စစ်ကိုင်းတိုင်းဒေသကြီး၌ ရှမ်းတိုင်းရင်းသားဝန်ကြီးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်သူ ခုနစ်ဦးအထိရှိဟု သိရ

စစ်ကိုင်းတိုင်းဒေသကြီး၌ ရှမ်းတိုင်းရင်းသားဝန်ကြီးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်သူ ခုနစ်ဦးအထိရှိဟု သိရ
Published 9 September 2020
ကောင်းခန့်လင်း (မုံရွာ)

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ရှမ်းတိုင်းရင်းသားဝန်ကြီးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည့်သူ ခုနစ်ဦး အထိရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ရှမ်းတိုင်းရင်းသားဝန်ကြီးနေရာအတွက် မဲဆန္ဒနယ် တစ်နေရာရှိပြီး နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး စုစုပေါင်း ခုနစ်ဦးအထိရှိခဲ့ကြောင်း ဆက်လက်သိရသည်။

ယင်းနေရာကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၌ ချင်းတိုင်းရင်းသားဝန်ကြီးနေရာတွင် ဝင် ရောက်ယှဉ်ပြိုင်မည့်သူ ၁၁ ဦးအထိရှိခဲ့ ကြောင်း ချင်းတိုင်းရင်းသားဝန်ကြီးနေရာအတွက် မဲဆန္ဒနယ် တစ်နေရာရှိပြီး နိုင်ငံရေး ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်း လေးဦး စုစုပေါင်း ၁၁ ဦးအထိရှိခဲ့ ကြောင်း ဆက်လက်သိရသည်။

ချင်းတိုင်းရင်းသားဝန်ကြီးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ညီညွတ်သောဒီမို ကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက် တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း လေးဦးတို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ မြို့နယ်များအားလုံး ကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီ လေးခုအထိရှိကြောင်း သိရသည်။

 

Most Read

Most Recent