါ့။ ကျွန်တော်တို့ ဘက်ကတော့ ဆူညံဆူညံလောက်ပဲ ကြားလိုက်တယ်။ ကြားတော့လည်း ကျွန်တော်တို့က ဝရန်တာ ထွက်လို့လည်း မရဘူး။ ဝရန်တာထွက်ရင် သူတို့က အော်တယ်။ ကျွန်တော်တို့က အခန်းထဲကနေပဲ နားစွင့်ရတယ်။
မေး။ ။ အခု အစ်ကိုတို့ လက်ရှိနေထိုင်ရတဲ့ အခြေအနေက ဘယ်လိုများရှိသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့ကတော့ အရင်နေခဲ့တဲ့ အဆောင်မှာပဲပေါ့။ ကျွန်တော်တို့ အဆောင်ကတော့ အခက်အခဲ သိပ်မရှိပါဘူး။ ဒီမှာက တိုက်တွေက အများကြီးပဲ။ တိုက်တွေက နံပါတ်အများကြီး အများကြီးနဲ့။ Positive လူနာတွေကိုကျတော့ နံပါတ် ၆၀ ကျော်မှာထားတယ်။
မေး။ ။ ဒါဆိုရင် ရိုးမရိပ်သာမှာ Quarantine သမားတွေနဲ့ Positive တွေကို သပ်သပ်စီထားတာပေါ့။
ဖြေ။ ။ ဟုတ်တယ် မနေ့ကစပြီး ခွဲထားတယ်။ ကျွန်တော့်အခန်းဖော် သားအဖ နှစ်ယောက်ကတော့ အခန်း နံပါတ် ၆၀ ကျော်ကို ရောက်သွားတယ်။
မေး။ ။ အခုလက်ရှိ အစ်ကိုတို့ နေရေးထိုင်ရေးကရော ဘယ်လိုပုံစံမျိုးရှိလဲ။ အဆင်ပြေလားခင်ဗျ။
ဖြေ။ ။ အခုနေရတဲ့ အနေအထားကတော့ အဆင်ပြေပါတယ်။
မေး။ ။ တာဝန်ရှိတဲ့သူတွေဘက်ကရော ဘာတွေများ စောင့်ရှောက်မှုပေးလဲ။
ဖြေ။ ။ အစောင့်အရှောက်ကတော့ မရှိဘူး။ အခုက နေစရာပေးထားတယ်။ ပြီးတော့ ထမင်းကျွေး ထားတယ်ပေါ့။ ဒါပါပဲ။ ကျွန်တော် သိရသလောက်ကတော့ ဒီမှာ တာဝန်ခံတောင် မရှိလောက်ဘူး။ Volunteer တွေပဲ ရှိလောက်တယ်။ အမှန်တကယ်ဆို ကျွန်တော်ပြောချင်တာကတော့ ဒီလို Quarantine စင်တာ ဖွင့်ပြီဆိုရင် ကျန်းမာရေး တာဝန်ခံလောက်တော့ ရှိသင့်တယ်။ နောက်ပြီး ဒီစင်တာထဲမှာ အဆုံးအဖြတ် ပေးနိုင်တဲ့သူ ဒီစင်တာထဲမှာ လုပ်ခွင့်မလုပ်ခွင့် အဆုံးအဖြတ် ပေးနိုင်တဲ့သူပေါ့။ အဲဒီလို နှစ်ယောက်လောက်တော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ အခုက အဲဒီလိုမရှိဘူး။ Volunteer တွေပဲရှိတယ်။ သူတို့ကတော့ ထမင်းကျွေးမယ်။ ထမင်းလာပို့ပေးမယ်။ ကျန်တဲ့ဟာကတော့ သူတို့လည်း မသိဘူး။ သူတို့ကို ပြောရင်လည်း ဖုန်းဆက်ပေးမယ်ဆိုတာပဲ ပြောတယ်။ ဖုန်းဆက်တာနဲ့ ရောက်တာနဲ့ အခုနကလို ကိစ္စမျိုးဖြစ်၊ အရေးပေါ်ကိစ္စလိုမျိုး ဖြစ်လာရင် ကြန့်ကြာမှုတွေ အများကြီး ရှိတာပေါ့။