
“ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ပရဟိတအဖွဲ့တွေနဲ့ လက်ချင်းချိတ်ပြီး ဆောင်ရွက်သင့်တယ်။ ရန်ကုန်တိုင်းအစိုးရကလည်း ကျွန်တော်တို့ လူနာတင်ယာဉ်တွေအတွက် စက်သုံးဆီတွေ ပေးမယ်လို့ ပြောတယ်။ PPE တွေ ပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ မရသေးပါဘူး”
COVID ပထမလှိုင်းဟုဆိုရမည့် ယခင်ငါးလခန့်ကာလက ရောဂါကူးစက်မှုနှုန်းသည် ယခုလောက် မမြန်သေးပေ။ COVID ဒုတိယလှိုင်းဟုဆိုနိုင်မည့် လက်ရှိအခြေအနေတွင်မူ COVID ပိုးတွေ့သူသည် စက်တင်ဘာ ၁၂ ရက် ညပိုင်း ထုတ်ပြန်ချက်အရ ၂၅၀၀ ကျော်နေပြီဖြစ်သည်။ အဆိုပါအနေအထားက ထိန်းချုပ်နိုင်ရန် အထူးကြိုးစားနေရသည့် အခြေအနေလည်းဖြစ်သည်။ ယခု ဒုတိယလှိုင်းဟု ဆိုနိုင်သည့်အခြေအနေတွင် တစ်နေ့လျှင် ရောဂါပိုးတွေ့သူ ၁၀၀ ကျော်ဆိုပါက ၎င်းတို့နှင့်ဆက်စပ်သူက တစ်နေ့ အနည်းဆုံး ၅၀၀ ကျော် ရှိတတ်သည်။ ထို့အတွက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် တစ်နေ့ကို Quarantine သို့ လူ ၅၀၀၊ ၆၀၀ ခန့် ပို့ဆောင်ရတတ်သည်။ ထိုသို့ပို့ဆောင်ရင်းမှ ၎င်းတို့သည် ကျန်းမာရေးဝန်ထမ်းများနည်းတူ COVID-19 ရောဂါကူးစက်မှုကို ခံရလေ့ရှိသည်။ ပိုးရှိလူနာများကို ပို့ဆောင်ရာတွင် PPE ဝတ်စုံများ သေချာဝတ်ရသည်။ သတိထားပြီး စနစ်တကျသယ်ဆောင်ရသည်။ အဆိုပါရောဂါသည် ပိုးတွေ့သော်လည်း လူကောင်းလိုပင် ရှိတတ်သည်။ ထိုလူသည် ရောဂါရှိမှန်းမသိ မရှိမှန်းမသိနှင့် ကိုင်တွယ်ပြီး သယ်ဆောင်ရခြင်းသည် ပို၍အန္တရာယ်များပေသည်။ လူတစ်ယောက်က အဖျားတိုင်းသည့်အချိန်တွင် အဖျားရှိနေသည်။ လူတစ်ယောက်က အနံ့မရခြင်းများ ရှိနေသည်။ အဆိုပါအခြေအနေတွင် စနစ်တကျသယ်ဆောင်ရသည်။ မသယ်ဆောင်ပါက အလွယ်တကူ ရောဂါကူးစက်နိုင်ပေသည်။ အဆိုပါအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (YRO) ဒုတိယဥက္ကဋ္ဌ ဦးမိုးငြိမ်းနှင့် တွေ့ဆုံခဲ့သည်မှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး ■ ဆရာတို့ အဖွဲ့ရဲ့ လုပ်ဆောင်ချက်လေးကို ပြောပြပါဦး။
ဖြေ ■ ကျွန်တော်တို့ လူမှုကူညီကယ်ဆယ်ရေးရဲ့ လုပ်ငန်းက အက်စီးဒင့်တွေ၊ ဆေးရုံတက်/ ဆင်းလူနာတွေကို ကူညီဆောင်ရွက်ပေးတာနဲ့ အခြားပြည်သူတွေကို ကူညီပေးရတဲ့ အလုပ်တွေကို ဆောင်ရွက်တာပါ။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါစဖြစ်တည်းက COVID-19 နဲ့ ပတ်သက်ပြီး အကုန်လုံးလုပ်ဆောင်ခဲ့တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို သေချာလိုက်နာပြီး ဆောင်ရွက်ပါတယ်။
မေး ■ COVID-19 ရောဂါစဖြစ်တဲ့အချိန်မှာ ဆရာတို့အဖွဲ့အနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ခဲ့ရလဲ။
ဖြေ ■ COVID-19 ရောဂါစဖြစ်ချိန် မှာ လူနာတင်ယာဉ်တွေကိုလည်း COVID-19 လူနာတွေကို သယ်ဆောင်နိုင်တဲ့အနေအထားရောက်အောင် ပြင်ဆင်ရတယ်။ COVID-19 စဖြစ်တော့ ကျွန်တော်တို့အဖွဲ့အနေနဲ့ COVID-19 ရောဂါကာကွယ်တားဆီးရေးနှင့် ကူညီစောင့်ရှောက်ရေးအတွက် Special Resuce ကို ဖွဲ့စည်းပြီး တာမွေ အထက (၁) မှာ ရုံးချုပ်စိုက်ပါတယ်။ နောက်တော့ သိမ်ဖြူလက်ဝှေ့ရုံမှာ ပြောင်းလဲပြီး အခြေစိုက်ခဲ့ပါတယ်။ အဲဒီကတည်းက ၂၄ နာရီ တာဝန်ထမ်းဆောင်တာပါ။
မေး ■ ဆရာတို့ YRO အနေနဲ့ လက်ရှိဖြစ်နေတဲ့ COVID-19 ရောဂါအတွက် ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်ထားလဲ။
ဖြေ ■ ကျွန်တော်တို့ ရန်ကုန်တိုင်းထဲမှာဆို ခရိုင်အလိုက်ခွဲပြီး ဆောင်ရွက်ထားပါတယ်။ ပြီးတော့ COVID-19 နဲ့ပတ်သက်တဲ့လူတွေကို သယ်ဆောင်ဖို့ အထူးပြင်ဆင်ထားတဲ့ လူနာတင်ယာဉ်အစီးရေက ၁၅၀ ရှိပါတယ်။ ပြီးတော့ Volunteer လုပ်ဆောင်ပေးသူတွေက လူဦးရေ ၁၅၀၀ လောက်ရှိပါတယ်။ အဲဒါက COVID-19 အတွက်ပါ။ ကျွန်တော်တို့ YRO မှာက Volunteer ပေါင်း လူဦးရေ သုံးထောင်လောက် ရှိပါတယ်။ လူနာတင်ယာဉ်တွေဆို အစီး ၃၀၀ ရှိပါတယ်။ တစ်ဝက်နီးပါးကို COVID-19 အတွက် အသုံးပြုထားတာပါ။
မေး ■ အခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းက အရင်ကထက်ပိုမြန်လာတော့ ဆရာတို့အနေနဲ့ လူနာသယ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရလဲ။
ဖြေ ■ COVIDပထမလှိုင်းလို့ ပြောရမှာပေါ့နော်။ အဲဒီတုန်းက ကူးစက်မှုနှုန်းက အခုလောက် မမြန်သေးဘူး။ အခုဒုတိယလှိုင်းမှာ ကူးစက်မှုနှုန်းက အရမ်းကို မြန်လာတယ်။ အခုလက်ရှိအနေအထားဆို COVID ပိုးတွေ့တဲ့သူက ၂၅၀၀ ကျော်သွားပြီ။ အခုအနေအထားက ထိန်းချုပ်နိုင်ဖို့ အထူးကြိုးစားနေတဲ့ အခြေအနေပါ။ အခု ဒုတိယလှိုင်းမှာ ရောဂါပိုးတွေ့တဲ့သူက ၁၀၀ ကျော်ဆိုရင် သူတို့နဲ့ ဆက်စပ်သူတွေက တစ်နေ့ကို အနည်းဆုံး ၅၀၀ ကျော်တယ်။ တစ်နေ့တစ်နေ့ကို Quarantine ကို ၅၀၀၊ ၆၀၀ လောက် ပို့ပေးနေရတယ်။ ဖျားတဲ့သူတို့ အနံ့မရတဲ့သူတို့ကိုဆိုရင် Fever Clinic ကို ပို့ပေးရတယ်။ တောက်လျှောက်ကို လုပ်ပေးနေတာပါ။ ကျွန်တော်တို့လည်း ပင်ပန်းပါတယ်။ အခက်အခဲဆိုတာထက် မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ဖြစ်နေတာပါ။
မေး ■ ဆရာတို့အဖွဲ့က ပိုးတွေ့လူနာတွေ၊ ဆက်စပ်တဲ့သူတွေကို Quarantine စင်တာကို လိုက်ပို့တဲ့အခါ အသုံးပြုတဲ့လူနာတင်ယာဉ်တွေရဲ့ စရိတ်တွေကိုရော ဘယ်လိုလုပ်ဆောင်ပါသလဲ။
ဖြေ ■ ကျွန်တော်တို့အနေနဲ့က လူနာတင်ယာဉ်တစ်စီးဆိုရင် Quarantine စင်တာကို တစ်ခါတစ်လေကျ လေးငါးခေါက် ပို့ရတာတွေ ရှိတယ်။ Quarantine စင်တာတွေက အခုဆိုရင် မြို့ပြင်တွေအထိ ဝေးတဲ့နေရာမှာ သွားရောက်ဖွင့်လှစ်ရတဲ့အတွက်ကြောင့် တစ်ခါသွားရင် ကားဆီကအစ အရင်ထက်စာရင် အများကြီး ကုန်လာတယ်။ လှည်းကူးသွားရတယ်။ ပုလဲ၊ ကျီစုသုသာန် အနောက်ဘက်နေရာအထိ သွားရတာတွေရှိတယ်။ ကားတစ်စီးက ဆီဖိုးတစ်ရက်ကို သုံးသောင်းလောက်ကုန်တယ်။ တစ်လဆို ကိုးသိန်းဖြစ်နေပြီ။ အဲဒီကိုးသိန်းက ကျွန်တော်တို့ရဲ့ အသင်းဝင်တွေကို တစ်ယောက်ကို အလှူငွေလေးကောက်ပြီး ရပ်တည်နေရတာ။ အခုနောက်ပိုင်း ကျွန်တော်တို့အဖွဲ့ဟာ COVID နဲ့ပတ်သက်ပြီး လုပ်ဆောင်တာလေးကို ပြည်သူတွေက ကျွန်တော်တို့ကို လိုလိုလားလားနဲ့ လာရောက်လှူဒါန်းတာတွေ၊ PPE လာလှူလာတွေ ရှိပါတယ်။
မေး ■ အစိုးရတာဝန်ရှိသူတွေအနေနဲ့ရော ဆရာတို့အဖွဲ့ကို ကူညီပေးတာတွေ ပံ့ပိုးပေးခဲ့တာရောရှိလား။
ဖြေ ■ ကျွန်တော်တို့က အထူးအားဖြင့်ပေါ့လေ။ အများပြည်သူရဲ့ လိုအပ်ချက် ကျွန်တော်တို့နိုင်ငံမှာ လိုအပ်တဲ့ ဆေးရုံဆေးခန်းသွားတာတို့၊ အက်စီးဒင့်လူနာတွေကို ဆေးရုံပို့နိုင်ဖို့က မရှိမဖြစ်လိုအပ်လို့ ကျွန်တော်တို့ အသင်းက ပေါ်ပေါက်လာတာပါ။ အဲဒီတော့ ကျွန်တော်တို့ကို နိုင်ငံတော်က ပံ့ပိုးသည်ဖြစ်စေ မပံ့ပိုးသည်ဖြစ်စေ ကျွန်တော်တို့က အများပြည်သူကို ကူညီနေမှာပဲ။ အမှန်ကတော့ နိုင်ငံတော်က ပံ့ပိုးကူညီမယ်ဆိုရင် ပိုပြီးထိထိရောက်ရောက်နဲ့ အများပြည်သူကို ကူညီနိုင်မယ်ခင်ဗျ။ ရန်ကုန်ဆို ရန်ကုန်ပေါ့။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ပရဟိတအဖွဲ့တွေနဲ့ လက်ချင်းချိတ်ပြီး ဆောင်ရွက်သင့်တယ်။ ရန်ကုန်တိုင်းအစိုးရကလည်း ကျွန်တော်တို့ လူနာတင်ယာဉ်တွေအတွက် စက်သုံးဆီတွေ ပေးမယ်လို့ပြောတယ်။ PPE တွေ ပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ မရသေးပါဘူး။
မေး ■ ဆရာတို့အနေနဲ့ COVID-19 ရောဂါပိုးရှိသူ၊ ပိုးရှိသူနဲ့ ထိတွေ့ဆက်စပ်သူတွေကို သွားရောက်ခေါ်ဆောင်တဲ့အခါမှာ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပါသလဲ။
ဖြေ ■ ကျွန်တော်တို့ကတော့ COVID စဖြစ်ပြီးတည်းက ပိုးရှိလူနာကို သယ်ဆောင်နေတာပါ။ အဲဒီတုန်းက အိန္ဒိယပြန်တွေပါ။ ပိုးရှိတဲ့လူနာတွေကို Quarantine စင်တာကနေ ဆေးရုံကို ပို့ပေးတာတွေ ရှိတယ်။ အခုအထိလည်း ပိုးရှိလူနာတွေကို ပို့ဆောင်နေရပါတယ်။ ကျွန်တော်တို့ PPE တွေ သေချာဝတ်မယ်။ သတိထားပြီး စနစ်တကျသယ်ဆောင်ရတာပါ။ ဒီရောဂါက ပိုးတွေ့ပေမဲ့ လူကောင်းလိုပါပဲ။ ဒါပေမဲ့ ဒီလူက ရောဂါရှိမှန်းမသိ မရှိမှန်းမသိနဲ့ သွားပြီးတော့ ဒီလူကိုကိုင်တွယ်ပြီး သယ်ဆောင်တာက ပိုအန္တရာယ်များတာပါ။ လူတစ်ယောက်က အဖျားတိုင်းတဲ့အချိန်မှာ အဖျားတွေရှိနေတယ်။ လူတစ်ယောက်က အနံ့မရတာတွေ ဖြစ်နေတယ်။ အဲဒီလိုဆိုရင်တော့ စနစ်တကျသယ်ဆောင်ရမယ်။ မသယ်ဆောင်ရင် ကူးသွားနိုင်တယ်။ ပြီးတော့ ပိုးတွေ့လူနာတွေကို သယ်ဖို့နဲ့ ဆက်စပ်သူတွေကို သယ်ဆောင်ဖို့ သတ်မှတ်ထားတဲ့ ဝတ်စုံ PPE နဲ့ ဆောင်ရွက်တယ်။ သယ်တဲ့အခါ စနစ်တကျသယ်တယ်။ ပြီးတော့ ကျွန်တော်တို့ အဖွဲ့တွေကို တောက်လျှောက်ညွှန်ကြားတယ်။ လက်လွတ်စပယ်မလုပ်ဖို့။ သံသယရှိတယ်ဆိုရင် PPE နဲ့ပဲ သယ်ဖို့။ တောက်လျှောက်ညွှန်ကြားပြီးတော့ ဆောင်ရွက်နေပါတယ်။
မေး ■ COVID-19 လူနာ သွားသယ်ဆောင်တဲ့ဆရာတို့အဖွဲ့က Volunteer တွေရော Quarantine ဝင်ရတာ ရောဂါကူးစက်ခံရတာရှိလား။
ဖြေ ■ ကျွန်တော်တို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ Volunteer တွေက စေတနာမှန်တဲ့ကံတရားပဲ။ ကျွန်တော်တို့ တကယ်ပြည်သူကို မေတ္တာစေတနာထားပြီး ကူညီခဲ့တာ။ အဲဒါကြောင့် ကျွန်တော်တို့ လုံးဝအဖိတ်အစင် မရှိဘူး။ ကျွန်တော်တို့ ပရဟိတသမားတွေ ရောဂါကူးစက်ခံရတာ မရှိဘူး။ ဒါတွေက ကျွန်တော်တို့ရဲ့ သစ္စာ၊ သမာဓိကြောင့် ကောင်းကျိုးတွေရရှိတယ်လို့ ယုံကြည်ပါတယ်။
မေး ■ နောက်ဆုံးအနေနဲ့ ဆရာတို့ YRO အဖွဲ့အနေနဲ့ ရှေ့ဆက်ဘာတွေလုပ်ဆောင်သွားမလဲ။
ဖြေ ■ ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ အဖိတ်အစင်မရှိတာ ဂုဏ်ယူစရာပါ။ အမှားလည်း အခုအထိ မရှိသေးဘူး။ အများပြည်သူကို ကူညီတာ တကယ်ထိထိရောက်ရောက် ကူညီနိုင်နေတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ကတော့ ရန်ကုန်တိုင်း တစ်တိုင်းလုံးအတိုင်းအတာကို ဦးစွာပြောချင်တာပေါ့။ ထိန်းချုပ်နိုင်ဖို့ အထူးကြိုးစားနေပါတယ်။ ထိန်းချုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ရှေ့ဆက်လည်း ပြည်သူတွေအတွက် ဆက်လက်ပရဟိတအလုပ်တွေကို လုပ်ဆောင်သွားမှာပါ။