
‘ပြည်သူကို မျက်နှာမူတဲ့အစိုးရလို့ ကြွေးကြော်ပြီး တက်လာတဲ့အတွက် ကျွန်မတို့ ဒီအစိုးရကိုယုံကြည်ပြီး မဲတွေလည်းပေးခဲ့တယ်။ ဝန်းရံခဲ့တယ်။ ဒါပေမဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ ကျွန်မတို့ဒေသကိုကိုယ်စားပြုပြီး ဝင်အရွေးချယ်ခံထားတဲ့ ကိုယ်စားလှယ်တွေကလွှတ်တော်ထဲမှာ . . . ‘
၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် ပထမဆုံးအမျိုးသမီး ကိုယ်စားလှယ်လောင်းအဖြစ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်သူဇာမိုးမိုးအိနှင့် တွေ့ဆုံမေးမြန်းထား သည်များကို ဖော်ပြလိုက်ရပါသည်။ နယ်စပ်ဒေသဖြစ်ပြီး သွားလာရခက်ခဲသလို အစဉ်အလာအရ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် လုံးဝမပေါ်ထွက်ဖူးသေးသည့်ဒေသ။ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ဖူးသည့် အမျိုးသမီးကိုယ်စားလှယ်လောင်း မရှိသေးသည့် ကော့သောင်းဒေသတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အဆိုပါ ကိုယ်စားလှယ်လောင်းမှာ ဂျာနယ်လစ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖူးသလို NLD ပါတီတွင်လည်း ဝန်းရံသူတစ်ဦးဖြစ်ခဲ့သည်။ ၎င်းအနေဖြင့် ဘာကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ပြိုင်ရန်ဆုံးဖြတ်ခဲ့သလဲ၊ အခက်အခဲတွေ ဘယ်လိုပြင်ဆင် ထားသလဲဆိုတာ တွေ့ဆုံမေးမြန်းပြီးတင်ပြလိုက်ရပါသည်။
မေး - လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒ နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားရှိပါသလဲ။ ဘာကြောင့် အဲဒီမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့ရတာပါလဲ။
ဖြေ - လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်မအနေနဲ့ ကော့သောင်းဒေသကိုယ်စားပြု တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက် အရွေးခံမယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ်အမှတ် (၁) မှာ ပါဝင်အရွေးခံမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့ရည်ရွယ်ချက်က ကော့သောင်းကို ရေလုပ်ငန်းနှင့် ခေတ်မီဖွံ့ဖြိုး တိုး တက်တဲ့ဒေသတစ်ခုဖြစ်ရမယ်။ ဒေသ အခြေပြု ခရီးသွားလုပ်ငန်းတစ်ခု ဖော်ဆောင်နိုင်ရမယ်။ ပြီးတော့ ခရီးသွားလုပ်ငန်းကနေ အောက်ခြေလူတန်းစားကအစ ဝင်ငွေရရှိ ရမယ်။ ဒေသနဲ့ကိုက်ညီတဲ့ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်ခွင့်နဲ့ စျေးကွက်ထဲအထိ ဖော်ဆောင်နိုင်ဖို့ရည်ရွယ်ပါတယ်။
မေး- ကော့သောင်းအနေနှင့်ဆိုရင် အမျိုးသမီး ကိုယ်စားလောင်းအနေနှင့်ပထမဆုံးပေါ့နော်။ အရင်ကလည်း ဂျာနယ်လစ်တစ်ယောက်လည်း လုပ်ဖူးတယ်။ အဲဒီ တော့နိုင်ငံရေးလောကထဲကိုဝင်လာတာ အဓိက ဘာ တွန်းအားတွေကြောင့်ဖြစ်မလဲ။
ဖြေ - ကျွန်မရဲ့ အဓိကတွန်းအားကတော့ သတင်းထောက်လုပ်ခဲ့တဲ့ လုပ်သက်နှင့် ပြန်ယှဉ်ကြည့်ရင် အောက်ခြေပြည်သူတွေရဲ့ ခံစားချက်တွေ၊ မမျှတတဲ့ခံစားမှုတွေ၊ အောက်ခြေအသံတွေကို အစိုးရကမဖော်ဆောင်ပေး နိုင်တာတွေ၊ အားနည်းချက်တွေ အများကြီး တွေ့ရတယ်။ ကိုယ့်ဒေသကိုလည်း ကျွန်မချစ် တယ်။ ကော့သောင်းဒေသကို ချစ်တဲ့အတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုပြီး တွေးမိတယ်။ ကျွန်မတွေ့ကြုံခဲ့တဲ့ အတွေ့ကြုံတွေကို ယှဉ် ပြီး ကိုယ့်ဒေသကို အကောင်းဆုံးဘာတွေ လုပ်ပေးနိုင်မလဲဆိုတဲ့ အတွေးတွေက ကျွန်မ ကို တွန်းအားဖြစ်စေတယ်။
မေး- ကိုယ်စားလှယ်လောင်းအနေကတော့ အမျိုးသမီးတစ်ယောက်လည်းဖြစ်တယ်။ ကော့သောင်းဆို တာကလည်း နယ်စပ်ဖြစ်တယ်။ တချို့နေရာတွေက သွားလာရ ခက်ခဲတာတွေရှိတယ်။ ပင်လယ်ထဲကိုလည်း ဆင်းရမယ်၊ ရိုးမထဲကိုလည်း သွားရမယ့်အပိုင်းတွေ လည်းရှိတယ်။ မဲဆွယ်တဲ့အချိန်မှာ ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လိုပြင်ဆင်ထားသလဲ။
ဖြေ- ကျွန်မကသတင်းထောက်တစ်ယောက်လည်းဖြစ်တဲ့အတွက် အဲဒီလိုသွားလာရ ခက် ခဲတဲ့လမ်းပန်းဆက်သွယ်ရေးတွေ၊ ပင်လယ် ခရီးတွေ၊ တောတောင်ခရီးစဉ်တွေ ကျွန်မ အတွက် အခက်အခဲသိပ်မရှိဘူး။ ကျွန်မကိုယ်တိုင်အဲဒီလိုမြို့နှင့် အရမ်းဝေးတဲ့နေရာတွေ အထိသွားရောက်ပြီး သတင်းလိုက်ခဲ့ဖူးတယ်။ အဲဒီအတွက် ကျွန်မအနေနှင့် အရမ်းခက်ခဲ တယ်လို့မခံယူပါဘူး။ ပြင်ဆင်ထားတာက တော့ အရမ်းကို တိုတောင်းတဲ့ မဲဆွယ်စည်း ရုံးရေးကာလမှာ အရမ်းလက်လှမ်းမမှီတဲ့ ပင်လယ်ပိုင်းကရွာတွေကိုတော့ ချိန်ဆပြီး သွားမယ်။ အမျိုးသမီးတစ်ယောက်ဖြစ်လို့ ဒီလိုလမ်းခရီးတွေက ခက်ခဲတယ်လို့ မခံယူပါဘူး။
မေး- သတင်းထောက်လည်းလုပ်ခဲ့ဖူးတယ်။ နိုင်ငံရေး အသိုင်းအဝိုင်းလည်းရှိတယ်လို့ သိရတယ်။ သတင်း ထောက်သက်တမ်းဘယ်လောက်ရှိသလဲ။ နိုင်ငံရေး အသိုင်းအဝိုင်းမှာ ဘယ်လိုပတ်သက်မှုရှိ သလဲ။ နိုင်ငံ ရေးအတွေ့အကြုံရှိသလား။
ဖြေ- ကျွန်မရဲ့သတင်းထောက်လုပ်သက် က နယ်သတင်းထောက်အဖြစ် တနင်္သာရီ ဂျာနယ်မှာ ခြောက်နှစ်ကျော်ကျော် တာဝန်ထမ်း ဆောင်ခဲ့တယ်။ နိုင်ငံရေးအတွေ့အကြုံက ၈၈ အရေးအခင်းကာလမှာ ကျွန်မ အဖေက နိုင်ငံရေးလုပ်ခဲ့တယ်။ ကျွန်မ လေးလသမီး အရွယ်ကတည်းက နိုင်ငံရေးကို ဖြတ်သန်းလာ ခဲ့တယ်။ အဲဒီတော့ ကျွန်မနှင့်နိုင်ငံရေးက လုံးဝမစိမ်းခဲ့ဘူး။ အဖေရဲ့ဒုက္ခ၊ သုခတွေ အစုံ ကို ကျွန်မတို့ ခံစားခဲ့ရတယ်။ ပါတီဝင် စုဆောင်းတာတွေ၊ ရပ်/ကျေးရုံးဖွင့်တာတွေ ကို ကျွန်မအများကြီး လုပ်ပေးခဲ့တယ်။ အမျိုးသမီးတွေနှင့်ပတ်သက်ပြီး ဟောပြောတာ တွေ၊ စည်းရုံးလှုံ့ဆော်တာတွေ၊ ပါတီဝင် အသစ်စုဆောင်းတာတွေ ကျွန်မ အများကြီး လုပ်ခဲ့တယ်။ အဖေက NLD ပါတီရဲ့အမာခံ ဖြစ်ခဲ့တယ်။ အဖေက ဒေါ်အောင်ဆန်းစု ကြည်ကို ဝန်းရံတဲ့သူတွေဖြစ်တယ်။ အဖွဲ့ချုပ် ရဲ့မူဝါဒကို ကျွန်မတို့ကြိုက်ခဲ့တယ်။ ဒါကြောင့် အဖေ့ကို ကျွန်မတို့က ဝန်းရံခဲ့တယ်။ အဖေ လုပ်သမျှ အနောက်ကနေ ကျွန်မတို့ လိုက်ခဲ့ တယ်။ ၂၀၁၄ ခုနှစ်မှာပါတီအောင်နိုင်ရေး အတွက်ပါတီအတွင်းမှာ မတင်မကျဖြစ်ခဲ့တော့ အဖေက ပါတီကနေ အနားယူလိုက် တယ်။ အဲဒီကတည်း ကျွန်မနှင့်ပါတီကကင်း ကွာသွားခဲ့တယ်။ ကျွန်မတစ်ခုစဉ်းစားမိတာ က ကိုယ့်မြို့အတွက် အစိုးရနှင့်ပြည်သူ အဆက်အသွယ်မပြတ်ဖို့ ကျွန်မဘာလုပ်ရ မလဲပေါ့။ အဲဒါကြောင့် ကျွန်မ မီဒီယာလိုင်း ကိုရွေးခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အောက်ခြေပြည်သူရဲ့အသံကို အစိုးရဆီ ရောက်ရမယ်။ အစိုးရရဲ့ထုတ်ပြန်တဲ့ အချက် အလက်တွေ၊ ဥပဒေတွေ၊ ညွှန်ကြားချက် အ မိန့်တွေကို ပြည်သူဆီရောက်တဲ့ မီဒီယာ ကဏ္ဍကို ကျွန်မအရမ်းကြိုက်ခဲ့တယ်။ ဒါကြောင့်မို့ လို့ ပေါင်းကူးအနေနှင့် သွားတဲ့ မီဒီယာအလုပ် ကို ကျွန်မရွေးခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဒေသ ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးက ကျွန်မ နှင့်မစိမ်းပါဘူး။ အောက်ခြေမှာဘယ်လို ဖြစ်နေသလဲ။ အစိုးရရဲ့အားနည်းချက်တွေက ဘာတွေဖြစ်နေလဲဆိုတာ ကျွန်မသတင်း ထောက်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် မှာအများကြီးသိခဲ့ရတယ်။ အဲဒါတွေကို အမှီ ပြုပြီးတော့ နိုင်ငံရေးလောကထဲ ဝင်ရမယ်ဆိုပြီး တွေးလာတယ်။ ကိုယ့်ဒေသခံပြည်သူ တွေ မမျှတမှုတွေခံစားနေရတယ်။ ဥပဒေ စိုးမိုးမှုတွေ လိုချင်တယ်။ ဒေသနှင့်ကိုက်ညီတဲ့ ဥပဒေတွေ ဖော်ဆောင်ဖို့ဆိုရင် ဒေသခံ လွှတ် တော်အမတ်တွေလိုမယ်။ ဒါကြောင့် ကျွန်မအနေနှင့် တစ်သီးပုဂ္ဂလကိုယ်စားလောင်းအဖြစ် ဝင်ရွေးချယ်ခံရခြင်းဖြစ်တယ်။
မေး- ခေတ်သုံးခေတ်ဖြစ်တဲ့ တပ်ကတာဝန်ယူထားတဲ့ခေတ်၊ အရပ်သားတစ်ပိုင်း အစိုးရဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်၊ အခုပြည်သူ့အစိုးရလို့ခေါ်တဲ့ NLD အစိုးရခေတ်၊ အဲဒီအစိုးရ သုံးဆက်မှာလုပ် ဆောင်ချက်တွေကို ဘယ်လိုသုံးသပ်သလဲ။
ဖြေ- စစ်အစိုးရလက်ထက်မှာ ကျွန်မကျောင်းနေအရွယ်ပဲရှိသေးတယ်။ နိုင်ငံရေး အတွေ့အကြုံက မရှိသေးဘူး။ ဒါပေမဲ့ အဖေကနိုင်ငံ ရေးသမားဖြစ်တဲ့အတွက် ကျောင်းမှာနိုင်ငံရေး သားသမီးတွေဆိုပြီး ကျောင်းကလုပ်တဲ့ ပွဲလမ်းသဘင်တွေ လူရာအသွင်းမခံခဲ့ရဘူး။ဦးသိန်းစိန်အစိုးရ လက်ထက်ရောက်လာ တော့ ကျွန်မက သတင်းထောက်လည်းဖြစ် ခါစရှိသေးတယ်။ ဦးသိန်းစိန်အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကြိုက်တယ်။ နောက် အနာဂတ်အတွက် ပေါ်လစီတွေရေးဆွဲထားတယ်။ ကျွန်မကြိုက်တာက သူတို့မှာရေရှည် Plan တွေရှိတယ်။ အခု NLD အစိုးရလက် ထက်မှာကျတော့ ကျွန်မတို့က အပြောင်း အလဲတစ်ခုကိုလိုခဲ့တယ်။ တစ်ကယ့်အရပ် သားအစိုးရစစ်စစ်ကို လိုချင်ခဲ့တယ်။ ပြည်သူကို မျက်နှာမူတဲ့အစိုးရလို့ ကြွေးကြော်ပြီး တက်လာတဲ့အတွက် ကျွန်မတို့ ဒီအစိုးရကို ယုံကြည်ပြီး မဲတွေလည်းပေးခဲ့တယ်။ ဝန်းရံခဲ့တယ်။ ဒါပေမဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ ကျွန်မတို့ ဒေသကိုကိုယ်စားပြုပြီး ဝင်အရွေး ချယ်ခံထားတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ မေးခွန်းမေးမြန်းတာ အရမ်းကို နည်းပါးတယ်။ အလုပ်အကိုင်အခွင့်အလမ်းက အရမ်းကိုအရေးကြီးတယ်။ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး နွံနစ်နေတဲ့ကလေးတွေမှာ အဓိကတွေ့ရတာက အလုပ်အကိုင်အခွင့် အလမ်းမရှိလို့ သူတို့မှာသာ ရွေးချယ်စရာ အလုပ်အကိုင်တွေရှိမယ်ဆိုရင် ဒီလိုမျိုး မူးယစ်ဆေးဝါးသုံးစွဲမယ့် အခြေအနေမျိုး မရှိဘူး။ ကျွန်မတို့ဒေသမှာ ရေလုပ်ငန်းရှိ တယ်။ ကျွန်မတို့မှာ ထိုင်းနိုင်ငံကိုပဲအားကိုး နေရတယ်။ ထိုင်းကိုပဲ ပို့နေရတယ်။ ထိုင်း နိုင်ငံတစ်ခုတည်းကို အားမကိုးဘဲ။ ကျွန်မတို့ ဘာတွေလုပ်နိုင်သလဲ။ တကယ်တမ်းမှာ ကျွန်မတို့ တနင်္သာရီတိုင်းဒေသကြီးက အရမ်း ငြိမ်းချမ်းတယ်လို့ ပြောနိုင်တယ်။ ခေတ်အ ဆက်ဆက် လက်နက်ကိုင်တွေ မရှိဘူး။ ၀ါး တားဂိတ်တွေမရှိဘူး။ စီးပွားရေး တံခါးပေါက် တစ်ချပ်ကိုပဲဖွင့်ရမှာ အဲလိုမျိုးတောင် မဖော် ဆောင်နိုင်ခဲ့ဘူး။ ကျွန်မတို့ ဒေသကိုချစ်ဖို့ လိုတယ်။ စေတနာထားပြီး ချစ်တဲ့အမတ်မျိုး ကို ကျွန်မတို့လိုချင်တယ်။
မေး- ကိုယ်တိုင်လည်း NLD မှာ ဝင်ယှဉ်ပြိုင်ခွင့်ရ လျက်သား တစ်သီးပုဂ္ဂလကို ရွေးချယ်လိုက်တယ်ဆို တဲ့ သဘောကိုတွေ့ရတယ်။ လာမယ့် ၂၀၂၀ မှာလုပ်ခွင့် ရခဲ့မယ်ဆိုရင်ဘာတွေကို ဦးစားပေးလုပ်ဆောင်မလဲ။
ဖြေ - အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးမယ်။ အလုပ်အကိုင်အခွင့်အလမ်းက ဘယ်နေရာတွေမှာ ဖန်တီးမလဲဆိုတော့ ကျွန်မတို့ ကော့သောင်းမှာ ရေလုပ်ငန်းရှိ တယ်။ ကုန်းတွင်းပိုင်းမှာဆိုရင် စိုက်ပျိုးရေး ရှိတယ်။ ရေလုပ်ငန်းနှင့်ပတ်သက်လာရင် ကျွန်မတို့ ကမ္ဘာစျေးကွက်ကြီးတစ်ခုဖြစ် အောင် ဘယ်လိုမလဲ။ အခုဆိုရင် ကော့ သောင်းက ပုလုံးတုံတုံး တံတားကပေ ၂၄၀၀ ရှိတယ်။ အဲဒီတံတားကြီးကိုတောင် ကျွန်မတို့ ထိုးနိုင်တယ်ဆိုရင် ကော့သောင်းနှင့်ရနှောင်း ကို ကားတွေနှင့်သွားပြီး စီးပွားရေးကူးသန်း ရောင်းဝယ်ဖို့အတွက် အဲဒီလိုမျိုးတံတားတွေ ထိုးလို့မရဘူးလား။ အဲဒါတွေ ကျွန်မတို့ လုပ် မယ် ဒေသကထွက်တဲ့ ရေသယံဇာတတွေ ကို ထိုင်းနိုင်ငံတစ်ခုတည်းကို အမှီမပြုပဲနှင့် တခြားဝယ်လက်တွေကို ဆွဲဆောင်ရမယ်။ စက်ရုံတွေ စက်မှုဇုန်တွေ ဖွင့်မယ်စိုက်ပျိုးရေး နှင့်ပတ်သက်လာရင် ဒေသနှင့်ကိုက်ညီတဲ့ သီးနှံတွေကို စိုက်ပျိုးစေချင်တယ်။ ဥပမာ ပြောင်းကို စီးပွားဖြစ်စိုက်ပြီး ထိုင်းနိုင်ငံက CP ကြက်စာလုပ်နေတဲ့ သူတွေကိုချိတ်မယ်။ ဒီဘက်မှာက ပြောင်းတွေ စိုက်ပေးမယ်။ ပြောင်းစိုက်တဲ့တောင်သူတွေ အရှုံးမပေါ်အောင်ဝယ်လက်တွေကို တစ်ခါတည်းချိတ် ထားမယ်။ အဲဒီလိုမျိုးလုပ်ပေးမယ်။ အခုဆို ရင် ကမ်းနီး၊ကမ်းဝေးလှေတွေ ဆိုပြီးကော့ သောင်းမှာရှိနေတယ်။ ကမ်းနီးလှေတွေ ၂၀၁၉-၂၀၂၀ မှာလိုင်စင်မရခဲ့ဘူး။ အစီးရေ ၈၀၀ ကျော်လောက်က လိုင်စင်မရခဲ့ဘူး။ လိုင်စင်မရှိလို့ဆိုပြီး အဲဒီလှေတွေအားလုံး က ကမ်းမှာငါးမဖမ်းပဲ နေနေတာမဟုတ်ဘူး။ ပင်လယ်ပြင်ကို ထွက်နေကြတယ်။ အရင်က စက်ကြီး၊ လှေကြီးနေတယ်ဆိုပြီး စည်းပျက် ဒဏ်တပ်တာပဲရှိတယ်။ အခုကလိုင်စင်ကို မထုတ်ပေးတော့ အားလုံးက Without တွေ ဖြစ်နေတယ်။ လှေတစ်စီးပင်လယ်ပြင်ကို ထွက်သွားရင် လှေပိုင်ရှင်လှေလုပ်သား မိသားစုဝင်တွေက ညကောင်းကောင်းကို မအိပ်ရဲဘူး။ ဘယ်အချိန်မှာ ပင်လယ်ထဲမှာ ဘာတွေဖြစ်မလဲဆိုတာမသိဘူး။ ဘယ်သူ တွေက လာဖမ်းတော့မလဲ။ ဘယ်သူတွေက လာဆွဲတော့မလဲဆိုတာ မသိနိုင်ဘူး။ ဒါဆိုရင် ဒေသနှင့်ကိုက်ညီမယ့် ဥပဒေတွေပြဋ္ဌာန်း လို့မရဘူးလား။ အဲဒီလိုပြဋ္ဌာန်းမယ်ဆိုရင် ရေလုပ်ငန်းကို စိတ်ဝင်စားရမယ်ကိုယ့်ဒေသ ရဲ့လုပ်ငန်းတွေကို ဘယ်လိုကာကွယ်စောင့် ရှောက်ရမလဲပေါ့။
မေး- ပါတီကြီးတွေက ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါ မှာ သူတို့အတွက် အခက်အခဲသိပ်မရှိနိုင်ဘူး။ ဝန်းရံတဲ့ သူတွေများတယ်။ နောက်ခံတောင့်တင်းတယ်။ ကုန်ကျ စရိတ်တွေ ကျခံနိုင်တယ်။ ဒါပေမဲ့ တစ်သီးပုဂ္ဂလဖြစ်တဲ့ အတွက် တစ်ဦးတည်း ကျခံရနိုင်တယ်။ လာမယ့် ရွေး ကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားလဲ။ ဘယ်လိုရင် ဆိုင်ဖြတ်သန်းဖို့ရှိလဲ။
ဖြေ- လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကြီးတွေကို ဝန်းရံမယ့်သူတွေကအများ ကြီးရှိလိမ့်မယ်။ ကျွန်မတို့တစ်သီးပုဂ္ဂလ တွေ အတွက်ကတော့ စိန်ခေါ်မှုတွေကအများကြီး ပဲ ခရီးအဝေးကြီးတွေလည်း သွားနိုင်မယ် မထင်ဘူး။ နောက်တစ်ခုကငွေရေးကြေးရေး နှင့် ပတ်သက်လာရင် သုံးသင့်တဲ့နေရာမှာ ပဲသုံးမယ်။ ကျွန်မအနေနှင့် မပေးကမ်းနိုင် ဘူး။ အဓိကအချက်က ကျွန်မကပြည်သူကို အလုပ်အကျွေး ပြုချင်တာပါ။ ပြည်သူကိုဘာ လုပ်ပေးနိုင်မလဲဆိုတဲ့ ခံစားချက်ပဲရှိတယ်။ ပြည်သူတွေကို အခုချိန်မှာ ကျွန်မ ပြောနိုင်တာ ကတော့ ကျွန်မကိုယ်စားလှယ်ဖြစ်သွားရင် ပြည်သူတွေကို ဘယ်လိုလုပ်ပေးနိုင်မလဲ ဘာတွေပေးဆပ်ရမလဲ ဆိုတာရှိပါတယ်။ အခုချိန်မှာ အင်အားကြီးပါတီတွေလို ပြည်သူ တွေကို ထောက်ပံ့မှုမပေးနိုင်ဘူး။ မဲဆွယ် အသုံးစရိတ်တွေကိုလည်း ချွေချွေတာတာ လုပ်မယ်။ မလိုအပ်တဲ့နေရာတွေမှာ မသုံးဘူး။ ပြည်သူတွေ ကျွန်မကို လက်ခံလာအောင် လုပ်မယ်။ မဲဆန္ဒရှင်ပြည်သူတွေက ကော့ သောင်းသူ/သားတွေပါပဲ။ ကော့သောင်း ဒေသခံတွေက ကျွန်မကို ဝန်းရံမယ်။ ထောက် ခံမယ်ဆိုရင် ကျွန်မအနေနှင့်ပိုပြီးအားတက် ရမယ်။ ဒါကြောင့် ကျွန်မကိုထောက်ခံကြပါ။ ဝန်းရံပေးကြပါလို့ ပြောချင်ပါတယ်ရှင့်။
မေး- ကော့သောင်းမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်တော့မယ်ဆိုတော့ ပြည်သူတွေကို ဘာတွေများ ပြောကြားချင်ပါသလဲ။
ဖြေ- မဲဆန္ဒရှင်ပြည်သူတစ်ဦးက ဆန္ဒမဲကို သုံးမဲ ပေးပိုင်ခွင့်ရှိတယ်ဆိုရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ရှိတဲ့နေရာမှာ ဥပဒေပြုမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေတွေပြုမယ်၊ ပြင်ဆင်မယ်၊ ငြိမ်းချမ်းရေးတွေလုပ်မယ်ဆိုရင် အစိုးရ ဖွဲ့နိုင်ဖို့လိုမယ်။ ပြည်သူနှင့်အမျိုးသား လွှတ် တော်ကို မဲပေးပြီး တိုင်းဒေသကြီးလွှတ်တော် မှာက ကိုယ့်ဒေသကို အမှန်တကယ်အလုပ် လုပ်ပေးမယ့်သူ၊ ကိုယ့်ဒေသအတွက် တကယ် စေတနာရှိတဲ့သူတွေ၊ ဒေသခံတွေကိုရွေးချယ် ပေးပါလို့ ပြောချင်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်မှာဆိုရင် ကျွန်မတို့လို တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကို ဒေသခံ တွေအနေနှင့် စဉ်းစားပြီးယုံကြည်စွာမဲပေး ကြပါလို့ ပြောကြားချင်ပါတယ်။
မေး- တနင်္သာရီတိုင်းဒေသကြီးမှာ အမျိုးသမီးကိုယ်စားလှယ်လောင်း တချို့တော့ရှိတယ်။ ဒါပေမဲ့ ကော့သောင်းလိုနေရာမျိုးမှာ အမျိုးသမီးကိုယ်စားလှယ် လောင်းဝင်ပြိုင်ဖူးတာမျိုးရှိသလား။ အခုဝင်ပြိုင်တာ မျိုးက ပထမဆုံးဖြစ်နေမလား၊ လွှတ်တော်ထဲကို ကော့သောင်းက အမျိုးသမီးကိုယ်စားလှယ်တွေ ရောက်သွား တာမျိုးကော ရှိဖူးလား။
ဖြေ - ကော့သောင်းမှာ အစဉ်အလာအရပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာရော၊ ယခု ပြည်သူ့ အစိုးရလက်ထက်မှာပါ အမျိုးသမီးကိုယ်စား လှယ်လောင်းမရှိဖူးဘူး။ ကျွန်မအနေနှင့်ဦး ဆုံးဖြစ်တယ်။ အမျိုးသမီးကိုယ်စားလောင်း လည်းဖြစ်တယ်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်လည်း ဝင်ရောက်အရွေးခံတယ်။ ဆိုတာက ကော့သောင်းမှာ ပထမဆုံးဖြစ်တယ်ရှင့်၊ ကော့သောင်းဘက်မှာက ကိုယ်စားလှယ်လောင်းလည်းမရှိဘူး။ လွှတ်တော်ထဲ မှာလည်း ပါဖူးတာမရှိဘူး။ ကျွန်မရဲ့အဓိက ရည်ရွယ်ချက်က ကော့သောင်း ဒေသဖွံ့ဖြိုး တိုးတက်ဖို့ဆိုတော့ ကော့သောင်းဒေသဖွံ့ဖြိုး တိုးတက်ဖို့ တစ်သီးပုဂ္ဂလကိုမဲပေးမယ်။ ကော့ သောင်းဒေသအခြေခိုင်ဖို့ တစ်သီးပုဂ္ဂလကို မဲပေးစို့ဆိုပြီး ဆောင်ပုဒ်နှစ်ခုနှင့်သွားမယ် ရှင့်။