ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ လှိုင်းဘွဲ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ( ၂) ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ လှိုင်းဘွဲ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ( ၂) ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 12 September 2020
ဉာဏ်လင်းထွန်း

‘ကျွန်တော်တို့ဟာ မျှမျှတတ မရှိသေးဘူး။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ တစ်မျိုးကပဲ ကြီးစိုးနေတယ်ဆိုတဲ့ပုံစံမျိုးထက်ကို မျှမျှတတလေး တန်းတူညီမျှလေးဖြစ်အောင် အကောင်အထည်ဖော်မယ်ပေါ့’

ကရင်တိုင်းရင်းသားပါတီများပေါင်းစည်းရေး ဆောင်ရွက်ခဲ့ရာ ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီသုံးခုသည် ပါတီဖျက်သိမ်း၍လည်းကောင်း၊ အခြားကရင်ပါတီတစ်ခုဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပူးပေါင်းလိုသူများသည်လည်း ပါတီမှနုတ်ထွက်၍လည်းကောင်း ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကို ထူထောင်ခဲ့သည်။ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် (KNDP) ပါတီက သံတောင်ကြီးမြို့နယ်မှအပ ပြည်နယ်တွင်း မဲဆန္ဒနယ်အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ လတ်တလောဆောင်ရွက်မှုများအား KNDP ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးနှင့် မေးမြန်းထားမှုများမှ အကြောင်းအရာအချို့ ထုတ်နုတ်ဖော်ပြအပ်ပါသည်။

မေး လက်ရှိ KNDP ပါတီရဲ့ မဲဆွယ်စည်းရုံးမှု အနေအထားလေး သိပါရစေ။

ဖြေ ကျွန်တော်တို့က ပါတီကြီးတစ်ရပ်လုံးအနေနဲ့ပေါင်းပြီး လုပ်တာမရှိသေးဘူး။  ကိုယ့်မြို့နယ်နဲ့ ကိုယ့်အစီအစဉ်ကို သင့်သလိုလုပ်နေတဲ့ အနေအထားမျိုးပဲ ရှိပါသေးတယ်။

မေး KNDP ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ်ကဘာတွေလဲ။ လူထုကိုဘယ်လိုအကြောင်း အရာကို အဓိကထားပြီး မဲဆွယ်စည်းရုံးနေလဲ။

ဖြေ ကျွန်တော်တို့ အဓိကဆောင်ပုဒ်က “ တန်းတူညီမျှ ဖွံ့ဖြိုးဖို့ KNDP ကို မဲပေးစို့” ဆိုပြီးတော့ ထည့်ထားတယ်။ တန်းတူညီမျှဆိုတာက လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်းဆိုတဲ့ လောကပါလတရားသုံးပါး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိခြင်းဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်လုပ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ဟာ ရရှိအောင်ပေါ့။ ကျွန်တော်တို့ဟာ မျှမျှတတ မရှိသေးဘူး။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ တစ်မျိုးကပဲ ကြီးစိုးနေတယ်ဆိုတဲ့ ပုံစံမျိုးထက်ကို မျှမျှတတလေးတန်းတူညီမျှလေး ဖြစ်အောင် အကောင်အထည်ဖော်မယ်ပေါ့။ နောက်တစ်ခုက “ကိုယ့်ကြမ္မာကိုယ် ဖန်ဖို့ရယ် KNDP ကို မဲပေးမယ်” ဆိုလိုတာက တိုင်းရင်းသားတွေ ကိုယ့်ကြမ္မာကိုဖန်တီးခွင့်ရဖို့၊ ပြောမယ်ဆိုရင် ကိုယ့်အခြေခံဥပဒေ ကိုယ့်ဘာသာ ကိုယ်ရေးဆွဲချင်တယ်၊ ကိုယ့်ဘယ်သူမှ ဝင်မစွက်စေချင်ဘူး၊ ဆိုတဲ့ဟာမျိုးပေါ့။ ဒါကြောင့်မို့ ကျွန်တော်တို့ကဆောင်ပုဒ် သုံးခုထားထားတယ်။ “တန်းတူညီမျှ ဖွံ့ဖြိုးဖို့ KNDP ကို မဲပေးစို့” နောက်တစ်ခုက “ကိုယ့်ကြမ္မာကိုယ် ဖန်ဖို့ရယ် KNDP ကို မဲပေးမယ်” ၊ “ကျွဲချို၊ ဖားစည်၊ နေဝန်းနီ ပြည်သူ့ဘဝ မြှင့်တင်မည်” ဆောင်ပုဒ် သုံးခုထားထားပါတယ်။

မေး COVID-19 ကူးစက်ပြန့်ပွားနေတဲ့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှာ Stay at Home ကြေညာမှုတွေ ရှိတယ်။ ကရင်ပြည်နယ်မှာကော COVID ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြားမှာ မဲဆွယ်စည်းရုံးလုပ်ဆောင်ရတာ ဘယ်လိုရှိပါသလဲ။

ဖြေ ကျွန်တော်တို့ ကရင်ပြည်နယ်ကတော့ အသွားအလာ ပိတ်ပင်တာမျိုးဘာညာတွေတော့ မရှိသေးဘူး။ အကယ်၍ အသွားအလာပိတ်ပင်တာတို့ ခုန Stay at Home တို့ ဖြစ်ပေါ်လာလို့ရင်တော့ သွားမရလာမရနဲ့ မဲဆွယ်စည်းရုံးရေးက ဘယ်လိုဆက်လုပ်မလဲလုပ်လို့ ဘယ်သွားရတော့မလဲ။ အဲဒီအခက်အခဲတော့ ရှိတာပေါ့။ အဲတော့ အဲဒီအပေါ်မှာ ဦးကိုကိုကြီးပါတီက ထောက်ပြသလို လိုအပ်ရင် ဒီရောဂါကိုဦးစားပေးရမယ်။ ရွေးကောက်ပွဲကတော့ ရွှေ့သင့်ရွှေ့ရမယ်ဆိုတာတော့ ကျွန်တော်တို့လည်း အဲဒါကိုနည်းနည်း သဘောတူတဲ့ အနေအထားမျိုးရှိပါတယ်။ အလုပ်မဖြစ်မဲ့ အတူတူတော့ ရွှေ့လိုက်တာ ပိုကောင်းတာပေ့ါ။

မေး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်တယ်လို့ ဘယ်လိုအချက်တွေနဲ့ ယူဆတာလဲ။

ဖြေ ဒါကရှင်းပါတယ်။ ဒီမဲဆွယ်စည်းရုံးတဲ့ အနေအထားကိုဘာမှ ကန့်သတ်ချုပ်ခြယ်မှု မရှိဘူးဆိုရင်တော့ ကျွန်တော်တို့ ရွှေ့ချင်စရာအကြောင်းမရှိဘူး။ ကန့်သတ်လိုက်တယ်ဆိုရင် ကျွန်တော်တို့က ရှစ်ရက်နေ့ကျမှပဲ ပြင်ဆင်မှုတွေ ဘာတွေလုပ်ရတဲ့အပိုင်းမှာ ကျွန်တော်တို့ ထဲထဲဝင်ဝင် ကြီးကြီးကျယ်ကျယ် မဲဆွယ်စည်းရုံးတဲ့ ကိစ္စကိုမလုပ်ရသေးဘူး။ မလုပ်ရသေးတဲ့အတွက် ကျွန်တော်တို့ကတော့ ရွှေ့လိုက်တာကောင်းတာပေါ့။ ဒီလိုအခက်အခဲတွေ အများကြီးရှိတယ်။ ပိုင်ပိုင်နိုင်နိုင်နဲ့ ထဲထဲဝင်ဝင် လုပ်ဖို့ဆိုရင်တော့ ကျွန်တော်တို့ကို အချိန်နည်းနည်းပေးဖို့ လိုတယ်။ နောက် ဒီကြားထဲမှာကခုနလို Stay at Home တို့ ဘယ်မှမသွားရဘူးဘာညာ ဖြစ်ပေါ်လာလို့ ဘယ်ကိုမှ သွားလို့မရဘူး။ အိမ်မှာပဲနေဆိုရင် ဘယ်လိုလုပ်မလဲ ဒီစည်းရုံးရေးက။ အဲဒါဆိုရင် ဒီရွေးကောက်ပွဲက အလကားပဲ ဖြစ်နေမှာပေါ့။ အဲဒါကြောင့်ပါ။

မေး ကရင်ပြည်နယ်အတွင်းမှာ KNDP ပါတီရဲ့ ပြိုင်ဘက်ကဘယ်ပါတီတွေလဲ။ KNDP အနေနဲ့ ဘယ်ပါတီကို အဓိကထားယှဉ်ပြိုင်ရမဲ့ အခြေအနေရှိလဲ။

ဖြေ ကျွန်တော့် တစ်ယောက်တည်း အမြင်ပေ့ါလေ။ ကျွန်တော်တို့ ကရင်ပါတီချင်းကတော့ မရှိတော့ဘူး။ ကရင်ပါတီ ဖလုံစဝေါ်ကတော့ရှိသေးတယ်။ သူ မဝင်တော့ဘူး။ အဲတော့ ကျွန်တော်တို့ ကရင်တစ်ပါတီတည်း ကျန်တယ်။ ကရင်တစ်ပါတီတည်း ကျန်တဲ့အခါကျတော့ အဓိက,က ဗမာပါတီကြီးတွေ ဖြစ်တဲ့ NLD နဲ့ USDP နှစ်ခုပဲရှိတာပေါ့။ အထူးသဖြင့် အဲနှစ်ခုမှာ ကျွန်တော်မြင်တာကတော့ NLD ပဲ ကျွန်တော်တို့ အဓိကထားပြီး ပြိုင်ရမဲ့သဘောမျိုး ဖြစ်နေသေးတယ်ပေါ့။

မေး KNDP ပါတီဥက္ကဋ္ဌ အန်ကယ့်အနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ အကြောင်းအရင်းသိပါရစေ။

ဖြေ ကျွန်တော် ၂၀၁၀ တုန်းက ဝင်ရွေးတယ်။ ရှုံးတယ်။ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီအနေနဲ့။ ၂၀၁၅ မှာ ထပ်ဝင်တယ်။ ရှုံးတယ်။ ဒါဆိုရင် ဘာဖြစ်လို့ ဒီလောက်ထိရှုံးရှုံးတာတောင် ထပ်ဝင်နေရသလဲဆိုတဲ့ မေးခွန်းက ပေါ်လာကောင်းပေါ်တယ်။ ကျွန်တော့် ဆန္ဒက ကျွန်တော် နေရာရဖို့၊ အာဏာရဖို့ ဘာညာဆိုတာထက်ကို ကျွန်တော် လုပ်နိုင်ကိုင်နိုင်တုန်း ကျန်းမာနေတုန်းမှာတစ်ထောင့် တစ်နေရာကနေပြီးတော့ ကျွန်တော့်တို့ တိုင်းရင်းသားတွေအတွက် အထူးသဖြင့် ကျွန်တော့် ကရင်တိုင်းရင်းသားတွေအတွက် လုပ်ပေးချင်တယ်။ ကျွန်တော် အခုနည်းနည်း ကျန်းမာသေးတယ်။ အခု ၇၀ ကျော်ပါပြီ။ ကျွန်တော် နည်းနည်းကျန်းမာနေသေးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ မသိမမြင် မကျွမ်းကျင်သေးတဲ့ဟာကို ကျွန်တော်က နည်းနည်းနောင်မျိုးဆက်ထု လူငယ်တွေအတွက် ပြသွားချင်တယ်။ အလွန်ဆုံး ဒီတစ်သုတ်ပဲပေါ့။ ကျွန်တော် မနိုင်ဘဲနဲ့ ရှုံးခဲ့တယ်။ ဆက်လက်ပြီးတော့ ဘာဖြစ်မလဲဆိုတာလည်း နိုင်မလား၊ ရှုံးမလားဆိုတာလည်း မသိဘူး။ ဒီလိုဖြစ်ရက်နဲ့ ဆက်ပြီးတော့ လုပ်တာက ပိုက်ဆံပေါလို့လည်း မဟုတ်ဘူး။ ခုနကလို မျိုး ချစ်စိတ်နဲ့ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ အခွင့်အရေးရရှိဖို့၊ တန်းတူညီမျှ ဖြစ်စေချင်လို့၊ ကျွန်တော်တို့ တိုင်းရင်းသားကရင်တွေကလည်း ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှာ လုပ်ပိုင်ခွင့်ရှိလာရင် အတိုင်းအတာတစ်ခုအထိ ဝိုင်းဝန်းပြီးတော့ ဖြေရှင်းနိုင်မလားပေါ့။ အဓိက,ကတော့ တန်းတူညီမျှ ဖြစ်ဖို့ရယ်၊ ငြိမ်းချမ်းရေးရယ်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အပြည့်အဝရရှိဖို့ ကျွန်တော် ကျန်းမာနေသရွေ့ ဆက်လုပ်ချင်လို့ ဝင်ရွေးခြင်း ဖြစ်ပါတယ်။

Most Read

Most Recent