လက်ရှိဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက်ပြည့်မီရန် ဒေါ်လာသန်း ၅၀၀ ခန့် လိုအပ်နေသော်လည်း MIC ၌ စိစစ်နေဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပမာဏ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိသဖြင့် လျာထားချက် ကျော်လွန်နိုင်ကြောင်း ပြောကြား

လက်ရှိဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားချက်ပြည့်မီရန် ဒေါ်လာသန်း ၅၀၀ ခန့် လိုအပ်နေသော်လည်း MIC ၌ စိစစ်နေဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပမာဏ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိသဖြင့် လျာထားချက် ကျော်လွန်နိုင်ကြောင်း ပြောကြား
Coca Cola ကုမ္ပဏီ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Coca Cola ကုမ္ပဏီ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 12 September 2020
နီလာ

လက်ရှိဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံအထိ ဝင်ရောက်ရန် လျာထားသတ်မှတ်ထားကြောင်း၊ အဆိုပါလျာထားချက် ပြည့်မီရန် ဒေါ်လာ သန်း ၅၀၀ ခန့် လိုအပ်နေသေးသော်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိသည့်လုပ်ငန်းများ စိစစ်နေဆဲဖြစ်သဖြင့် လျာထားချက်ကျော်လွန်နိုင်ကြောင်း MIC အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

“ လျာထားချက်ပြည့်မီဖို့ ဒေါ်လာ သန်း ၅၀၀ ကျန်နေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Pipeline ထဲမှာ ၁ ဒသမ ၃ ဘီလျံ ရှိနေပါတယ်” ဟု MIC အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄၃ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၃၉၄၄ ဒသမ ၃၈၀ သန်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၅၁၅၇ ဒသမ ၇၈၇ သန်း ဖြစ်သည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၀ ဒသမ ၂၇၇  သန်းဖြစ်သည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၃၁၈ ဒသမ ၀၆၄ သန်း ဝင်ရောက်ထားသည်။

၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည်။

ထို့ပြင် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ဘီလျံ ၂၂၀ ကျော် ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ-၂၀၂၅-၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီးဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုစီမံကိန်း၏ အခြေပြုကိစ္စရပ်အပေါ် အခြေခံ၍ တွက်ချက်ထားသည့် ရင်းနှီးမြှုပ်နှံမှု ဦးတည်ချက်များ (Investment Target) များမှာ ကာလတိုငါးနှစ်ဖြစ်သည့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိတွင် နှစ်စဉ် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ကာလလတ် ငါးနှစ်ဖြစ်သည့် ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ၊ ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀ -၂၀၃၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလျံ၊၂၀၃၁-၂၀၃၁ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံအထိ ရရှိရန် အသီးသီးခန့်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့်ပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် ကာလရှည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကာလရှည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကို ပြောင်းလဲလာသည့် အစိုးရ၏မူဝါဒအခြေအနေများနှင့် ကိုက်ညီစေရန်နှင့် လိုက်လျောညီထွေမှုရှိစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအဖြစ် MIC နှင့် JICA တို့ ပူးပေါင်းကာ အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ထပ်မံပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent