ချယ်လ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်ဟု အနယ်လ်ကာ သုံးသပ်

ချယ်လ်ဆီး ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်ဟု အနယ်လ်ကာ သုံးသပ်
Published 7 September 2020

ချယ်လ်ဆီးအသင်း၏တိုက်စစ်မှူးဟောင်း အနယ်လ်ကာက ၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်နိုင်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အနယ်လ်ကာက ချယ်လ်ဆီးအသင်းအနေဖြင့် ယခုနွေရာသီတွင် အရည်အသွေးမြင့်ကစားသမားများကို ခေါ်ယူအားဖြည့်နိုင်ခဲ့သည့်အတွက် ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အနယ်လ်ကာက ''ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်တဲ့ အလားအလာကောင်း ရှိနေပါတယ်။ ဒီအတွက်လည်း လိုအပ်တာတွေ ရှိနိုင်သေးပေမယ့် လမ်းပတ်က လိမ္မာပါးနပ်သူပါ။ ဘာတွေလိုလဲဆိုတာ သူ သိမှာပါ။ ပြီးခဲ့တဲ့ရာသီက အဆင့်(၄)နေရာရခဲ့ပြီး အခု ကစားသမားသစ်တွေ အားဖြည့်နိုင်ခဲ့တာကြောင့် ချန်ပီယံဆုရယူနိုင်စွမ်းရှိတဲ့အသင်းကို ပိုင်ဆိုင်သွားပါပြီ။ ထိပ်တန်းခြေစွမ်းနဲ့ ချယ်လ်ဆီးကို မြင်တွေ့ရမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်ရာသီတွင် ထိပ်ဆုံး(၃)သင်းစာရင်း သေချာပေါက်ဝင်မည်ဟုလည်း အနယ်လ်ကာက ယုံကြည်ကြောင်း ဖွင့်ဟခဲ့သည်။

ချယ်လ်ဆီးအသင်းသည် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ဗာနာ၊ ဟာဗက်ဇ်၊ ဇီယာ့ရှ်၊ သီယာဂိုဆေးလ်ဗား၊ ဘင်ချီဝဲလ်၊ မာလန်ဆားစသည့်ကစားသမားများကို ခေါ်ယူခဲ့ပြီး အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ထားသည့်အသင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် စက်တင်ဘာ(၁၄)ရက်တွင် ဘရို်က်တန်အသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent