COVID-19ရောဂါပိုးကူးစက်ခံရမှု ပြန်လည်မြင့်တက်လာချိန်တွင် Quarantine ထားရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ၏ ဘောလုံးအကယ်ဒမီ (ရန်ကုန်) နှင့် ဧရာဝတီဘဏ်၏ သင်တန်းကျောင်းတို့အား Quarantine Centre အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပြည်တွင်း၌ COVID-19 ရောဂါပိုးကူးစက်ခံရမှုနှုန်း ပြန်လည်မြင့်တက်နေပြီး သံသယဖြစ်ဖွယ် စောင့်ကြည့်လူနာထားရှိရန်နေရာများ လိုအပ်လျက်ရှိသည်။

ထို့ကြောင့် Quarantine ထားရှိရာတွင် နေရာအခက်အခဲဖြစ်ပေါ်လာဖွယ်ရှိသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Quarantine Centre များအဖြစ် အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘောလုံးအကယ်ဒမီ (ရန်ကုန်) ကိုသာမက ဧရာဝတီဘဏ်၏သင်တန်းကျောင်းကိုပါ အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့်မတ်လတွင် COVID-19 ရောဂါ စတင်တွေ့ရှိစဉ်ကလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသားအကယ်ဒမီ (ရန်ကုန်)နှင့် လက်ရွေးစင် ကစားသမားအဆောင်များအား Quarantine Centre အဖြစ် အသုံးပြုနိုင်ရန် ကူညီပေးခဲ့ဖူးသည်။

''အဓိကကတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအဆင်ပြေဖို့အတွက်ပါပဲ။ COVID-19ရောဂါပိုး ကူးစက်ခံထားရတဲ့သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ပြီး သက်ဆိုင်ရာဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်းတွေဟာ လက်ရှိအချိန်မှာ နေရေးထိုင်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီတာပါ။ ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ သူတို့ရဲ့နေရေး၊ ထိုင်ရေး၊ စားသောက်ရေး ကိစ္စအဝဝကို တာဝန်ယူပေးသွားမှာဖြစ်ပါတယ်''ဟု ဧရာဝတီဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက Eleven Sports သို့ ပြောကြားသည်။
လက်ရှိအချိန်တွင် ဧရာဝတီဘဏ်သင်တန်းကျောင်း၌ ၇၉ ဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘောလုံးအကယ်ဒမီ (ရန်ကုန်) ၌ ၃၀ ဦး၊ စုစုပေါင်း ၁၀၉ ဦးကို Quarantine ထားရှိပေးထားကြောင်းသိရသည်။ ထို့ပြင် Quarantine ထားရှိသူများအတွက် ကိစ္စအဝဝကိုလည်း ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူသွားမည်ဖြစ်ကြောင်းသိရသည်။















