UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 8 September 2020

■ အာမေးနီးယား နှင့် အက်စ်တိုးနီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ည ၁ဝး၃၀ နာရီ)

၂၀၁၉ အတွင်းကစားခဲ့တဲ့ (၆)ပွဲထဲမှာ ဘော့စနီးယားလို အသင်းမျိုးကို (၄-၂) ဂိုးနဲ့ အံ့အားသင့်ဖွယ် အနိုင်ကစားခဲ့တာကလွဲရင် အာမေးနီးယားက နိုင်ပွဲမရှိခဲ့ဘူး။ ၂၀၂၀ အတွက် ပထမဆုံးကစားခဲ့တဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာလည်း မက်ဆီဒိုးနီးယားလိုအသင်းမျိုးကို ရှုံးခဲ့တယ်။ မစ်ခီတာရီယန်နဲ့ အတူရှိခဲ့တဲ့နှစ်တွေမှာ အာမေးနီးယား အတိုင်းအတာတစ်ခုအထိ မာကျောခဲ့ပေမယ့် အခုအချိန်မှာတော့ တော်တော်လေး အင်အားနည်းသွားပါပြီ။ အက်စ်တိုးနီးယားကလည်း အာမေးနီးယားနဲ့ ခြေမကွာသလို၊ ရှုံးပွဲဆက်နေတဲ့အသင်းပါ။ တစ်သင်းနဲ့တစ်သင်း နိုင်ဖို့လည်းခက်တယ်။ ဂိုးတွေလည်း နည်းလိမ့်မယ်။ သရေကျမယ်။

■ ဂျော်ဂျီယာ နှင့် မက်ဆီဒိုးနီးယား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၀ ရက် ည ၁ဝး၃၀ နာရီ)

ဒီနှစ်သင်းက ခြေသိပ်မကွာတဲ့အသင်းတွေပါ။ ဂျော်ဂျီယာက အောက်အသင်းတွေထဲမှာ မာကျောတဲ့အသင်းဖြစ်ပြီး နောက်ပိုင်းပွဲရလဒ်တွေကို ကြည့်ရင်လည်း အသင်းကြီးတွေကိုတောင် ဂိုးပြတ်မရှုံးအောင် ခံကစားနိုင်ခဲ့တာတွေ့ရတယ်။ မက်ဆီဒိုးနီးယားကတော့ နောက်ဆုံးနှစ်ပွဲမှာ အစ္စရေးနဲ့ အာမေးနီးယားတို့ကို အနိုင်ကစားခဲ့ပြီး လက်ရှိခြေစွမ်းပိုင်းအရလည်း မဆိုးပါဘူး။ မက်ဆီဒိုးနီးယား သရေနဲ့အနိုင်ပါပဲ။

■ ပြင်သစ် နှင့် ခရိုအေးရှား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၉ ရက် နံနက် ၁း၁၅ နာရီ)

ပေါ်တူဂီနဲ့ပွဲမှာ ခရိုအေးရှားရဲ့ခြေစွမ်းက တော်တော်လေး ဆိုးရွားခဲ့တယ်။ ပါရှာလစ်၊ ကိုဗာချစ်တို့ရဲ့ ကွင်းလယ်က ပေါ်တူဂီကို ယှဉ်မကစားနိုင်ခဲ့သလို၊ ဗီဒါ၊ လိုဗရန်တို့လို ခံစစ်ကစားသမားတွေကြောင့် ပေါ်တူဂီက စိတ်ကြိုက်ကစားပြီး ဂိုးကန်သွင်းခွင့်ပေါင်းများစွာနဲ့ စိတ်တိုင်းကျ အနိုင်ယူသွားခဲ့တယ်။ ဒီပွဲက ခရိုအေးရှားအတွက် နောက်ထပ်စိတ်ပျက်စရာပွဲတစ်ပွဲ ဖြစ်လာနိုင်ပြီး ပြင်သစ်ကလည်း ကွင်းလယ်မာကျောတဲ့အသင်းမျိုးဖြစ်တယ်။ ဒါပေမဲ့ တောင်ပံတိုက်စစ်ပိုင်းက အားနည်းပြီး ခရိုအေး ရှားအတွက် ပေါ်တူဂီလောက်တော့ ကစားရခက်မယ်မထင်ဘူး။ ပြင်သစ် (၂-၁) လောက်ပဲ ဖြစ်မယ်။

■ ဒိန်းမတ် နှင့် အင်္ဂလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၉ ရက် နံနက် ၁း၁၅ နာရီ)

အိုက်စလန်နဲ့ ပွဲမှာ ကစားခဲ့တဲ့ အင်္ဂလန်ရဲ့ခြေစွမ်းကတော့ အားရစရာမရှိဘူး။ ပွဲကို စိုးမိုးထားနိုင်ပေမယ့် တိုက်စစ်ပိုင်းက အချိတ်အဆက်မဲ့နေပြီး ထိရောက်မှု ကင်းမဲ့တာမျိုးကို မြင်ရတယ်။ အင်္ဂလန်အသင်းရဲ့ ကွင်းလယ်မှာ ဖိုဒန်-ဒက်ကလန်ရိုက်-ဝက်ဒ်ပရောက်တို့လို လူငယ်တွေကစားခဲ့တယ်။ ကစားအားကောင်းပေမယ့် အတွေ့အကြုံနည်းပြီး Creativity ကင်းမဲ့နေသလိုဖြစ်ခဲ့တယ်။ ဒိန်းမတ်ကွင်းလယ်က အိုက်စလန်ထက်အများကြီး ပိုမာကျောတယ်။ ဘယ်လ်ဂျီယံကို ရှုံးခဲ့တယ်ဆိုပေမယ့် ဘယ်လ်ဂျီယံကွင်းလယ်ကို ယှဉ်ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း အပြန်အလှန်ဖန်တီးနိုင်ခဲ့တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံမှာ ဟာဇက်၊ ဒီဘရိုင်းနားတို့လို ကစားသမားတွေ မပါခဲ့တာလည်း ပါတယ်။ အင်္ဂလန်က တစ်ဦးချင်းအမြန်နှုန်း မြင့်သလောက် အသင်းလိုက်ကစားဟန်နှေးပြီး၊ ဆုံးဖြတ်ချက်တွေ ကြာနေတယ်။ စတာလင်၊ ဆန်ချိုတို့လိုကစားသမားတွေ စိတ်ကြိုက်ကစားခွင့်ရအောင် ကွင်းလယ်က လုပ်ပေးနိုင်ရင် ဒိန်းမတ် အခက်အခဲတွေ့လိမ့်မယ်။ ဒါပေမဲ့ အိုက်စလန်နဲ့ ပွဲကပုံစံမျိုးနဲ့ဆိုရင်တော့ ဒီလိုကစားနိုင်ဖို့ မလွယ်ပါဘူး။ နှစ်သင်းစလုံးအတွက် အရေးပါပေမယ့် ဒိန်းမတ်ကတော့ အဖွင့်ပွဲရှုံးထားလို့ အခြေအနေ ပိုဆိုးနေတယ်။ ဒါပေမဲ့ အင်္ဂလန် ဒီပွဲလည်း ကပ်နိုင်ဦးမယ်ထင်တယ်။

■ ဘယ်လ်ဂျီယံ နှင့် အိုက်စလန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၉ ရက် နံနက် ၁း၁၅ နာရီ)

အိုက်စလန်အသင်းက အင်္ဂလန်နဲ့ပွဲတုန်းက ကြံ့ခိုင်မှု အားပြုပြီး မာမာကျောကျောကစားသွားတယ်။ အင်္ဂလန်ကွင်းလယ်ရဲ့အတွေ့အကြုံအားနည်းမှုကြောင့် အိုက်စလန်က ကွင်းလယ်ကို အကျပ်ကစားတဲ့အခါ ဖန်တီးနိုင်စွမ်း မဲ့သွားတာမျိုးကို တွေ့ရတယ်။ ဘယ်လ်ဂျီယံကတော့ ဘယ်အချိန်ကစားကစား၊ ဘယ်အတွဲအဖက်နဲ့ ကစားကစား ခြေစွမ်းပျက်မသွားသလို၊ တိုက်စစ်လည်း ကျမသွားဘူး။ ဒိန်းမတ်လို အင်အားတောင့်တဲ့ အသင်းတစ်သင်းကိုလည်း လူမစုံဘဲ အလွယ်တကူအနိုင်ယူခဲ့တာ တွေ့ရတယ်။ ဒီပွဲက ဘယ်လ်ဂျီယံအတွက် နောက်ထပ်လွယ်ကူတဲ့ ပွဲတစ်ပွဲပါ။ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

■ ဆွီဒင် နှင့် ပေါ်တူဂီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၉ ရက် နံနက် ၁း၁၅ နာရီ)

ပေါ်တူဂီက ခရိုအေးရှားနဲ့ ပွဲမှာ စီရော်နယ်လ်ဒိုမကစားခဲ့ပေမယ့် တိုက်စစ်ပိုင်းကစားသမား (၃)ဦးဖြစ်တဲ့ ယိုတာ-ယာအိုဖီးလစ်-ဘာနာဒိုဆေးလ်ဗားတို့က စိတ်တိုင်းကျမွှေနှောက်ပြီး တကယ် ့Liquid Football ကို ကစားသွားတယ်။ ကွင်းလယ်မှာလည်း ဘရူနိုဖာနန်ဒက်စ်က ခြေစွမ်းပြခဲ့တယ်။ ခရိုအေးရှားလိုအသင်းတစ်သင်းကို ဂိုးပြတ်သွင်းဖို့ဆိုတာထက် ဂိုးသွင်းခွင့် အကြိမ် (၃၀)နီးပါးလောက်ရခဲ့တာ Out of this world ပါပဲ။ ဆွီဒင်လည်း ကစားတာမညံ့ပါဘူး။ အိမ်ကွင်းမှာကစားရမှာဖြစ်လို့ ပရိသတ်မပါတဲ့တိုင် အားသာချက်ရှိပါတယ်။ ဒါပေမဲ့ ပေါ်တူဂီကစားတာကို ပိုကြိုက်တယ်။

■ လူဇင်ဘတ် နှင့် မွန်တီနီဂရိုး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၉ ရက် နံနက် ၁း၁၅ နာရီ)

မွန်တီနီဂရိုးက နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၂)ပွဲမှာ ဘီ လာရုစ်နဲ့ ဆိုက်ပရပ်စ်တို့ကို အနိုင်ကစားခဲ့ပြီး Clean Sheets တွေလည်း ယူနိုင်ခဲ့တယ်။ ယိုဗီတစ်၊ ဆာဗစ်၊ မာရူရှစ်တို့လို ကစားသမားကောင်းတွေလည်း ရှိတယ်။ လူဇင်ရှတ်ကလည်း နောက်ဆုံးပွဲမှာ မာကျောတဲ့ အဇာဘိုင်ဂျန်ကိုအနိုင်ရခဲ့လို့ ချီးကျူးရမယ်။ ဒါပေမဲ့ မွန်တီနီဂရိုးကို ယှဉ်ကစားနိုင်မယ်မထင်ဘူး။ မွန်တီနီဂရိုးကို ကြိုက်တယ်။

■ ဆိုက်ပရပ်စ် နှင့် အဇာဘိုင်ဂျန် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၉ ရက် နံနက် ၁း၁၅ နာရီ)

ဆိုက်ပရပ်စ်ရော၊ အဇာဘိုင်ဂျန်ပါ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲကိုယ်စီရခဲ့တယ်။ အရင်က ခြေကွာတဲ့အသင်းတွေဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ကွာဟချက်မရှိတော့ပါဘူး။ အဇာဘိုင်ဂျန်က အသင်းငယ်တွေအချင်းချင်း ဆုံတွေ့တဲ့ပွဲတွေမှာ ခံစစ်ကောင်းပြီး ဒီပွဲလည်း သရေကစားနိုင်တယ်။

■ ဆန်မာရီနို နှင့် လက်ချင်စတိန်း (မြန်မာစံတော်ချိန် စက်တင်ဘာလ ၉ ရက် နံနက် ၁း၁၅ နာရီ)

ဆန်မာရီနိုက ဥရောပရဲ့အောက်ဆုံးက အညံ့ဆုံးအသင်းဖြစ်ပြီး ဂိုးတစ်ဂိုးရဖို့တောင် မနည်းကစားနေရတဲ့အသင်းမျိုးပါပဲ။ နောက်ပိုင်းနှစ်တွေမှာ အသင်းငယ်တွေနဲ့ နည်းနည်းလေး အကြိတ်အနယ်ဖြစ်လာပေမယ့် ရှုံးနေဆဲဖြစ်ပြီး ဒီပွဲလည်း လက်ချင်စတိန်းပဲ နိုင်လိမ့်မယ်။

Most Read

Most Recent