မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးနှင့် ပြန်ပြည့်မြဲစွမ်းအင် အပါအဝင် အခြားစွမ်းအင် အရင်းအမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆွေးနွေး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးနှင့် ပြန်ပြည့်မြဲစွမ်းအင် အပါအဝင် အခြားစွမ်းအင် အရင်းအမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆွေးနွေး
တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေးကို တွေ့ရစဉ် (Phot- MOEE)
တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေးကို တွေ့ရစဉ် (Phot- MOEE)
Published 5 September 2020
နီလာ

 

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားကုန်သွယ်ရေးနှင့် ပြန်ပြည့်မြဲစွမ်းအင် အပါအဝင် အခြားစွမ်းအင်အရင်းအမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ဆွေးနွေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန MOEE မှ သိရသည်။

တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ဦးဆောင်ကော်မတီအစည်းအဝေး (3rd Myanmar- India Joint Steering Committee on Electricity and Energy Cooperation) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်က အိန္ဒိယနိုင်ငံ Ministry of Power နှင့် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား  Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ Ministry of Power ၊ အတွင်းဝန် Shri Sanjiv Nandan Sahai နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်တို့ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ရွက်နိုင်မည့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးကိစ္စရပ်များ၊ ပြန်ပြည့်မြဲစွမ်းအင်အပါအဝင် အခြားစွမ်းအင်အရင်းအမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်အကျိုးရှိထိရောက်စွာအသုံးချရေးနယ်ပယ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား  ၁၁၆၆ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးဓာတ်အားပေးစက်ရုံမှ  ၆၆ မဂ္ဂါဝပ်၊ အလုံဓာတ်အားပေးစက်ရုံမှ မဂ္ဂါဝပ် ၁၀၀ နှင့် ကျွန်းချောင်းဓာတ်အားပေးစက်ရုံမှ ၁၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီး ကျန်စက်ရုံများကို စက်တင်ဘာတွင် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

“၂၀၂၀ ပြည့်နှစ်မှာ ၁၁၆၆  မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေး ၆၆ မဂ္ဂါဝပ်၊ အလုံ ၁၀၀ မဂ္ဂါဝပ်၊ ကျွန်းချောင်း ၁၅ မဂ္ဂါဝပ် ဓာတ်အားများ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပြီး ကျန်စက်ရုံများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင်ပြီးစီးနိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် လျှပ်စစ်လိုအပ်ချက်အတွက် မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတ စသည့် ဓာတ်အားပေးစက်ရုံစီမံကိန်း ခုနစ်ခုမှ လျှပ်စစ်ဓာတ်အား ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် လျှပ်စစ်စွမ်းအင်အရင်းအမြစ်ပါဝင်မှုအချိုးအစားနှင့် ဓာတ်အားသုံးစွဲမှု စုစုပေါင်း တပ်ဆင်အင်အား ၆၀၃၄ မဂ္ဂါဝပ်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ရေအားလျှပ်စစ်ဖြင့် ၃၂၆၂ မဂ္ဂါဝပ် (၅၄ ရာခိုင်နှုန်း)၊ သဘာဝဓာတ်ငွေ့ဖြင့် ၂၄၉၆ မဂ္ဂါဝပ် (၄၁ ရာခိုင်နှုန်း)၊ ကျောက်မီးသွေးဖြင့် မဂ္ဂါဝပ် ၁၂၀ (နှစ်ရာခိုင်နှုန်း၊ ဒီဇယ်ဖြင့် ၁၁၆ မဂ္ဂါဝပ် (နှစ်ရာခိုင်နှုန်း) နှင့် နေရောင်ခြည်ဖြင့် မဂ္ဂါဝပ် ၄၀ (တစ်ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသုံးရုံမှ ၄၅ ဒသမ ၆ မဂ္ဂါဝပ်၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံရှစ်ရုံမှ ၉၂၇ မဂ္ဂါဝပ်၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတစ်ရုံမှ မဂ္ဂါဝပ် ၄၀ စုစုပေါင်း ဓာတ်အားပေးစက်ရုံ ၁၂ ရုံမှ ၁၀၁၂  ဒသမ ၆ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဧပြီ အထိ ယူနစ်သန်းပေါင်း ၈၀၃၄၅ ဒသမ ၆၄၅ ယူနစ်ကို ရောင်းချနိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent