ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးဒေသတွင် SNLD ပါတီက ZOOM Meeting ဖြင့် မဲဆွယ်စည်းရုံးရေး ပြုလုပ်

ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးဒေသတွင် SNLD ပါတီက ZOOM Meeting ဖြင့် မဲဆွယ်စည်းရုံးရေး ပြုလုပ်
Published 15 September 2020

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက စက်တင်ဘာ ၁၄ ရက်တွင် ZOOM Meeting ဖြင့် မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ မံစီမှာ မြို့ပေါ်မှာတော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ မံစီက ကျယ်ပြန့်တယ်။ ရှမ်းပြည်နယ်အစပ် တရုတ်နယ်စပ်အထိ ရှိတယ်။ အဲဒီတော့ ၂၀၁၅ ခုနှစ်က ကျွန်တော် နိုင်ခဲ့တော့ ဒီအချိန်မှာ ကျွန်တော်တို့ မံစီ မြို့ပေါ်မှာ လာပြီးတော့ ပြည်သူ့လွှတ်တော်အတွက် မဲဆွယ်စည်းရုံးရေး လုပ်နေတာ” ဟု မံစီမြို့နယ် ပြည်နယ်မဲ ဆန္ဒနယ် အမှတ် (၂) တွင် SNLD ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းအေးမင်းက ပြောကြားသည်။

မံစီမြို့နယ်မှ မန်ဝိန်းကြီးဒေသသို့ သွားရောက်ရသောလမ်းအား ပိတ်ထားသည်မှာ ၁၀ နှစ်ခန့် ရှိနေပြီဖြစ်ပြီး မန်ဝိန်းကြီးဒေသသို့ သွားလိုပါက မန္တလေးမှတစ်ဆင့် သွားရမည်ဖြစ်ရာ သွားရေးလာရေး အခက်အခဲရှိသဖြင့် ယခုကဲ့သို့ ZOOM Meeting ဖြင့် မဲဆွယ်စည်းရုံးရခြင်းဖြစ်ကြောင်း လက်ရှိတွင်လည်း SNLD ပါတီ၏ မံစီမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် စိုင်းအေးမင်းက ပြောကြားသည်။

“အခုတော့ ကျွန်တော်တို့ ဒေသမှာရှိတဲ့ စာပေယဉ်ကျေးမှုတွေ၊ ရပ်မိ ရပ်ဖတွေကိုက မဲဆွယ်ဖို့၊ လာပြီးတော့ လူထုကို ဘာတွေပြင်ဆင်ရမလဲဆိုပြီး ဒါ လူထုက တစ်ဖက်ပေါ့လေ။ ကျွန်တော်တို့ကလည်း ရပ်မိရပ်ဖတွေကို အကူအညီ လှမ်းတောင်းတာ အားလုံး မဲလာထည့်ပေးဖို့ပေါ့။ နောက် သက်ကြီးရွယ်အိုတွေ အခွင့်အရေး မဆုံးရှုံးရအောင် ကြိုတင်မဲတွေ လုပ်ဖို့၊ နောက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ ကျွန်တော်တို့ မဲထည့်တဲ့အခါကျရင် အစုလိုက် အပြုံလိုက်သွားနေတာ မဟုတ်ဘဲနဲ့ ဖြည်းဖြည်းချင်းပေါ့လေ ဘယ်ရပ်ကွက်က တောင်ပိုင်း မြောက်ပိုင်း အလှည့်ကျလာဖို့ဆိုတဲ့ ဆွေးနွေးမှုမျိုး ကျွန်တော်တို့ လုပ်ခဲ့ကြတာပါ”ဟု စိုင်းအေးမင်း က ပြောကြားသည်။

လူကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသည့်အတွက် ZOOM Meeting ဖြင့် မဲဆွယ်စည်းရုံးရာတွင် လူဦးရေ ၅၀ ဦးထက် မပိုရ စသည့် COVID-19 ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရပြီး ZOOM Meeting သည် ဒေသအတွင်းရှိ လူငယ်များနှင့် SNLD ဌာနချုပ်မှ ခေါင်းဆောင်များအကြား ဆက်သွယ် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် များစွာ အထောက်အကူ ရခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အားလုံးအတိုင်းအတာကတော့လေ ကျွန်တော်တို့က အခုအချိန်မှာ လူအနေနဲ့ပဲ သွားနေကြတာ များတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ နောက်ပိုင်းကျရင် ကျယ်ကျယ်ပြန့်ပြန့်ပေါ့လေ ဒီ Zoom Meeting ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ ရှိတယ်။ ကျွန်တော်တို့ ပါတီက ခေါင်းဆောင်တွေ မိန့်ခွန်းပြောဖို့ ဒါမှမဟုတ် တစ်နယ်လုံးက ကျွန်တော်တို့ ယှဉ်ပြိုင်ရမယ့်နေရာအားလုံးမှာရှိတဲ့ လူထုနဲ့ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ Zoom Meeting တွေ နောက်ထပ်လုပ်ဖို့ ကျွန်တော်တို့ အစီအစဉ် ဆွဲထားတယ်”ဟု စိုင်းအေးမင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးပါတီများအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို COVID-19 ရောဂါကြောင့် အဆင်ပြေသည့်နည်းလမ်းဖြင့် ဆောင်ရွက်နေရ ပြီး SNLD ပါတီကမူ ZOOM Meeting ဖြင့် ထူးထူးခြားခြား မဲဆွယ်စည်းရုံးခဲ့ခြင်းလည်းဖြစ်သည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအနေဖြင့် ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်၊ မံစီမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) နှင့် တိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

Most Read

Most Recent