ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် ဘိုလော့ဂ်နာနည်းပြ မီဟိုင်းလိုဗစ်ချ်က မိမိ၏ကင်ဆာရောဂါအတွက် အသုံးပြုခဲ့ရသည့် ဓာတ်ကင်ကုထုံးများနှင့် နှိုင်းယှဉ်လျှင် COVID-19 ရောဂါမှာ ပမွှားသာ ဖြစ်သည်ဟု Gazetta dello Sport သို့ ပြောကြားခဲ့သည်။
မီဟိုင်းလိုဗစ်ချ်သည် သွေးကင်ဆာရောဂါကို ခံစားနေခဲ့ရကြောင်း ၂၀၁၉ ဇူလိုင်လတွင် သိရှိခဲ့သူဖြစ်ပြီး ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုကို ခံယူခဲ့ရသလို၊ ဓာတ်ကင်ကုထုံးများဖြင့်လည်း ကုသခဲ့ရသူဖြစ်သည်။ သို့ဖြစ်ရာ ၎င်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရချိန်ကတည်းက ပြင်းထန်သည့်ရောဂါအခံကြောင့် အန္တရာယ်ရှိသည့် High Risk အုပ်စုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၎င်းအတွက် ဘောလုံးအသိုင်းအဝိုင်းက စိုးရိမ်ပူပန်ခဲ့ကြသည်။
ယခုအခါ မီဟိုင်းလိုဗစ်ချ်သည် ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့သည့်အင်္ဂါနေ့က ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်သို့ တက်ရောက် ကြီးကြပ်နိုင်ခဲ့သည်။ မီဟိုင်းလိုဗစ်ချ်က ''ပြီးခဲ့တဲ့နှစ်၊ ဇူလိုင် ကနေ ဇန်နဝါရီလောက်အထိ နေ့စဉ်နေ့တိုင်း သွေးကင်ဆာနဲ့ နပန်းလုံးနေရတာတွေ၊ ဆေးရုံကို ဝင်လိုက်ထွက်လိုက်နဲ့ ဓာတ်ကင်ကုထုံးခံယူရတာတွေ၊ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ခံယူခဲ့ရတာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် COVID ဆိုတာ ကျွန်တော့်အတွက် ပမွှားဖြစ်သွားတယ်၊ ကျွန်တော်က ရောဂါလက္ခဏာမပြတဲ့ အုပ်စုဝင်ပါ။ တကယ်လို့ ကျွန်တော်သာ ရောဂါစစ်ဆေးမှုမခံယူခဲ့ဘူးဆိုရင် ဗိုင်းရပ်စ်ကူးခံရတာတောင် သိမှာမဟုတ်ဘူး။ အခုပြောနေတာတွေက ကျွန်တော် မဖျားခဲ့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်က မသေစေနိုင်ပါဘူးဆိုပြီး ပြက်ရယ်ပြုနေတဲ့သူတွေက အရှိတရားကို လျစ်လျူရှုနေတာဖြစ်ပြီး ဒီရောဂါကြောင့် သေဆုံးသွားသူတွေ၊ ချစ်တဲ့သူကို ဆုံးရှုံးလိုက်ရတဲ့သူတွေကို မလေးမစားလုပ်နေတာပါပဲ''ဟု ပြောကြားခဲ့သည်။
ထို့ပြင် မီဟိုင်းလိုဗစ်ချ်က ဆာဒင်းနီးယားကျွန်းသို့ ခရီးမထွက်သင့်ဘဲ ထွက်ခဲ့သဖြင့် ရောဂါကူးခံရကြခြင်းဖြစ်ကြောင်း ဝေဖန်မှုများကိုလည်း တုံ့ပြန်ခဲ့သည်။ ၎င်းက ''အဲဒီမှာ ကျွန်တော့်အိမ်ရှိတာ နှစ်(၂၀) ရှိပြီ။ ရာသီကုန်တိုင်းမှာ ကျွန်တော် အဲဒီကို သွားတယ်။ ကျွန်တော် သွားတဲ့အချိန် အဲဒီမှာ ကူးစက်ခံရသူမရှိသေးပါဘူး။ လုပ်ဆောင်ရမယ့် သတိပေးချက်တွေ အားလုံးကိုလည်း ကျွန်တော် လုပ်ခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ရဲ့ကူးစက်မှုကို ဘယ်အချိန်၊ ဘယ်နေရာမှာ ခံရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။















