အပြန်အလှန်ထိန်းကျောင်းမှုနှင့် ကယားပြည်နယ်လွှတ်တော်

အပြန်အလှန်ထိန်းကျောင်းမှုနှင့် ကယားပြည်နယ်လွှတ်တော်
Published 4 September 2020

နိုင်ငံအသီးသီးတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများက အစိုးရအဖွဲ့ကို ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်ဟူ၍ မဏ္ဍိုင်သုံးရပ် ပိုင်းခြားထားစေသည်။ အပြန်အလှန်ထိန်းကျောင်းမှု (Checks and Balances) ဟု ခေါ်သော သဘောတရားတစ်ရပ်အရ ယင်းမဏ္ဍိုင်များအား သီးခြားစီ ကန့်သတ်ထားသည့် အာဏာများကို ပေးထားခြင်းသည် အလွန်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှု သဘောတရား၏ အဓိကအချက်မှာ မည်သည့်မဏ္ဍိုင်ကမျှ အလွန်များပြားသည့် အာဏာကို ထိန်းချုပ်ထားခြင်း မရှိနိုင်စေရေး သေချာစေရန်နှင့် သီးခြားအာဏာ ကန့်သတ်ပိုင်းခြားထားမှုကို ဖန်တီးထားရန်ဖြစ်သည်။ ဒီမိုကရေစီတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်​ အပြန်အလှန် ထိန်း​​ကျောင်းမှုတို့သည် စံနှုန်းများအဖြစ် ရှိနေသည်။ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံတော်သည် လူပုဂ္ဂိုလ်အပေါ် မူတည်မှုမရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေသည်သာ နိုင်ငံ၏အမြင့်ဆုံး ခေါင်းဆောင်ထက်ပို၍ အရှိန်အဝါကြီး ရမည်ဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှု သဘောတရားသည် ဒီမိုကရေစီ၏အချက်အချာဖြစ်ရာ ယင်းသဘောတရား ပျောက်ဆုံးခြင်းသည် ဒီမိုကရေစီဆိတ်သုဉ်းခြင်း ဖြစ်သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား  ကယားပြည်နယ်လွှတ်တော်တွင် စွပ်စွဲပြစ်တင်ပြီးနောက် နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲကြောင်း ထုတ်ပြန်ခဲ့ခြင်းသည် အပြန်အလှန်ထိန်းကျောင်းမှု သဘော၏ စံနမူနာကောင်းတစ်ရပ်ဖြစ်သည်။ ယင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ရန် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက တိုင်ကြားထားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက စက်တင်ဘာ ၁ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတွင် "ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ကယားပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို နိုင်ငံတော်ပိုင်စာရင်းမှ ဖျောက်ဖျက်ကာ မိမိတစ်ဦးတည်းအကျိုးစီးပွားအတွက် သီးခြားရန်ပုံငွေ ဖွင့်လှစ်သုံးစွဲခြင်း၊ နိုင်ငံတော်မှ ချမှတ်ထားသော ဘတ်ဂျက်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်မှု မရှိခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ (က) (၅) ပါ ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း၊ ကယားပြည်နယ်လွှတ်တော်မှ အတည်ပြုပြီး အဆိုဖြစ်သော နှစ်စဉ် ကယားပြည်နယ်နေ့ ကျင်းပရာမြေနေရာအား ကယားပြည်နယ်နေ့ ကျင်းပရေးအတွက် အများပြည်သူပိုင်မြေနေရာအဖြစ် ထားရှိရေး တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်၍ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်မှုမရှိခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၄၂ (က) ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် လွှတ်တော်က အခါအားလျော်စွာ ချမှတ်ထားသည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်၊ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို လွှတ်တော်သို့ ပြန်လည် အစီရင်ခံရမည်ဟူသော ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်မှုမရှိခြင်းဟူသော စွဲချက်များဖြင့် တင်ပြလာသဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ်အား စွပ်စွဲပြစ်တင်ခြင်းနှင့်စပ် လျဉ်းသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သက်သေများ၊ သက်ဆိုင်ရာအချက်အလက်၊ အထောက်အထားများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးတွေ့ရှိချက်များအရ ကယားပြည်နယ် ဝန်ကြီးချုပ်အနေဖြင့် တာဝန်ထမ်းဆောင်နေသော ဦးအယ်လ်ဖောင်းရှိုသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ခြုံငုံသုံးသပ်ပါသည်” ဟု ဖော်ပြခဲ့သည်။

သို့သော် ကယားဝန်ကြီးချုပ်အား ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခြင်းဖြစ်စဉ်တွင် ပြည်နယ်လွှတ်တော်ဥက္ကဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်မှန်ကန်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဟုရှုမြင်သုံးသပ်ကြောင်း လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်ခဲ့သည်။ NLD ပါတီ၏ထုတ်ပြန်ချက်တွင် အချက်ခြောက်ချက်ဖြင့် ဖော်ပြထားပြီး ဖြစ်စဉ်တွင် လွှတ်တော်ဥက္ကဌသည် လာမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း လျာထားရာတွင် ပါဝင်ခဲ့ခြင်းမရှိသဖြင့် အလားတူ မပါဝင်သည့် အဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့်သော်လည်းကောင်း၊ အခြားအစုအဖွဲ့ဝင် ကိုယ်စားလှယ်များ၏ အင်အားကိုရယူပြီး အဖွဲ့ချုပ်၏ နိုင်ငံရေးပုံရိပ်ကို ထိခိုက်စေမည့် အချိန်ကိုက်ဆောင်ရွက်မှုဖြစ်ရာ လွှတ်တော်ဥက္ကဌသည် ဥပဒေနှင့်အညီ လျော်ကန်သင့်မြတ်စွာ ဆောင်ရွက်ခြင်းမပြုဘဲ ပုဂ္ဂိုလ်ရေးအာဃာတဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ရှုမြင်သုံးသပ်ကြောင်း NLD ကြေညာချက်တွင် ဖော်ပြထားသည်။ အမှန်တကယ်၌ အာဏာရပါတီအနေဖြင့် ဒီမိုကရေစီစနစ်၏ အပြန်အလှန်ထိန်းကျောင်းမှု သဘောတရားကို ယင်းကဲ့သို့ ဝင်ရောက်စွက်ဖက်ခြင်းမှာ လျော်ကန်မှုမရှိပေ။ ဦးအယ်လ်ဖောင်းရှိုအပေါ် စွပ်စွဲထားမှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကသာ ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သည်။

မည်သို့ပင်ဆိုစေ၊ ကယားပြည်နယ်ဖြစ်စဉ်က ပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲ၌ အနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ရုံဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို အပိုင်ကိုင်လျက် ထင်တိုင်းကြဲနိုင် ခြင်းမရှိစေဘဲ ဒီမိုကရေစီစနစ်၏ အပြန်အလှန်ထိန်းကျောင်းမှုသဘောတရား ပီပြင်စေရန်အတွက် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်တွင် အမှန်တကယ် ထိန်းကျောင်းနိုင်မည့် အတိုက်အခံအင်အားစုတစ်ရပ် အခိုင်အမာရှိရန် လိုအပ်သည်ကို သင်ခန်းစာကောင်းပေးခဲ့ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ ( စက်တင်ဘာ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent