SNLD ပါတီက လားရှိုးမြို့နယ်နှင့်  နောင်ချိုမြို့နယ်တို့တွင် ပါတီဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး  ရှမ်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံမှုများစတင်

SNLD ပါတီက လားရှိုးမြို့နယ်နှင့်  နောင်ချိုမြို့နယ်တို့တွင် ပါတီဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ခဲ့ပြီး  ရှမ်းပြည်နယ်အတွင်း မဲဆွယ်စည်းရုံမှုများစတင်
(Photo : SNLD)
(Photo : SNLD)
Published 10 September 2020
ပြည့်ဖြိုးအောင်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ရှမ်းပြည်နယ် လားရှိုးမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့တွင် ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် မဲဆွယ်စည်းရုံမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၆၀ တွင် SNLD ပါတီက ပါတီဆိုင်းဘုတ်များ အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း SNLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ဗဟိုကော်မတီဝင် လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။

COVID-19 ကာလတွင် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီမံချက်များရေးဆွဲထားပြီး လက်ရှိအချိန်တွင်မူ အနုပညာရှင်များနှင့် ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်းနှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း စိုင်းဝမ်းလှိုင်းခမ်းက ပြောကြားည်။

“နောက် အစီအစဉ်တစ်ခုက Sticker Campaign ပေါ့။ ရွာကလူငယ်တွေနဲ့ စုပြီးတော့ အုပ်စုလိုက် သွားပြီးတော့ Sticker Campaign တွေ လုပ်မယ်။ ပြီးရင် မဲဘယ်လိုပေးပေါ့နော် မဲပေးတဲ့ပုံစံပါ တစ်ခါတည်းပညာပေးမှုတွေ လုပ်မယ်။ ပြီးရင် လက်ကမ်းကြော်ငြာ တွေ ဝေမယ်။ ပြီးရင် ညကျရင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေက ဟောပြောမှုတွေ လုပ်မှာပေါ့။ ဒီလိုဟောပြောတဲ့အခါမှာ လူ ၅၀ ထက် မကျော်ရ ဆိုတော့ ကျွန်တော်တို့ အုပ်စုတွေခွဲပြီး လုပ်ရမှာပေါ့။ ဥပမာ ရွာတစ်ရွာမှာ ရွာသား ၂၀၀ လောက်ရှိရင် ကျွန်တော်တို့ လေးနေရာလောက် လုပ်ရမှာပေါ့။ အခုက အစီအစဉ် ဆွဲထားတယ်” ဟု စိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြီးခဲ့သည့်လက နိုင်ငံရေးပါတီများ ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း စာထုတ်ခဲ့ပြီးနောက် SNLD ပါတီအနေဖြင့် လားရှိုးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၆၀ တွင် ပါတီဆိုင်းဘုတ် စိုက်ထူခြင်း လုပ်ငန်းများအား သြဂုတ်လအတွင်း၌ပင် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။

SNLD ပါတီအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင်လည်း ပါတီဆိုင်းဘုတ်အသစ် စိုက်ထူခြင်းနှင့် ပါတီဆိုင်းဘုတ် အဟောင်းများ လဲလှယ်ခြင်းကို စက်တင်ဘာ ၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ကြောင်း SNLD ပါတီ နောင်ချိုမြို့နယ် ပြည်သူ့ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးက ပြောကြားသည်။

“ကျွန်တော်တို့ ပါတီဆိုင်းဘုတ်တွေ တင်ပါတယ်။ ပါတီဆိုင်းဘုတ်အသစ် တင်တာတွေ ရှိတယ်။ အဟောင်းပြန်လဲတာ ရှိပါတယ်။ ဒီလှုပ်ရှားမှုတွေကို ကျွန်တော်တို့ ၉ ရက်နေ့ကတည်းက စပါတယ်။ ဒီနေ့ နှစ်ရက်မြောက်ပေါ့။ အခု ကျွန်တော်တို့ ပါတီဆိုင်းဘုတ်တွေ တင်ရင်းနဲ့ စည်းရုံးရေး လုပ်ငန်းတွေလည်း တစ်ခါတည်း လုပ်ဆောင်နေပါတယ်” ဟု ဦးအောင်ကျော်မိုးက ပြောကြားသည်။

SNLD ပါတီအနေဖြင့် နောင်ချိုမြို့နယ်တွင် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို နောင်ချိုမြို့နယ် SNLD ပါတီဥက္ကဋ္ဌကိုယ်တိုင် ဦးစီး၍ လုပ်ဆောင်နေပြီး ပါတီဆိုင်းဘုတ် အသစ်တင်ခြင်း၊ အဟောင်းလဲလှယ်ခြင်းနှင့် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများအား COVID-19 ရောဂါကြောင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

အထက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လူ ၅၀ ဦးထက် မပိုစေရန် သေချာစွာ ဆောင်ရွက်နေကြောင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ တက်ရောက်လာသူများအား Mask တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်များဖြင့် ဆေးစေခြင်းစသည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နေကြောင်း SNLD ပါတီ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်မိုးက ပြောကြားသည်။

ထို့အတူ တာချီလိတ်မြို့နယ်တွင် SNLD ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စက်ဘီးစီးအဖွဲ့များက တာချီလိတ်မြို့နယ်အတွင်း လှည့်လည်စီးနှင်းရန်အတွက် အကြိုလှုပ်ရှားမှုအဖြစ် စက်တင်ဘာ ၁၀ ရက်က SNLD ပါတီတံဆိပ်ပါ တူညီဝတ်စုံများ ဝတ်စုံ၍ စက်ဘီးစီးနှင်း ခဲ့ကြသည်။

အလားတူ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွင် SNLD ပါတီက ရွေးကောက်ပွဲအောင်နိုင်ရေး အိမ်တိုင်ရာရောက် မဲဆွယ်လုပ်ရှားမှုအဖြစ် စက်တင်ဘာ ၉ ရက်က Sticker Campaign လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် SNLD ပါတီဆိုင်းဘုတ်တင်ပွဲကို စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အနေဖြင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

 

Most Read

Most Recent